ကျည်ဆံ...
***
ပစ်လိုက်တာတော့ တချက်စီထဲရယ်...။
သေဆုံးလိုက်ရတာက တပြည်လုံး။ ဒီနေ့မှာ ဦးကိုနီနဲ့ ကိုနေ၀င်း နောက်တခါ ထပ်သေဆုံးရတယ်။ မဟုတ်ဘူး..၊ မဟုတ်ဘူး။ သတင်းစာ ရှင်းလင်းပွဲ ဆိုတဲ့ ပွဲက စကားလုံးတွေတိုင်းမှာပါ ထပ်ခါထပ်ခါ သေဆုံးရပြန်တာ...။
တရားဥပဒေ စိုးမိုးရေးကို ကျည်ဆံဟာ ဆောင့်ကြွားကြွားနဲ့ အသုံးတော်ခံပြီး ပြယ်ရယ်ပြုသွားတယ်။ ဒီနေ့မှာတော့ ကျည်ဆံဟာ တိုင်းပြည်တပြည်ရဲ့ လုံခြုံစိတ်ချရမှုကိုပါ ထပ်ပြီးသတ်တယ်။ အားကိုး ယုံကြည်မှုတွေကိုလဲ သတ်ဖြတ်တယ်။
ကိုပါကြီးနဲ့ ဒေါ်ခင်ဝင်းတို့ရဲ့ ၀ိညာဉ်တွေက ဒီနေ့မှာ ငေါက်ခနဲ ထထိုင်ပြီးတော့ မြန်မာပြည်ရဲ့ တရားဥပဒေ စိုးမိုးရေးကို နာနာကျင်ကျင်နဲ့ ငေးမော ကြည့်သွားကြတယ်။
ဦးကိုနီနဲ့ ကိုနေ၀င်းတို့ကတော့ အကြိမ်များစွာ အသတ်ခံရခြင်းတွေနဲ့ အတူ မလုံခြုံမှုတွေကို သက်သေပြကြတယ်။
***
လူငယ်သဘာဝ ... ဆိုတဲ့ သိပ်ဖြူစင်တဲ့ စကားလုံးလေးကို အခိုးခံရတာ နှမျောလိုက်တာ...။ သမိုင်းစာအုပ်ထဲမှာ သင်ခဲ့ရတဲ့ မျိုးချစ်ဆိုတဲ့ စကားလုံးဟာ အထပ်ထပ် သွေးစွန်းပြီး ညစ်ထေးကုန်တယ်။ ဒါလဲ ပျော်ပျော်ကြီးပဲ အသုံးချလို့ ကောင်းနေတုန်း...။ အသုံးချဖို့လဲ ထပ်ပြီး ကြံစည်နေကြတုန်း...။
***
မပိရိတဲ့ လိမ်လည်မှုတွေမှာ တန်ဘိုးရှိတဲ့ အသက်တွေကို အချည်းနှီး အဖြစ် မခံနိုင်ဖို့ အတွက် လမ်းက တခုထဲပဲ ရှိတယ်။
သူတို့ကို ဘယ်တော့မှ နောက်ထပ် အခွင့်အရေး မပေးမိစေနဲ့...။
နောက်ထပ် ဘယ်တော့မှ အသတ်မခံမိစေနဲ့...။
***
ကျည်ဆံဟာ ခြသေ့င်္ယောင် ဆောင်ထားတဲ့ မြေခွေးတွေကို သတိထားဖို့အတွက်ပါ အဖိုးအခ အကြီးကြီးယူပြီး မြန်မာ တနိုင်ငံလုံးကို သတိပေးသွားတယ်။
***
ကလိုစေးထူး
ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။
ဒေသစံတော်ချိန် မနက် ၂ နာရီ ၃၅ မိနစ်။
Saturday, February 25, 2017
ကျည်ဆံ...
Reviewed by Ar Ti
on
7:18 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment