Latest News

Friday, February 17, 2017

နယ်စပ်ဒေသခံတွေ ထိုင်းဘက်ကို တိမ်းရှောင်

နယ်စပ်ဒေသခံတွေ ထိုင်းဘက်ကို တိမ်းရှောင်

မွန်ပြည်သစ်ပါတီနဲ့ တပ်မတော်ကြား စစ်ရေးတင်းမာမှုတွေ ရှိနေတာကြောင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နယ်ခွဲက ဂျပန်ရေတွင်း၊ ကြံတောနဲ့ တပ်ရင်း(၃) စတဲ့ကျေးရွာတွေက ဒေသခံ နှစ်ထောင်လောက်ဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

အဲဒီအထဲက အချို့ဟာ အသိမိတ်ဆွေတွေဆီမှာ ခိုလှုံနေသလို တချို့ဟာထိုင်းအစိုးရက နေရာချပေးထားတဲ့ မွန်ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြရတယ်လို့ ထိုင်းနိုင်ငံဘက်မှာ ခိုလှုံနေတဲ့ ဂျပန်ရေတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်အောင်ချမ်း ကပြောပါတယ်။

မွန်အမျိုးသားနေ့မှာ မွန်ပြည်သစ်ပါတီက စစ်ရေးပြအခမ်းအနားပြုလုပ်ခဲ့တဲ့ ဂျပန်ရေတွင်းကျေးရွာတစ်လျောက်မှာ တပ်မတော်က စစ်အင်အားတိုးမြှင့်ချထားလိုက်ပြီး နှစ်ဘက်တပ်တွေ နီးကပ်နေတဲ့အတွက် ဒေသခံတွေက ထိုင်းဘက်ခြမ်း စံခလပူရီမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

အဲဒီလို တိမ်းရှောင်နေသူတွေထဲက ထိုင်းအစိုးရက စီစဉ်ပေးထားတဲ့ မွန်ဘုန်းတော်ကြီးကျောင်းမှာ နေသူတွေအတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ထိုင်းအစိုးရက ကူညီဆောင်ရွက်ပေးနေတယ်လို့ တိမ်းရှောင်နေသူတွေက ပြောပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ တပ်မတော်ကြား စစ်ရေးတင်းမာမှုကြောင့် ကြံတောကျေးရွာနဲ့ ဂျပန်ရေးတွင်ကျေးရွာတွေက စာသင်ကျောင်းသုံးကျောင်း ပိတ်ထားရတယ်လို့လည်း ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မွန်ပြည်သစ်ပါတီက ကျင်းပခဲ့တဲ့ မွန်အမျိုးသားနေ့ အခမ်းအနားမှာ စစ်ရေးပြအခမ်းအနား မထည့်ဖို့ တပ်မတော်က တားမြစ်ခဲ့ပေမယ့် မွန်ပြည်သစ်ပါတီက ထည့်သွင်းကျင်းပခဲ့ပါတယ်။

အဲဒီနောက်ပိုင်း မွန်ပြည်သစ်ပါတီနဲ့ တပ်မတော်ကြား စစ်ရေးတင်းမာမှုတွေ ဖြစ်ခဲ့ပြီး မွန်ပြည်သစ်ပါတီရဲ့ အကောက်ခွန်ဂိတ်နှစ်ခုကို တပ်မတော်က ဖယ်ရှားလိုက်ပြီး ရေးမြို့မှာ ဖွင့်ထားတဲ့ ဆက်ဆံရေးရုံးကိုလည်း ရဲတပ်ဖွဲ့နဲ့ တပ်မတော်ဘက်က ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့ပါတယ်။

မနေ့ကညနေပိုင်းမှာတော့ မွန်ပြည်သစ်ပါတီက တာဝန်ရှိသူတွေနဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူတွေ တွေဆုံဆွေးနွေးခဲ့ပြီး စစ်ရေးတင်းမာတာတွေကို လျော့ချနိုင်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ဓါတ်ပုံ - နယ်စပ်သား /RFA

No comments:

Post a Comment