Latest News

Friday, February 10, 2017

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ကွင်းဆက်များ ထုတ်ဖော်ပြောဆိုခဲ့သူ ဦးအောင်စိုးက ၎င်း၏လုံခြုံရေး အတွက် ရဲတပ်ဖွဲ့ထံ အကူအညီတောင်းခံ

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ကွင်းဆက်များ ထုတ်ဖော်ပြောဆိုခဲ့သူ ဦးအောင်စိုးက ၎င်း၏လုံခြုံရေး အတွက် ရဲတပ်ဖွဲ့ထံ အကူအညီတောင်းခံ



ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ ကွင်းဆက်များကို ထုတ်ဖော်ပြောဆိုခဲ့သည့် ဦးအောင်စိုးက ၎င်း၏လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ထံ အကူအညီ တောင်းခံထားကြောင်း သိရသည်။

“ရဲလို့ယူဆရသူ တွေကိုတော့ တွေ့ရတယ်။ ဘယ်နှယောက်လည်းတော့ မသိဘူး။ ကျွန်တော့်ကို စစ်ဆေးတဲ့ စီအိုင်ဒီက ရဲအရာရှိကိုလည်း အကူအညီပေးဖို့ ပြောခဲ့တယ်။ ကျွန်တော့်လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ နည်းနည်းပါးပါး အကူအညီပေးပါဦးလို့ ဒီလောက်ပဲ ပြောခဲ့ပါတယ်။ သူကအထက်ကို ဆက်လက်ပြီးတော့ တင်ပြမယ်လို့ ပြောပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် သတင်းစာ၊ ဂျာနယ်များတွင် ရဲတပ်ဖွဲ့က ၎င်းအတွက် လုံခြုံရေးယူထားပေးသည်ဟု တွေ့ရကြောင်း၊ အမည်မဖော်လိုသည့် စေတနာရှင် တစ်ဦးကလည်း CCTV များတပ်ဆင်ပေးထားကြောင်း ၎င်းကဆိုသည်။

“CCTV တပ်ထားတော့ တကယ်လို့ ကျွန်တော်တစ်ခုခု ဖြစ်ခဲ့ရင်လည်း မှတ်တမ်းအဖြစ် ကျန်ရစ်မယ်။ နောက်ညဘက် ကျွန်တော်ဆိုင်တံခါး ပိတ်ပြီးတော့ ညဘက်အိပ်တဲ့ အချိန်မှာလည်း ကျွန်တော့် အိမ်ပတ်လည်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို မြင်တွေ့နေရတဲ့အတွက် အများကြီး အကျိုးဖြစ်ထွန်းပါတယ်။ လုံခြုံမှုပိုရှိသလို ခံစားရတာပေါ့” ဟု ဦးအောင်စိုးက ပြောကြားသည်။

ထို့ပြင် ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ကွင်းဆက်များကို အများပြည်သူသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမှာ လုပ်ကြံပြောဆိုမှုများ မပါကြောင်း ၎င်းကပြောကြားသည်။

“ငါမှမပြောရင် မပေါ်လောက်ဘူးလို့ ကျွန်တော့်စိတ်ထဲထင်တယ်။ ရှေ့မှာ အစဉ်အလာတွေ ရှိဖူးတယ်။ အဲဒီလိုအတွေးနဲ့ ကျွန်တော်ပြောခဲ့တာ။ ပြောမယ့်ကိစ္စကို ကျွန်တော့် မိန်းမလည်း မတိုင်ပင်ဘူး။ တိုင်ပင်ရင် တားမှာစိုးလို့။ ကိုယ့်သဘောနဲ့ကိုယ် ပြောခဲ့ခြင်းဖြစ်တယ်။ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စလည်း ဖြစ်တယ်” ဟု ဦးအောင်စိုးက ဆိုသည်။

ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သည့် ကြည်လင်းနှင့်အတူ အောင်ဝင်းဇော်နှင့် ဦးအောင်စိုးတို့မှာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှအတူတူ လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရပြီး ယင်းသို့လွတ်မြောက်ပြီး နောက်နှစ်နှစ်အကြာတွင် အောင်ဝင်းဇော်က အင်းစိန်မြို့နယ်၌ ဆံသဆရာအဖြစ် လုပ်ကိုင်စားသောက်နေသည့် ဦးအောင်စိုးထံသို့ လာရောက်ကာ လူမျိုးခြား၊ ဘာသာခြား၊ နိုင်ငံခြားသံတမန် တစ်ဦးကို လုပ်ကြံပေးရမည်ဟုဆိုပြီး ငွေကြေး အမြောက်အမြားပေးကာ ကမ်းလှမ်းခဲ့ကြောင်း ဦးအောင်စိုးက ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းသို့ ထုတ်ဖော်ပြောကြားပြီးနောက် ၎င်းကို အင်းစိန်စီအိုင်ဒီမှ ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၁ နာရီခန့်က NLD ပါတီ ဥပဒေအထောက်အကူပြု အဖွဲ့ဝင် ဦးကိုနီ လုပ်ကြံခံရခြင်းနှင့် ပတ်သက်၍ လိုအပ်သည့် အချက်အလက် တချို့အား သဲလွန်စရှာဖွေနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ရဲမှူးချုပ်ဝင်းနိုင်က ခေါ်ယူမေးမြန်းခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ ၈ ရက်နံနက် ၉ နာရီကျော် ခန့်တွင်လည်း ကြည်လင်း၊ အောင်ဝင်းဇော်တို့နှင့် ဦးအောင်စိုးတို့ မည်သို့မည်ပုံ သိခဲ့ရပုံများ အပါအ၀င် A4 စာရွက် ၁၀ မျက်နှာခန့်ကို မေးမြန်းခဲ့ကြောင်း သိရသည်။

Sources : Eleven Media Group

No comments:

Post a Comment