Latest News

Thursday, February 9, 2017

နှစ်ပါင်း ၇၀ အကြာတွင် တစ်ကြိမ်ဟုပြောရမည်

နှစ်ပါင်း ၇၀ အကြာတွင် တစ်ကြိမ်ဟုပြောရမည်


ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၀ဝ၀ ကျော်တွင် တည်ရှိပြီး တည်းခိုခန်း ၂ ခုသာရှိသော ရှမ်းပြည်တောင်ပိုင်းရှိ မြို့ငယ်လေး၏ အခန်းအားလုံးသည် ပြီးခဲ့သည့် ရက်ပိုင်းက နိုင်ငံအနှံ့က တိုင်းရင်းသား အဖွဲ့များ မီဒီယာများနှင့် ပြည့်သွားခဲ့သည်။

မြို့ပေါ်သို့ ဒေသအသီးသီးက ယခင်မမြင်ဖူးသော လူစိမ်းများ ရောက်လာသည်မှာ ပြီးခဲ့သည့်ရက်ပိုင်း ဖေဖော်ဝါရီလဆန်းကပင် ဖြစ်သည်။ တောင်ကြီးနှင့် မိုင် ၆၀ ခန့် ဝေးသော ပင်လုံသည် လွိုင်လင်ခရိုင် အတွင်းမှာ တည်ရှိပြီး လွိုင်လင်မှ သီပေါသို့ သွားရောက်ရာ လမ်းပေါ်တွင် တည်ရှိသည်။

လွန်ခဲ့သော နှစ် ၇၀ ခန့်က ပင်လုံကား မထင်ရှားသော ရွာကလေးမျှသာတည်း။ ထိုစဉ်က ရှမ်းစော်ဘွား ရုံးစိုက်ရာမြို့ကား လဲချားဖြစ်၏။

ပင်လုံသည် ထိုစဉ်က မြန်မာနိုင်ငံကို နှစ်တစ်ရာ ကျော်သိမ်းပိုက် အုပ်ချုပ်ခဲ့သော အင်္ဂလိပ် အစိုးရတို့ ရုံးစိုက်မြို့လည်း မဟုတ်။ အင်္ဂလိပ် အစိုးရတို့ ရုံးစိုက်ရာ မြို့ကား လွိုင်လင်ဖြစ်၏။ ပင်လုံသည် လဲချားမြို့နှင့် လွိုင်လင်မြို့အကြားတွင် တည်ရှိ၏။

သို့ရာတွင် ဆယ်စုနှစ် အတော်များများ အမေ့လျော့ခံ ဖြစ်ခဲ့ရသော မြို့ကလေးတွင် မကြာမီရက်ပိုင်း နိုင်ငံတော်အဆင့် အခမ်းအနားတစ်ခုကို ကျင်းပဖို့လည်း ရှိနေသည်။ ထိုအခမ်းအနားကား လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။

“ဒီနှစ်ကတော့ မလုပ်စဖူး နိုင်ငံတော်အဆင့် အခမ်းအနားလည်း ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာမှာ ဆိုတော့ ကျွန်တော်တို့ အပါအဝင် အားလုံးက စိတ်ဝင်စားနေကြတယ်”ဟု ပင်လုံမြို့ခံ ကိုစိုင်းထွန်းဝင်းက ပြောသည်။

ယခင်က ပြည်ထောင်စုနေ့ကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်သာ ကျင်းပခဲ့ပြီး အစိုးရသစ်၏ ပြောင်းလဲလာသည့် မူဝါဒအရ ပင်လုံမြို့တွင် စတင် ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ်အစိုးရက ပြောသည်။

ပင်လုံသည် လွိုင်လင်မှ သီပေါကို သွားရာလမ်းပေါ်တွင်တည်ရှိပြီး သမိုင်းဝင် ပင်လုံကျောက်တိုင်နေရာသည် ပင်လုံမြို့တွင်း ဖြတ်သန်းသွားသော အဝေးပြေး လမ်းမပေါ်တွင် တည်ရှိသည်။

