Latest News

Friday, February 10, 2017

ဒေါ်အောင်ဆန်းစုကြည် နောက်ပိုင်းကြမ်းမည်

ဒေါ်အောင်ဆန်းစုကြည် နောက်ပိုင်းကြမ်းမည်

ရခိုင်ပြည်နယ်အတွင်း စစ်တပ်၏ လုပ်ရပ်များအား နိုင်ငံတကာမှ ဝေဖန်မှုများနှင့် ပြည်တွင်း တွင် ပြုပြင်ပြောင်းလဲရေးများ နှေးကွေးနေသည်ဟု ပြောဆိုနေမှုများကို ပြန်လည်တုံ့ပြန်ရန် ဒေါ်အောင်ဆန်းစုကြည်မှ Fightback မဟာဗျူဟာတခု စီစဉ်နေပြီလို့ ဂျပန်နိုင်ငံထုတ် Nikkei Asian Review က အခုလို သုံးသပ်ထားပါတယ်။

ထို ဗျူဟာများထဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ မူလဆင် လူထု အတွက် အခြေအနေကောင်းများ ဖန်တီးပေးရေး နှင့် ပြည်တွင်းတွင် အခွန်လုပ်ငန်း နှင့် ဘဏ်စနစ် ပြုပြင်ပြောင်းလဲရေးမှသည် လယ်ယာ ကဏ္ကကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးရန်အထိ အစီအမံများ ပါဝင်နေတယ်လို့ သိရပါတယ်။

ယခု လာမည့် ဧပြီလ ၁ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရလာသည်မှာ တနှစ်ပြည်တော့မည် ဖြစ်ပါတယ်။ ထိုနှစ်ပါတ်လည် မတိုင်မီ အဓိက ဖြေရှင်းရမည့် အရေးကား ၂၀၁၇ ဘဏ္ဍာနှစ်အတွက် အမျိုးသား ဘတ်ဂျက်ကို အပြီး ရေးဆွဲနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ထို့အပြင် ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး ပြည်တွင်း ပြည်ပ ရင်းနှီးမြုပ်နှံမှု ဥပဒေများ အပါအ၀င် လွှတ်တော်မှ ပြဌာန်း ပေးခဲ့ပြီးသော အရေးကြီးသော အခြား ဥပဒေများလည်း အသက်ဝင်လာတော့မှာ ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့တွင် စတင်ရန် ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး အတွက်လည်း ပြင်ဆင်နေရပါတယ်။ အစိုးရ အဖွဲ့အတွင်း ၀န်ကြီး အဆင့် ရာထူး အပြောင်းအလဲများ ပြုလုပ်ရန် ရှိသည်ကိုလည်း ခေါင်းချင်းရိုက် ဆွေးနွေးမှုတွေ ရှိနေပါတယ်။

မကြာမီ က ဒေါ်အောင်ဆန်းစုကြည် နဲ့ သူမရဲ့ အကြံပေးများက ပြည်ထောင်စု ၀န်ကြီးများနဲ့ အခြား အထက်တန်း အရာရှိ များရဲ့ စွမ်းဆောင်ရေ ကို သုံးသပ်ခဲ့ကြပြီးနောက် အခုလို အစိုးရ အဖွဲ့အတွင်း အပြောင်းအလဲ တွေ ပြုလုပ်ရန် ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှ အများဆုံး ဦးဆောင်နေတဲ့ ကော်မီတီ အသီးသီးကို အာဏာတွေ အတော်များများ ပေးထားတဲ့အပြင် အဆိုပါ ကော်မီတီ တွင် ပါဝင်နေသူများက အတွေ့အကြုံ မရှိသေးတဲ့ ၀န်ကြီးများနဲ့ ပြင်ပမှ ကျွမ်းကျင်သူတွေ ပါဝင်နေပါတယ်။ ၎င်းတို့နဲ့ ဆက်ဆံခဲ့ရတဲ့ နိုင်ငံခြား ကျွမ်းကျင်သူ အချို့က ဆုံးဖြတ်ချက်များ ချမှတ်ရာမှာ ကသောင်းကနင်း နိုင်လှတယ်လို့လည်း သုံးသပ်ခဲ့ကြပါတယ်။

ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ သေချာစေ့ငုစွာ အရင်လေ့လာခြဲု့ခင်း မရှိသည့်အပြင် တကြောင်းတဂါထာ တရွာတပုဒ်ဆန်း ဖြစ်နေတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ဥပမာ အနေနဲ့ ထောက်ပြခဲ့ကြတာကတော့ နိုင်ငံတွင်းရှိ နိုင်ငံခြားသားများနဲ့ ပါတ်သက်တဲ့ ဥပဒေ အဆိုပြုချက်ပဲ ဖြစ်ပါတယ်။ အဆိုပါ ဥပဒေကြမ်းအား နိုင်ငံတွင်း လာရောက်လုပ်ကိုင်နေကြသော ပညာရှင်များ၊ စိတ်ပျက်ခဲ့ကြရယုံမက ပြည်တွင်းရှိ သံရုံးများနဲ့ နိုင်ငံခြား လုပ်ငန်းရှင်များက ဆူညံစွာ ကန့်ကွက်လျက် ရှိနေကြပါတယ်။ နိုင်ငံခြား လုပ်ငန်းရှင်များ အသင်းက အဆိုပါ ဥပဒေတွင် စည်းကမ်းလိုအပ်ချက်များ အများအပြားပါရှိယုံမျှမက လိုက်နာရန် ပျက်ကွက်ပါက ကြီးလေးသော အပြစ်ဒဏ်များ ချမှတ်ခံရမည့် အရေးကြောင့် မြန်မာပြည်တွင်း လာရောက်လုပ်ကိုင်ရန် ရှိသူများ စိတ်ပျက် သွားနိုင်တယ်လို့ ဆိုနေကြပါတယ်။ အစိုးရမှ အဆိုပါ ဥပဒေအား အဘယ်ကြောင့် ပြဌာန်းခဲ့ရသည်လည်း ဆိုသည်အား သေချာစွာ ရှင်းပြထားခဲ့ခြင်း မရှိသော်လည်း အဓိကအားဖြင့် တောင်အာရှ၊ အရှေ့အလယ်ပိုင်း နိုင်ငံများနဲ့ တရုတ် နိုင်ငံသားများကို ရည်ရွယ် ပြဌာန်းခဲ့ခြင်း ဖြစ်တယ်လို့ အချို့ အရာရှိများက အလွတ်သဘော ပြောကြားခဲ့ကြပါတယ်။ ဒါ့အပြင် အကြမ်းဖက် သမားများ စိမ့်ဝင်လာမယ့်အရေးကို ဟန့်တားလိုတဲ့အတွက်ကြောင့် ဖြစ်တယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အာဏာစတင်ယူခဲ့ချိန်က ၀န်ကြီးဌာန အတော်များများကို ပေါင်းပြစ်ရန် ဆုံးဖြတ်ခဲ့ပြီး၊ ၀န်ကြီး အရည်အတွက်ကို ၄၀ မှ ၂၂ အထိ လျော့ချခဲ့တဲ့ အပြင် ဒု ၀န်ကြီး ရာထူးတွေပါ ဖယ်ရှားခဲ့ပါတယ်။ ဒီအတွက် အစပိုင်းမှာ ဗျုရိုကရေစီ အုပ်ချုပ်ရေး ယန္တယား အတွင်း ရှုပ်ထွေးမှုတွေ ဖြစ်ကုန်ရပြီး ဆုံးဖြတ်ချက်တွေ ချရမယ့် နေရာတွေမှာ နှောင့်နှေးကုန်ပါတယ်။ နောက်ပိုင်းမှာ ၀န်ကြီးဌာန အကြီးစားတွေအတွက် ဒုတိယ ၀န်ကြီး ရာထူးတွေ ပြန်လည် ထားရှိခဲ့ပါတယ်။

ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်အား စိန်ခေါ်လာနေတဲ့ တာဝန်ကြီးကတော့ ၂၀၁၇ ဘတ်ဂျက်ကို အပြီးသတ် ရေးဆွဲနိုင်ရေးပဲ ဖြစ်ပါတယ်။ စစ်တပ်အတွက် ဘတ်ဂျက်ကိုတော့ ယခင်နှစ် နီးပါး အတိုင်း ထားရှိပေးသော်လည်း ပညာရေး၊ ကျန်းမာရေး နဲ့ လူမှုရေး လုပ်ငန်းတွေကို ဦးစားပေး အစီအစဉ်ထားရှိတဲ့ အတွက် အရင်ကထက် တိုးမြှင့် ချထားပေးဖို့ ရှိနေပါတယ်။

နိုင်ငံတကာ မျက်နှာစာမှာတော့ အစိုးရရဲ့ လူ့အခွင့်အရေး မှတ်တမ်းများအပေါ် တိုးမြှင့် ဝေဖန်လာနေမှုများကို ဖြေရှင်းနိုင်ရေးသည် လတ်တလော အရေးအကြီးဆုံး တာဝန်ကြီး ဖြစ်လာနေပါတယ်။ ဖေဖေါ်ဝါရီလ အစောပိုင်းက UNHCR မှ မြန်မာပြည်အပေါ် ပြင်းပြင်းထန်ထန် အပြစ်ဖို့ ထားတဲ့ အစီရင်ခံစာကြောင့်လည်း အခုလို အရေးတကြီး ဖြစ်လာရပါတယ်။ ထိုအစီရင်ခံစာထဲမှာ ရခိုင်ပြည်နယ်အတွင်း အစိုးရရဲ့ ဆောင်ရွက်ခဲ့မှုများသည် လူသားများ အပေါ် ရာဇ၀တ်မှု ကျူးလွန်နေသည့် (Crime against Humanity) သဘောသက်ရောက်နေကြောင်း သုံးသပ်ထားတာ တွေ့ရပါတယ်။

နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အရပ်သား အစိုးရ အနေနဲ့ တပ်မတော်အပေါ် သြဇာ သက်ရောက်လို့ မရတဲ့ အတွက် အောက်တိုဘာလ က စပြီး ရခိုင်ပြည်နယ်အတွင်း စစ်တပ်ရဲ့ အလွန်အကျွံ လုပ်ရပ်များကို ဟန့်တားပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

တပ်မတော်အနေဖြင့် မကြာမီ နှစ်များအတွင်း နိုင်ငံ တံခါးဖွင့်လာခဲ့မှုရဲ့ အကျိုးအမြတ်တွေ ခံစားလာခဲ့ရပေမယ့် သူတို့အဖို့ကတော့ အာဏာအချို့ လက်လွှတ်ပေးခဲ့ရပြီး အပေးအယူ ပြုလုပ်ခဲ့ရတယ်လို့ ထင်မြင်နေကြဆဲ ဖြစ်ပါတယ်။ ဒီအတွက် ရခိုင် ပြည်နယ် နဲ့ မြောက်ပိုင်း ဒေသရှိ စစ်ဆင်ရေးများဆင်နွှဲလာခြင်းဖြင့် နိုင်ငံ၏ လုံခြုံရေး နှင့် ပါတ်သက်လာလျင် မည်သူမှ ၀င်မပါ နှင့် ဟု သတိပေးပြောဆိုလိုပုံ ရပါတယ်။

သို့သော် တိုင်းပြည်ရဲ့ ခေါင်းဆောင်လည်း ဖြစ်၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်လည်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်နေသူများကမူ ညှာတာရကောင်းမှန်း မသိပဲ သူမတွင်လည်း တာဝန်ရှိနေသည်ဟု ပြောဆိုလာကြပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂရဲ့ စွပ်စွဲမှုများတွင် မြန်မာနိုင်ငံအား ကမ္ဘာပေါ်ရှိ အခြား လူ့အခွင့်အရေး ကို ပြောင်ပြောင်ကြီး ချိုးဖေါက်နေခဲ့ကြသော အခြား နိုင်ငံများနှင့် တတန်းစားတည်း ထားရှိခဲ့တာကြောင့် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက "လွန်စွာ စိုးရိမ်ဖွယ်ကောင်းသော အနေအထား" ဟု ပြောဆိုသုံးနှုန်းခဲ့တာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ အစီရင်ခံစာပါ တွေ့ရှိချက်များကြောင့် အတော်လေး စိတ်အနှောက်အယှက် ဖြစ်လျက်ရှိတယ်လို့ အတွင်းလူများက ပြောခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်အတွင်း ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ဖို့ အဆိုပြုချက်တွေကို အတည်ပြုပေးခဲ့တဲ့ အပြင် ပြီးခဲ့သည့် အပါတ်များအတွင်းက ရခိုင်ပြည်နယ်အတွင်း လူ ၂၅၀ ကို နိုင်ငံသား ဖြစ်ခွင့်ပြုခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်းရှိ အစိုးရ ဌာနများတွင် လုပ်ကိုင်နေကြသူ မူဆလင်လူမျိုးများကို ပင်စင်ချီးမြှင့်ရန် နှင့် ကိုယ်ထူကိုယ်ထ ကျောင်းများတွင် လုပ်ကိုင်နေကြသော မူဆလင် ကျောင်းဆရာများကို လစာ ခံစားခွင့်ပေးမယ့် အစီအစဉ်တွေကို အတည်ပြုပေးခဲ့ပါတယ်။ မူဆလင် စာသင်ကျောင်း ၂၀ အား ပြန်လည် မွမ်းမံရန်နှင့် အခြား အဆောက်အအုံများအတွက်ပါ ဗဟိုအစိုးရက ရံပုံငွေ ချပေးခဲ့ပါတယ်။

နိုင်ငံတကာ အသိုက်အ၀န်းမှ ပြန်လည် လက်ခံလာအောင်နှင့် ဖွာယာကျဲလာတဲ့ ပြည်တွင်း ထောက်ခံမှုများကို ကျားကန်နိုင်ရန် အတွက်ပါ ဆထက်ထမ်းပိုး ပြုလုပ်သွားရန် ရှိနေပါတယ်။ အချို့သော ဝေဖန်သူများက သိတ်နည်းလွန်းတယ်၊ သိတ်နောက်ကျသွားပြီလို့ ပြောဆိုမှုတွေရှိနေသော်လည်း စစ်တပ်ကို ထိမ်းချုပ်နိုင်ဖို့၊ မွန်းကျပ်နေတဲ့ ဗြူရိုကရေစီ စနစ်ကို ဖြေလျော့နိုင်ရေး နဲ့ တိုင်းရင်းသား လက်နက်ကိုင်များကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဆက်လက်ပါဝင်စေရေး တို့တွင် မည်မျှပင် သေးငယ်သော လုပ်ရပ်ဖြစ်ပါစေ အောင်မြင်မှု ရသည်ဟု ပင် ဆိုရမှာ ဖြစ်ပါတယ်။ သို့သော် ထို အရှိန်အဟုန်ကို ဆက်လက် ထိမ်းသိမ်းထားနိုင်ဖို့က အဓိက စိမ်ခေါ်မှုကြီး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ပြဿနာသည် ပြုပြင်ပြောင်းလဲရေး ဖေါ်ဆောင်ရာတွင် အခက်ခဲဆုံး ဖြစ်နေပြီး၊ စစ်တပ်ရဲ့ နိုင်ငံရေး အာဏာကို စုစည်းထားတဲ့ အာဏာ တည်ဆောက်မှု ရဲ့ အလည်ဗဟိုချက်မ ကို ထိုးဖေါက်နိုင်ဘို့လည်း ရှိနေပါတယ်။

မည်သို့ပင် ဆိုစေ ယခုကဲ့သို ရှည်လျားပြီး အတိမ်းအစောင်းမခံနိုင်လောက်အောင် အန္တရာယ်များတဲ့ ပွဲကို ဘယ်လို ကစားသွားရမလဲဆိုတာ တိုင်းပြည်ကို အုပ်ချုပ်နိုင်ရေး ၂၇ နှစ်လုံးလုံး စောင့်စားလာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အဖို့ အားလုံးထက်တော့ ပိုသိနေပါတယ်။

ရည်ညွှန်း ။ ။ "Embattled Suu Kyi crafts a fightback strategy" from the Nikkei Asian Review

Hla Soewai >>>>> Maung Tun Wai

No comments:

Post a Comment