Latest News

Tuesday, February 28, 2017

“ပျော်ရွှင်ခြင်းလျှို့ဝှက်ချက်”

“ပျော်ရွှင်ခြင်းလျှို့ဝှက်ချက်”

ဒီမေးခွန်းကတော့ ဆရာစိုး (ဒေါက်တာစိုးလွင်)ဆီ နာမည်တပ်ပြီးကို ရောက်လာတာပါ။ လူတွေဟာ အများအားဖြင့် အလုပ်များလာရင် စိတ်တိုလာတတ်တယ်၊ ဆရာကတော့ စာလည်းသင်၊ စာလည်းရေး၊ ဆေးလည်းကု၊ လူနာတွေကလည်းအများကြီး၊ ဒါတောင်မှ ဘယ်တော့မှ အပြုံးမပျက်ဘူး၊ အဲဒါ ဘာကြောင့်ပါလဲ တဲ့။

ဆရာက လျှို့ဝှက်ချက် (၄)ခု ချပြသွားပါတယ်။

၁။ ပျော်ရွှင်ချင်ရင် ကိုယ်ယုံကြည်တဲ့အလုပ်ကို လုပ်ပါ။

ဆရာလက်ရှိလုပ်နေတဲ့ ဆေးကုတာ၊ ကျောင်းသားတွေကို စာသင်တာ၊ စာတွေရေးတာ၊ ဒီ(၃)ခုစလုံးဟာ ဘယ်သူ့ဘယ်သူကမှ ခိုင်းလို့ မဟုတ်သလို၊ တာဝန်တစ်ရပ်အနေနဲ့ လုပ်နေရတာလည်း မဟုတ်ပါဘူး။ လုပ်ချင်လို့ကို လုပ်နေတာ ဖြစ်ပါတယ်။ ဒီအတွက် ဒါတွေလုပ်နေရလို့ ဆိုပြီး မပင်ပန်းတော့ဘူး။ အလုပ်ဘယ်လောက်များများလည်း မညည်းတော့ဘူး။ လုပ်နေရရင်ကို ပျော်နေတာလေ။

ဒါကြောင့်လည်း ပြောတတ်ကြတာ။ ကမ္ဘာပေါ်က အကောင်းဆုံးအလုပ်ဆိုတာ လုပ်လို့လုပ်နေမှန်းတောင် မသိတော့တဲ့အလုပ်မျိုးကို ခေါ်တာတဲ့။

ကိုယ့်ဝါသနာ ဘာမှန်းမသိ၊ သိပေမယ့်လည်း အခြေအနေအရ မလုပ်နိုင်သေးတဲ့သူတွေ များလှတဲ့ ခုလိုအချိန်မှာ ၀ါသနာနဲ့ ကိုယ်လုပ်နေတာနဲ့ ကိုက်တဲ့သူတွေက ကံကောင်းတယ်ပဲ ပြောရမှာဖြစ်ပါတယ်။

၂။ ပျော်ရွှင်ချင်ရင် အလုပ်လုပ်တဲ့အခါမှာ ဗြဟ္မစိုရ်တရား (၄)ပါး လက်ကိုင်ထားပါ။

ကိုယ်ဝါသနာပါတာကို လုပ်နေရပေမယ့်လည်း မပျော်နိုင်တဲ့သူတွေ ရှိပါတယ်။ ဒါဆိုရင်ရော။

ဆရာဖြေတာ ရှင်းပါတယ်၊၊
ဘယ်လိုအလုပ်မျိုးကိုလုပ်နေသည်ဖြစ်စေ ဗြဟ္မစိုရ်တရား (၄)ပါး လက်ကိုင်ထားပါတဲ့။
ဥပမာ ဆေးကုတယ်ဆိုပါတော့၊ မကုခင်မှာ မေတ္တာထားတယ်၊ ငါကုပေးလိုက်တဲ့ လူနာတွေ ဝေဒနာပျောက်ကင်းပါစေ။ ကုသနေတုန်းမှာ ကရုဏာထားတယ်၊ သူတို့မှာ ဝေဒနာတွေ ခံစားနေရပါလား။ ပျောက်ကင်းသွားပြီဆိုလည်း မုဒိတာပွါးပေးတယ်။ ဒီလိုပဲ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေထဲက တစ်ယောက်ယောက် အောင်မြင်လာတယ်ကြားရင်လည်း ၀မ်းသာပေးတယ်။