ပင်လုံကျောက်တိုင်အနီးတွင် တပ်မတော် အစိုးရလက်ထက်က ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် တည်ခဲ့သည့် စေတီကြီး တစ်ဆူရှိပြီး ထိုစေတီကို အရင်ဖြတ်သွားပြီးမှ သမိုင်းဝင် ကျောက်တိုင်နှင့် ပန်းခြံငယ်လေးတစ်ခုကို တွေ့ရမည် ဖြစ်သည်။

တောင်တန်းများ နောက်ခံထားသည့် ကုန်းမြင့်ပေါ်တွင် အဖြူရောင် ပင်လုံကျောက်တိုင်သည် မနက်ခင်း နှင်းမှုန်တွေကြားတွင် အနည်းငယ် သစ်လွင်နေသယောင်။

ကျောက်တိုင်ပေါ်တွင် ရေးထားသော တောင်တန်းနှင့်ပြည်မ ပူးပေါင်းရေး စာချုပ်တွင် မြန်မာဘာသာဖြင့် ရေးထိုးထားသော စာသားသည် အနည်းငယ် သေးနေသည့်အတွက် အနီးရောက်မှ ဖတ်ရှုရသည်။

ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပမည့် ပင်လုံကျောက်တိုင် အထိမ်းအမှတ်နေရာမှာ တစ်ဧကနီးပါး ကျယ်ဝန်းသည့် ပန်းခြံတစ်ခုဖြစ်ပြီး ပန်းခြံအနှံ့ တွင် ပင်လုံစာချုပ်၌ လက်မှတ်ထိုးထားသည့် ဗိုလ်ချုပ် အပါအဝင် တိုင်းရင်းသား ခေါင်းဆောင် ၂၃ ဦး၏ ဓာတ်ပုံများ၊ ဆိုင်းဘုတ်များ စိုက်ထူထားသည်ကို တွေ့ရသည်။

ပန်းခြံထဲတွင် ဗိုလ်ချုပ်အောင်ဆန်း စာဖတ်ခဲ့သော သစ်ပင်နှင့် ရေချိုးခဲ့သော အုတ်ရေတွင်းတို့ကိုလည်း ထိန်းသိမ်းထားပြီး ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရေးအတွက် စည်ပင်ဝန်ထမ်းများက ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က “ယခု ကျင်းပသွားမယ့် အစိုးရရဲ့ ပြည်ထောင်စုနေ့ အခမ်းအနားက နှစ်ရှည်လများစွာ အမေ့လျော့ခံဖြစ်နေတဲ့ ပင်လုံကို အသက်ပြန်သွင်းတဲ့ သဘောဖြစ်တဲ့အတွက် ကောင်းမွန်တဲ့လုပ်ရပ်ပါ”ဟု ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာ အရေးပါဆုံး သဘောတူညီမှုဖြစ်သော တောင်တန်းနှင့်ပြည်မ ပူးပေါင်း၍ လွတ်လပ်ရေး ယူရန် ဗိုလ်ချုပ်အောင်ဆန်းနှင် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသား ခေါင်းဆောင်များက လွန်ခဲ့သည့် နှစ်ပေါင်း ခုနစ်ဆယ်က ပင်လုံမြို့တွင် ကျင်းပခဲ့သော အစည်းအဝေးတွင် သဘော တူခဲ့ကြခြင်း ဖြစ်သည်။

ထိုနေ့က အစည်းအဝေး အပြီးတွင် ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင် ၂၃ ဦးတို့က လက်မှတ်ထိုး ချုပ်ဆိုခဲ့ကြသည်။

နှစ် ၇၀ အကြာတွင် ပြန်လည် ကျင်းပမည့် ပြည်ထောင်စုနေ့ အခမ်းအနားတွင်တော့ ပင်လုံစာချုပ် ချုပ်ဆိုခဲ့သော ခေါင်းဆောင်များက မရှိကြတော့။

ထိုစဉ်က စာချုပ်လက်မှတ်ရေးထိုးခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူပင် ယခုအခါ အသက် ၇၀ ကျော်ခန့်သို့ ရောက်ရှိပြီဖြစ်ပြီး လွန်ခဲ့သော တစ်နှစ်က တစ်နိုင်ငံလုံး ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော သူ၏ ပါတီသည် အစိုးရဖွဲ့နိုင်ခဲ့ကာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ယခုအခမ်းအနားကို တက်ရောက်ရန် ရှိနေသည်။

အခမ်းအနား အစီအစဉ်များမှာ ပုံမှန် နိုင်ငံတော်နေ့ အခမ်းအနားများကဲ့သို့ နိုင်ငံတော်သီချင်း သီဆိုခြင်း၊ ပင်လုံစာချုပ်ပါ အချက် ရှစ်ချက်ကို တိုင်းရင်းသားတွေက ဖတ်ကြားခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းရင်းသား အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တက္ကသိုလ်ကျောင်းများကိုလည်း ဖိတ်ကြားထားကြောင်း အခမ်းအနား ပြင်ဆင်ရေး ကော်မတီက ပြောသည်။

ယခုနှစ် အခမ်းအနားကို စည်စည်ကားကားဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ထူးထူးခြားခြား အစီအစဉ်များကိုလည်း ထည့်သွင်းထားသည်ဟု ဆိုလာသူကတော့ အခမ်းအနား ပြင်ဆင်ရေး လုပ်ဆောင်နေသော လွိုင်လင်ခရိုင် စည်ပင်သာယာရေး ကော်မတီ အလုပ်အမှုဆောင် ဦးခင်စော ဖြစ်သည်။

အခမ်းအနားသို့ ပင်လုံစာချုပ်တွင် လက်မှတ် ထိုးထားသော တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များကို ဖိတ်ကြားထားပြီး အဆိုပါ မိသားစုဝင်များကို ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆက်သွားဖို့ရှိသည်။

ထို့အပြင် အခမ်းအနား အပြီးတွင် နိုင်ငံတော် အတိုင်ပင်ခံနှင့် တိုင်းရင်းသား ငြိမ်းချမ်းရေး ကိုယ်စားလှယ် ၁၂ ဦးတို့၏ ငြိမ်းချမ်းရေး စကားဝိုင်း (Peace Talk) ကျင်းပဖို့လည်း ရှိနေသည်။

“ဒီနေရာမှာထိုင်ပြီး ပြောကြမှာပါ”ဟု ဦးခင်စောက ဗိုလ်ချုပ်အောင်ဆန်း စာဖတ်ခဲ့သည့် သစ်ပင်အောက်က ကျောက်ပြားပေါ်ကို လက်ညှိုးထိုးပြရင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပင်လုံကျောက်တိုင်နေရာကို အစိုးရအဖွဲ့မဖြစ်ခင် အတိုက်အခံ နိုင်ငံရေး ပါတီအဖြစ် ရပ်တည်ခဲ့စဉ်တုန်းကလည်း သွားရောက်ခဲ့ဖူးသည်။

၁၉၈၉ ခုနှစ် ပြည်ထောင်စုနေ့တုန်းက လာရောက်ခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသား အားလုံး ပါဝင်သည့် ဒုတိယ ပင်လုံညီလာခံ ကျင်းပရမည်ဆိုသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ပင်လုံကြေညာစာတမ်းကို သမိုင်းဝင် ပင်လုံကျောက်တိုင်နေရာတွင် ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

အစိုးရအဖြစ် ရွေးကောက်ခံရပြီး လပိုင်းအတွင်းမှာပင် ၂၁ ရာစု ပင်လုံညီလာခံဟု အမည်ပေးပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ကျင်းပခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အစိုးရ၏ လုပ်ရပ်များကြောင့် ပင်လုံစာချုပ်ပါ ကတိကဝတ်များကို အကောင်အထည် ဖော်ပေးမည့် မျှော်လင့်ချက်များ တိုင်းရင်းသားများကြားတွင် ပေါ်ထွက်လာခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် မြန်မာတပ်မတော်၏ တိုင်းရင်းသား လက်နက်ကိုင်များအပေါ် ထိုးစစ်ဆင်မှုများအပေါ် နှုတ်ဆိတ်နေခြင်းကို တိုင်းရင်းသားများဘက်မှ ဝေဖန်သံများ ထွက်လာသည်။

လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဒုတိယ ပင်လုံညီလာခံ ကျင်းပပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးကို သူက အကောင်အထည် ဖော်လိုသော်လည်း တိုင်းရင်းသားများနှင့် လက်ရှိ အစိုးရတို့ကြားတွင် အခက်အခဲ အတားအဆီးများက အများအပြား ရှိနေဆဲဖြစ်သည်။

အခြေခံဥပဒေ ပြန်အသစ်ဆွဲရေး မဆိုထားနှင့် လက်ရှိအခြေခံဥပဒေ ပြင်ရေးကိုပင် မြန်မာနိုင်ငံရေးတွင် အဓိက နေရာကပါနေသေးသည့် တပ်မတော်ဘက်က လက်မခံသေး။

သို့သော် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်သွားမည်ဟု ပြောဆိုထားသည့် အစိုးရ၏ မူဝါဒအရ တိုင်းရင်းသားများအတွက် ပင်လုံတွင် ကျင်းပမည့် ပြည်ထောင်စုနေ့ အခမ်းအနားကိုလည်း တစ်ကျော့ပြန် စိတ်ဝင်စားမှု ရှိနေသည်။

“တစ်ခုပဲ ပြောစရာရှိတာက ဟန်ပြအနေနဲ့ မဟုတ်ဘဲ ၁၉၄၇ က ချုပ်ဆိုခဲ့တဲ့ ပင်လုံ ကတိကဝတ်တွေ အနှစ်သာရတွေကို ဖော်ဆောင်ချင်လို့၊ မပြီးဆုံးသေးတဲ့ ပင်လုံရဲ့ ကတိကဝတ်တွေကို ဖော်ဆောင်ချင်တယ်ဆိုရင်တော့ ကောင်းတဲ့လုပ်ရပ်ပါ”ဟု  ဦးစိုင်းကျော်ညွန့်က သုံးသပ်သည်။

လူစိမ်းများ ရောက်လာပြီးနောက် ပြန်သွားကြ သောအခါ  ရှမ်းပြည်နယ်တောင်ပိုင်းက အေးဆေးငြိမ် သက်စွာ တည်ရှိနေသည့် ပင်လုံမြို့နှင့် ကျောက်တိုင် လေးသည် ကျန်ရစ်ခဲ့မည်ဖြစ်သည်။

ပင်လုံသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုစတင်ရာ ဘူမိနက်သန်နေရာဟု မသတ်မှတ်နိုင်သော်လည်း ယနေ့ မြင်တွေ့နေရသော လှပသည့် မြန်မာနိုင်ငံ ပုံသဏ္ဌာန် ဖြစ်လာစေရေးအတွက်မူ အရေးပါလှသည်။

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအတွက် ပင်လုံသည် သမိုင်းဝင်သော အဓိပ္ပာယ်တစ်ခု ရှိခဲ့သည်။

သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ၏ သမိုင်းဝင် ငြိမ်းချမ်းရေး ခရီးလမ်းကြောင်းပေါ်၌ အရေးပါသော တစ်ထောင့်တစ်နေရာအဖြစ် ပင်လုံတွင် အဓိပ္ပာယ်တစ်ခု ရှာတွေ့နိုင်မည်လား ဆိုသည်က မျှော်လင့်စရာ ဖြစ်နေသည်။

ပွင့်ဇင်မော်ဟိန်း
The Voice

No comments:

Post a Comment