Latest News

Saturday, February 25, 2017

ဦးကိုနီကို လုပ်ကြံရန် သိန်း ၁၀၀၀ သုံးစွဲခဲ့သူ ဇေယျာဖြိုးပိုင်ကုမ္ပဏီများ မှတ်ပုံတင်မထား

ဦးကိုနီကို လုပ်ကြံရန် သိန်း ၁၀၀၀ သုံးစွဲခဲ့သူ ဇေယျာဖြိုးပိုင်ကုမ္ပဏီများ

မှတ်ပုံတင်မထား

ဖေဖော်ဝါရီ ၂၅ ။               ။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီအား လုပ်ကြံရန် ငွေသိန်းပေါင်း ၁၀၀၀ သုံးစွဲခဲ့သူ ဇေယျာဖြိုးသည် ကုမ္ပဏီ လေးခုကို ပိုင်ဆိုင်ထားပြီး သူ့ပိုင်ကုမ္ပဏီများ အားလုံး မှတ်ပုံ တင်မထားသည်ကို လေ့လာတွေ့ရှိရသည်။

အသက် ၄၂ နှစ် အရွယ်ရှိ စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် ၃၈ ဆင်း ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးသည် နိုင်ငံသား စိစစ်ရေးကဒ် လေးခု ပိုင်ဆိုင်သော်လည်း သူပိုင်သည့် ကုမ္ပဏီများမှာမူ မှတ်ပုံတင်ထားခြင်း မရှိပေ။

ZYP Co., Ltd., ၊ AIS Co., Ltd., ၊ 38 Group Company ၊ ရောင်ဝါဖြိုးကုမ္ပဏီ စသည်တို့ကို တည်ထောင်ပိုင်ဆိုင်ထားသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ဖေဖော်ဝါရီ ၂၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။ သို့သော် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန အင်တာနက်စာမျက်နှာတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီစာရင်းတွင် မတွေ့ရှိရပေ။

ရောင်ဝါဖြိုးကုမ္ပဏီကို ၂၀၁၆ ခုနှစ် နှစ်စပိုင်းတွင် တည်ထောင်ခဲ့သည်ဟု ရဲချုပ်ဇော်ဝင်းက ယနေ့ဆိုသည်။

“ရောင်ဝါဖြိုး ကုမ္ပဏီကို ပူးပေါင်း တည်ထောင်ကာ အောင်ဝင်းခိုင် (လွတ်မြောက်နေဆဲ) မှ MD ဒါရိုက်တာများအဖြစ် ဇေယျာဖြိုး၏ ဇနီးဖြစ်သူ မသီတာလွင်၊ ညီဖြစ်သူ ရဲဟိန်းတို့အားဆောင်ရွက်   စေခဲ့ပါတယ်” ဟု ရဲချုပ်က ဆိုသည်။

သို့သော် ထိုကုမ္ပဏီများသည် မည်သည့် လုပ်ငန်းများ လုပ်ဆောင်နေသည်ကို ရဲချုပ်က ပြောဆိုသွားခြင်း မရှိသကဲ့သို့ ထိုကုမ္ပဏီများ၏ ရုံးချုပ်နှင့် တည်နေရာကို ပြောဆိုသွားခြင်းမရှိပါ။ ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်မှုအပြီး ဖြစ်စဉ်ကို ရဲချုပ်က ပြောဆိုရင်း ဇန်နဝါရီလ ၃၀ ရက်က ဇေယျာဖြိုးနှင့် အောင်ဝင်းခိုင်တို့သည် နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် ပဒုမ္မာ (၂) လမ်းရှိ ရောင်ဝါဖြိုး ကုမ္ပဏီရုံးခွဲသို့ သွားရောက်ခဲ့သည်ဟုလည်း ရဲချုပ်က ပြောဆိုခဲ့သည်။

