ကမ္ဘာ့ရွှေဈေး အနည်းငယ် ကျလာသော်လည်း ပြည်တွင်းရွှေဈေး ခြောက်ရက်ဆက်တိုက် ကျပ် ၉၀၀၀၀၀ အထက်တွင် ရှိနေ
ဖေဖော်ဝါရီ ၂၈ ရက်တွင် ကမ္ဘာ့ရွှေဈေး အနည်းငယ် ပြန်ကျလာသော်လည်း ပြည်တွင်းရွှေဈေး ခြောက်ရက်ဆက်တိုက် ကျပ် ၉၀၀,၀၀၀ အထက်တွင် ဆက်လက်ရှိနေကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
ဖေဖော်ဝါရီ ၂၇ ရက်က ၁၂၅၇ ဒသမ ၄၀ ဒေါ်လာအထိ ရှိခဲ့သော ကမ္ဘာ့ရွှေဈေးနှုန်းသည် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၃ နာရီတွင် ၁၂၅၁ ဒေါ်လာအထိ ကျဆင်းလာခြင်း ဖြစ်သည်။ ဖေဖော်ဝါရီ ၂၄ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်ရက်အတွင်း ဒေါ်လာ ၂၀ ကျော် ခုန်တက်ခဲ့ပြီး တစ်ပတ်တာဈေးကွက် ပြန်စချိန် ဖေဖော်ဝါရီ ၂၇ ရက်တွင် ၁၂၅၈ ဒေါ်လာဝန်းကျင်အထိ ဆက်လက်မြင့်တက်ပြီးနောက် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဈေးနှုန်းပြန်လည် ကျဆင်းခဲ့သည်။ ပြီးခဲ့သော ဖေဖော်ဝါရီ ၂၀ ရက် တစ်ပတ်တာ ဈေးကွက်ဖွင့်ချိန်တွင် ၁၂၃၅ ဒေါ်လာရှိခဲ့သော ကမ္ဘာ့ရွှေဈေးသည် ယခုတစ်ပတ် ဖေဖော်ဝါရီ ၂၇ ရက် တစ်ပတ်တာ ဈေးဖွင့်ချိန်တွင် ၁၂၅၈ ဒေါ်လာအထိ မြင့်တက်ခဲ့ခြင်းကြောင့် ဈေးနှုန်းချင်းနှိုင်းယှဉ်ပါက ၂၃ ဒေါ်လာမြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျရိပ်ပြန်ပြလာခြင်း ဖြစ်သည်။
ကမ္ဘာ့ရွှေဈေး တက်ရိပ်ပြလာခြင်းကြောင့် ပြည်တွင်းဈေးကွက်၌ ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျပ် ၉၀၀၅၀၀ အထိ ရောက်ရှိလာခဲ့သည်။ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြည်တွင်း ရွှေဈေးနှုန်း ကျပ် ၉၀၂၄၀၀ အထိ ဆက်လက် မြင့်တက်လာပြီး ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျပ် ၉၀၂,၀၀၀ ဈေး ဖြစ်ပေါ်ခဲ့သည်။ ဖေဖော်ဝါရီ ၂၇ ရက်တွင် ကျပ် ၉၀၂၂၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၉၀၃၅၀၀ အထိ ဆက်လက်မြင့်တက်ခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် ကမ္ဘာ့ရွှေဈေး ကျဆင်းလာခြင်းကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၉၀၁၇၀၀ ဖြင့် စဖွင့်ခဲ့ပြီး ညနေ ၄ နာရီတွင် ကျပ် ၉၀၀,၆၀၀ အထိ ပြန်လည်ကျဆင်းလာခြင်း ဖြစ်သည်။
ပြည်တွင်းရွှေဈေးကွက်အတွင်း စံချိန်တင် ရွှေဈေးနှုန်းအဖြစ် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်က ၁၆ ပဲရည်ရွှေ တစ်ကျပ်သား ကျပ် ၉၀၃၅၀၀ အထိမြင့်တက်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင်လည်း ကျပ် ၉၀၀၅၀၀ အထိ မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျပ် ၉၀၀၅၀၀ အထိ ရောက်ရှိခဲ့သည်။ ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျပ် ၉၀၂၄၀၀ အထိ ဆက်လက်မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက်တွင် ကျပ် ၉၀၃၅၀၀ အထိ ပြန်လည် ရောက်ရှိခဲ့ခြင်းကြောင့် လွန်ခဲ့သည့် လေးလကျော်က တင်ထားသည့်စံချိန်ကို ပြန်ရောက်ခဲ့သော်လည်း ကျော်လွန်နိုင်ခြင်းမရှိဘဲ ဖေဖော်ဝါရီ ၂၈ ရက်တွင် ဈေးနှုန်းပြန်ကျလာခြင်းဖြစ်ကြောင်း သိရသည်။
စည်သူအောင်
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment