ပြင်သစ်မှာ ကြက်ငှက်တုပ်ကွေးကြောင့် ဘဲအကောင်ရေခြောက်သိန်း
ကို သုတ်သင်ရမည်
ပြင်သစ်နိုင်ငံမှာ H5N8 ကြက်ငှက်တုပ်ကွေး ကူးစက်ဖြစ်ပွားနေမှုကြောင့် နောက်ထပ် ဘဲအကောင်ရေ ၆၀၀,၀၀၀ ကို ရှင်းလင်းသုတ်သင်သွားမယ် လယ်ယာစိုက်ပျိုးရေးဝန်ကြီး စတီဖနီလီဖိုးလ်က ယနေ့ (ဖေဖေါ်ဝါရီ ၂၁ ရက်) ပြောပါတယ်။ ဘဲများကို ရှင်းလင်းသုတ်သင်မှုအား ပြင်သစ်အနောက်တောင်ပိုင်း လန်ဒက်စ်ဒေသမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အဆိုပါ ဒေသဟာ ပြင်သစ်နိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေး အဓိကလုပ်ကိုင်ရာ နေရာဖြစ်ကြောင်း သိရပါတယ်။
"အရှေ့ပိုင်းဒေသမှာ ဘဲအကောင်ရေ အများအပြားကို ရှင်းလင်းသုတ်သင်ခဲ့ပါတယ်၊ H5N8 ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်ဖို့အတွက် ရှင်းလင်းသုတ်သင်မှု ပြုလုပ်သွားရမယ့် နယ်မြေတစ်ခု ရှိနေသေးတာကို ကျွန်တော်တို့ သိပါတယ်" လို့ လီဖိုးလ်က ဒေသတွင်း ရေဒီယိုသတင်းဌာနက France Bleu ကို ပြောပါတယ်။
ဥရောပဒေသအတွင်း ပြင်သစ်နဲ့ ဟန်ဂေရီမှာ H5N8 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးဖြစ်ခဲ့ပါတယ်။ H5N8 ဟာ ပြီးခဲ့တဲ့ ၃ လအတွင်း အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာလည်း ကူးစက်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ပြင်သစ်နိုင်ငံမှာ H5N8 ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ရန် ဇန်နဝါရီလအတွင်းကလည်း ကြက်၊ ဘဲအကောင်ရေ များပြားစွာ ရှင်းလင်းသုတ်သင်ခဲ့ရပါတယ်။ သို့သော် H5N8 ကူးစက်ဖြစ်ပွားတဲ့ စိုက်ပျိုးမွေးမြူးရေးခြံများ ဆက်လက် များပြားနေဆဲဖြစ်တာကြောင့် ရှင်းလင်းသုတ်သင်မှုတွေ ထပ်မံ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။
စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူတွေရဲ့ ခန့်မှန်းချက်အရ ပြင်သစ်မှာ H5N8 ကြက်ငှက်တုပ်ကွေးကြောင့် ကြက်၊ ဘဲအကောင်ရေ ၃.၂ သန်းကျော်ကို သုတ်သင်ခဲ့ပြီးဖြစ်ကာ အစိုးရက ထပ်မံ သုတ်သင်မှုတွေ ပြုလုပ်သွားမှာဖြစ်တာကြောင့် အရေအတွက်ဟာ ၃.၄ သန်းအထိ ရှိလာနိုင်ကြောင်း သိရပါတယ်။ ဥရောပအပြင် အာရှနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာလည်း ကြက်ငှက်တုပ်ကွေး ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားနေပါတယ်။
တရုတ်နိုင်ငံမှာ ယမန်နှစ် အောက်တိုဘာလမှစပြီး ယခုနှစ် ဇန်နဝါရီလအထိ H7N9 အမျိုးအစား ကြက်ငှက်တုပ်ကွေးကြောင့် သေဆုံးသူ ၁၀၀ အထိရှိလာကြောင်းလည်း အမျိုးသားကျန်းမာရေးနဲ့ မိသားစုစီမံကိန်း ကော်မရှင်ကဖေဖေါ်ဝါရီ ၁၄ ရက်က သတင်းထုတ်ပြန်ထားပါတယ်။ တောင်ကိုရီးယားမှာလည်း H5N6 ကြက်ငှက်တုပ်ကွေးကြောင့် ကြက်၊ ဘဲအကောင်ရေ ၁၆ သန်းကျော်အထိ ရှင်းလင်းသုတ်သင်ခဲ့ရကြောင်း ယမန်နှစ် ဒီဇင်ဘာလအတွင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ အလားတူ ဂျပန်နိုင်ငံမှာလည်း ကြက်ငှက်တုပ်ကွေးကြောင့် ကြက်၊ ဘဲများ ရှင်းလင်းသုတ်သင်ရမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment