Latest News

Tuesday, February 28, 2017

ပြန်ကြော်ဆီနှင့် ဆီအတုများ ရောင်းချမှု တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် အရေးယူမည်

ပြန်ကြော်ဆီနှင့် ဆီအတုများ ရောင်းချမှု တစ်နိုင်ငံလုံးအတိုင်းအတာ

ဖြင့် အရေးယူမည်

ပြန်ကြော်ဆီများနှင့် ဆီအတုများ ဈေးကွက်အတွင်းရောင်းချနေမှုကို
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုလမှစ၍ ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းက ပြောသည်။

''ရာနှုန်းပြည့် ပဲဆီသန့်လို့ပြောပြီး တခြားဆီတွေနဲ့ ရောပြီး မရောင်းပါနဲ့။ ပြည်သူကို မလိမ်ညာပါနဲ့။ ရောဆီဆိုလည်း ဘယ်နှရာခိုင်နှုန်း ရောထားတယ်။ ပြည်သူကြိုက်ရင်ဝယ်။ ရာနှုန်းပြည့် ပဲဆီသန့်လို့ပြောပြီး ရောချင်တိုင်းရောပြီး ပြည်သူကလည်း စားတော့ ပဲဆီသန့်လည်းမဟုတ်ဘူး။ဒါသည် မရိုးသား၊မဖြောင့်မတ်တဲ့သဘောပဲ။ ပြည်သူမလုံခြုံရင် ကျွန်တော်တို့ အစိုးရအလကားပဲ။ တာဝန်တစ်ရပ်အနေနဲ့ ပြည်သူစိတ်ချလုံခြုံအောင် ရှင်းရှင်းလင်းလင်းနဲ့ လျင်လျင်မြန်မြန် ဆောင်ရွက်ပါ့မယ်''ဟု ၄င်းက ပြောသည်။

အစိုးရအနေဖြင့် ပြည်သူများ၏လုံခြုံစိတ်ချရမှုကို ဦးတည်နေခြင်းကြောင့် ပြည်သူများလုံခြုံရန်နှစ်ဖက်မျှတစွာ စဉ်းစား၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်သူများအတွက်ရိုးသားဖြောင့်မတ်သော ကုန်ရောင်းဝယ်မှုကို ရွေးချယ်စားသုံးနိုင်ရန်ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

''ကုန်ချောဈေးကွက်မှာ ရောနှောဆီဈေးကွက်ကို ဘယ်လိုအချိုးအစားတွေနဲ့ ရောထားလဲဆိုတာ တရားဝင်ဖော်ပြရင် ပြဿနာမရှိဘူး။ လုံးဝလက်မခံတာက ဘာဆီမှန်းမသိတဲ့ ပြန်ကြော်ဆီတွေ၊
ဘာဆီမှန်းမသိတာတွေကို ဓာတုဗေဒ စက်သုံးဆီအနံ့၊ နှမ်းဆီအနံ့တွေပေးပြီး မြေပဲဆီအတု၊ နှမ်းဆီအတုအနေနဲ့ လိမ်ရောင်းနေတဲ့ ဈေးကွက်ကို လက်မခံဘူး။ အဲဒါကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ တောင်းဆိုပါတယ်။ ဒါကိုဝန်ကြီးက မတ်လမှာ ပြင်းပြင်းထန်ထန် အရေးယူပေးမယ် ပြောတယ်''ဟု မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးခင်စိုးက ပြောသည်။

စားသုံးဆီကဏ္ဍတွင် မြေပဲဆီ၊ နှမ်းဆီများကို တံဆိပ်ကပ်၍ ထုပ်ပိုးရောင်းချပြီး ရောင်းချရာတွင်လည်း ၁ဝဝ ရာခိုင်နှုန်းမြေပဲဆီဟု ရေးသားထားကြောင်း၊ FDA နှင့်စစ်ဆေးရာတွင် ၁ဝဝ ရာခိုင်နှုန်းမဟုတ်ပါက စားသုံးသူကို ညာ၍ဖော်ပြခြင်းသာဖြစ်ပြီးဥပဒေအရ တရားမဝင်ကြောင်း ဆီကုန်သည်တစ်ဦးက ပြောသည်။

ရောနှောဆီတွင် မြေပဲဆီဖြစ်စေ၊စားအုန်းဆီဖြစ်စေ၊ နေကြာဆီဖြစ်စေ ရောနှော၍ရပြီး ထိုသို့ရောနှောရာတွင်လည်း မည်သည့်ဆီအမျိုးအစားနှင့် မည်မျှရာခိုင်နှုန်းရောနှောသည်ကို တိကျစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ ထိုသို့ဖော်ပြခြင်းကြောင့် စားသုံးသူများက ဝယ်ယူရာတွင်
သိရှိမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

ဈေးကွက်ထဲတွင် တရားမဝင် ဝင်ရောက်လာသည့် ဆီများကို တံဆိပ်အမျိုးမျိုးဖြင့် တွေ့နေရပြီး အဆိုပါဆီများကို တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ခွင့်ပြုရန်မသင့်ကြောင်း၊ ပြည်သူများအနေဖြင့် ပြည်ပကတရားမဝင် ဝင်ရောက်လာသည့်များကို ကုန်စည် စားသုံးနေရပြီး တရားမဝင်ကုန်စည်များနှင့် ပတ်သက်၍ အစားအသောက်လုံခြုံရေးကို
မည်သူမှ အာမခံနိုင်ကြောင်း၊အဆိုပါ စားသောက်ကုန်ကို စားသုံးမိပါကပြည်သူများကြီးမားသည့် ဆိုးကျိုးသက်ရောက်မှုရှိလာမည်ကြောင်း ဦးကျော်ဝင်းက ပြောသည်။

The Myanmar Times

No comments:

Post a Comment