အရေးကြီးဆုံးကတော့ နောက်ဆုံးတစ်ချက်ပဲ။ ဘာလဲဆိုတော့ ဥပေက္ခာထားတတ်ဖို့။
ကိုယ်လုပ်လို့မတတ်နိုင်တဲ့ ကိစ္စတွေလည်း လောကမှာ ရှိတာပါပဲ။ ဒီအပေါ်မှာ ခံစားမနေဘူး။ ဆရာလုပ်စရာရှိတာ အကောင်းဆုံးလုပ်ခဲ့တယ်။ ကိုယ့်စာသင်ချိန်မှာ ကျောင်းသားတွေ အတန်းတက်တာနည်းတယ်၊ အချိန်လွန်နေပြီမို့ ဒီလူနာကို မကယ်နိုင်တော့ဘူး၊ အသက်ဆုံးသွားတယ်၊ ကိုယ်က စေတနာထားပြီး ကုသပေးပေမယ့် လူနာက ကျေးဇူးမတင်ဘူး၊ အပြစ်တောင်တင်သွားတတ်သေးတယ်၊ ဒါတွေကိုယ်မတတ်နိုင်ဘူး။
ဒီအပေါ်မှာ လိုက်ခံစားနေရင် ကိုယ်ပဲစိတ်ထိခိုက်နေရမယ်။ ဒါတွေကို ဥပေက္ခာပြုတတ်ဖို့ လိုပါတယ်။

တစ်ဦးတစ်ယောက်ကြောင့် ဒေါသထွက်ရတယ်၊ သူများဝေဖန်လို့၊ အကောင်းပြောမခံရလို့ ကိုယ်လုပ်မယ့်အလုပ်ကို ရပ်ပစ်လိုက်တယ် ဆိုတာတွေက တကယ်တော့ ဥပေက္ခာ မပြုတတ်လို့ပါ။
မှန်တစ်ချပ်ဟာ ကိုယ့်ရှေ့ရောက်လာတဲ့သူရဲ့ ပုံရိပ်ပေါ် မူတည်ပြီး သူလည်း လိုက်ပြောင်းလဲပါတယ်။ အဲဒီလူက မဲ့ပြရင် သူလည်း မဲ့ပြတယ်။ အဲဒီလူက ပြုံးပြမှ သူကလည်း ပြုံးပြတယ်။
လှပတဲ့ပန်းချီကားတစ်ချပ်ကတော့ အဲ့လိုမဟုတ်ပါဘူး။ သူ့ရှေ့လာပြီး ပြုံးပဲပြပြ၊ မဲ့ပဲပြပြ၊ သူကတော့ သူ့ရဲ့လှပတဲ့ ပုံရိပ်တစ်ခုကိုသာ အမြဲပေးနေမှာပါပဲ။
ဒါကြောင့် ကိုယ့်ဘ၀မှာ ပျော်ရွှင်ချင်တယ်ဆိုရင် တစ်စုံတစ်ယောက်ကြောင့် လိုက်ပါပြောင်းလဲနေရတဲ့ မှန်တစ်ချပ်လို မဟုတ်ဘဲ ပန်းချီကားတစ်ချပ်လို ခံယူနိုင်ဖို့၊ ဥပေက္ခာပြုတတ်ဖို့ လိုပါတယ်။

၃။ ပျော်ရွှင်ချင်ရင် ရည်မှန်းချက်ထားပါ။

ကိုယ့်မှာ ပန်းတိုင်တစ်ခု ရှိလာပြီဆိုရင် သေချာတာက အချိန်မလောက်တော့ပါဘူး။ လေ့လာစရာတွေ အများကြီး ပေါ်လာတယ်၊ လုပ်စရာတွေ အများကြီးဖြစ်လာတယ်။ အချိန်တိုင်း အချိန်တိုင်းက တန်ဖိုးရှိလာတယ်။ ဒီတော့ အဲ့လိုတန်ဖိုးရှိလှတဲ့ အချိန်တွေကို အလဟဿ အဖြစ်မခံနိုင်တော့ဘူး။ သူများကြောင့် စိတ်တိုဖို့၊ ဒေါသထွက်ဖို့ အချိန်ကိုမရတော့ဘူး။

ဒါကြောင့် ပျော်ရွှင်ချင်ရင် တိကျပြတ်သားတဲ့ ပန်းတိုင် ထားထားပါ။ အဲဒီပန်းတိုင်က ဒေါသထွက်စရာတွေ၊ စိတ်ရှုပ်စရာတွေကို လျစ်လျူရှုတတ်စေပါလိမ့်မယ်။

၎။ ပျော်ရွှင်ချင်ရင် အနှောင်အဖွဲ့ နည်းနိုင်သမျှနည်းအောင် နေပါ။

တကယ်တော့ လွတ်လပ်တယ်ဆိုတာ အနှောင်အဖွဲ့ မရှိခြင်းကို ဆိုလိုတာပါ။ ကိုယ့်မှာ အနှောင့်အဖွဲ့များလေလေ မလွတ်လပ်လေ ကိုယ့်အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း မလုပ်ရလေပါပဲ။ သားသမီးအပေါ် သံယောဇဉ်ကြီးတဲ့မိဘ အမြဲစိတ်ပူပန်နေရတယ်။ လက်တွဲဖော်ကို အချစ်ကြီးတဲ့သူ အမြဲသ၀န်တိုနေရတယ်။

ကျွန်တော်တို့တွေဟာ သက်ရှိတွေနဲ့တင်မကဘူး သက်မဲ့တွေနဲ့ နှောင်ဖွဲ့တတ်ပါတယ်။ ဘယ်လိုလဲဆိုတော့ ပိုက်ဆံတွေ၊ စည်းစိမ်ချမ်းသာတွေ၊ နောက်ပြီး ရာထူးတွေကို တပ်မက်တဲ့စိတ်တွေပေါ့။ အဲဒီစိတ်တွေနည်းလေလေ ဘ၀မှာ ပျော်ရွှင်ရလေလေပါပဲ။ မရှာရဘူး၊ မခံစားရဘူး မဟုတ်ပါဘူး။ အဓိကက နှောင်ဖွဲ့မှုနည်းနိုင်သမျှ နည်းဖို့ပါ။

ဆရာက ဥပမာလေးတစ်ခု ထုတ်ပြသွားပါတယ်။ အစိုးရ၀န်ထမ်းဖြစ်တာကြောင့် ဆရာတို့ဆီကို ညွှန်ကြားချက်တွေ ရောက်ရောက်လာတတ်တယ်။ လူကြီးလာမှာမို့ ဘာလုပ်ပါ ညာလုပ်ပါ ပေါ့။ ဆရာကတော့ ဂရုမစိုက်ဘူး၊ ကိုယ်လုပ်စရာရှိတာပဲ ဆက်လုပ်တယ်။ အဲဒီအတွက် ဆရာအလုပ်ပြုတ်သွားမှာလည်း စိတ်မပူဘူး။ ဘာလို့ဆိုတော့ ဆရာ့ကို အဲဒီ ရာထူး ဆိုတဲ့အရာက နှောင်ဖွဲ့ထားနိုင်ခြင်း မရှိလို့ပါပဲ။ နှောင်ဖွဲ့ထားနိုင်ခြင်းမရှိတဲ့အတွက် ဆုံးရှုံးရမှာကိုလည်း မကြောက်တော့ဘူး။ အဲဒီလိုလူက သူ့အလုပ်၊ သူ့ပညာအပေါ် သစ္စာရှိတယ်၊ မှန်တာကိုပဲ ပြောတယ်၊ ဘယ်သူငြိုငြင်တာမှ မကြောက်ဘူး။
လူအများပြောတတ်ကြတဲ့ ပညာရှင်မာနဆိုတာ အဲဒါကို ခေါ်တာပဲ ဖြစ်ပါတယ်။

ရေးသားသူ - ဒေါက်တာ ဖြိုးသီဟ
၂၅.၂.၂၀၁၇

No comments:

Post a Comment