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ရန် ၂၀၁၆ ခုနှစ် ဧပြီလတွင် စတင်ခဲ့သည်ဟု ရဲချုပ်က ပြောသည်။ “ဇေယျာဖြိုးဟာ ၂၀၁၆ ခုနှစ် ဧပြီလဆန်းမှာ အောင်ဝင်းခိုင်၊ ဦးလင်းဇော်ထွန်းတို့နှင့် တာမွေမြို့နယ် မော်ဒန် လက်ဖက်ရည်ဆိုင်မှာ မကြာခဏ သုံးဦး တွေ့ဆုံစဉ်မှာ လူမှုကွန်ယက်များမှာ တွေ့နေကြရတဲ့ ဦးကိုနီရဲ့ ပြောဆိုလုပ်ကိုင် ဆောင်ရွက်နေမှုများကို ပြောဆို ဆွေးနွေးခဲ့ကြပြီးတဲ့အခါမှာတော့ လူငယ်သဘာဝအရ ပုဂ္ဂိုလ်ရေးရာ မကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရှိရပါတယ်” ဟု ရဲချုပ်က ပြောသည်။

လုပ်ကြံမှုအတွက် ငွေပေးချေမှုကို ၂၀၁၆ ခုနှစ် သြဂုတ်လ ပထမပတ်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ် မော်ဒန်လက်ဖက်ရည်ဆိုင်တွင် အောင်ဝင်းခိုင်နှင့် ဇေယျာဖြိုးတို့ တွေ့ဆုံကာ ကျပ်ငွေ သိန်း ၁၀၀၀ ပေးအပ်ခဲ့သည်ဟု ရဲချုပ်က ပြောသည်။

“အောင်ဝင်းခိုင်မှာ ဦးကိုနီအား သတ်ဖြတ်ရန်အတွက် ငွေကြေးလိုအပ်ကြောင်း ပြောကြားခဲ့သဖြင့် သြဂုတ်လ ဒုတိယပတ်ခန့်မှာ ဇေယျာဖြိုးမှ အောင်ဝင်းခိုင်ကို မော်ဒန် လက်ဖက်ရည်ဆိုင်သို့ ချိန်းဆိုပြီး ငွေကျပ် သိန်း ၁၀၀၀ အား ပေးအပ်ခဲ့ပါတယ်” ဟု ဆိုသည်။

ငွေပေးချေရာတွင် ဘဏ်က လွှဲသည်လား၊ လက်ငင်းပေးသည်လား ဆိုသည်ကိုမူ ရဲချုပ်က ရှင်းလင်းစွာ ပြောဆိုခြင်းမရှိပါ။ သို့သော် သတင်းစာရှင်းလင်းပွဲတွင် ပြသထားသော ဇေယျာဖြိုးထံမှ သိမ်းဆည်းရမိသည့် ပစ္စည်းများ မှတ်တမ်းဓာတ်ပုံတွင်မူ “ဇေယျာဖြိုးမှ ငွေလွှဲရန် ဆောင်ရွက်နေသည့် မှတ်တမ်း” ဟု ပုံစာထိုးလျက် ပြသထားသည်ကို တွေ့ရှိရသည်။

လုပ်ကြံသတ်ဖြတ်မှုကို ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့်ဟု ရဲက ကောက်ချက်ဆွဲထားခဲ့ပြီး  အမှုကွင်းဆက်သည် ထွက်ပြေးလွတ်မြောက်နေသေးသည့် အောင်ဝင်းခိုင်ကို ဖမ်းမိမှသာလျှင် ရုပ်လုံးပေါ်လာမည်ဖြစ်ပြီး မည်သည့်အတွက် လုပ်ကြံသတ်ဖြတ်သည်ကို အဖြေထုတ်နိုင်မည်ဟုလည်း ရဲက ဆိုသည်။


ရန်ကုန်လေဆိပ်တွင် ဖြစ်ပွားခဲ့သော ဦးကိုနီပစ်ခတ်သတ်ဖြတ်ခံရမှု မှုခင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ မူးယစ်ဆေးဝါးပြတိုက်တွင် ပြုလုပ်ကျင်းပခဲ့သည်။

 Mizzima

No comments:

Post a Comment