Latest News

Thursday, February 16, 2017

မိမိထုတ်လုပ်သည့် အစားအသောက်များ၏ အမှတ်တံဆိပ် ဖော်ပြချက်တွင် သတ်မှတ်ထားသော အချက်အလက်များ ပြည့်စုံစွာ ဖော်ပြရန် ပြည်တွင်း အစားအသောက် ထုတ်လုပ်သူများအား ညွှန်ကြား

မိမိထုတ်လုပ်သည့် အစားအသောက်များ၏ အမှတ်တံဆိပ် ဖော်ပြချက်တွင် သတ်မှတ်ထားသော အချက်အလက်များ ပြည့်စုံစွာ ဖော်ပြရန် ပြည်တွင်း အစားအသောက် ထုတ်လုပ်သူများအား ညွှန်ကြား



ပြည်တွင်း အစားအသောက် ထုတ်လုပ်သူများ အနေဖြင့် မိမိတို့ထုတ်လုပ်သည့် အစားအသောက်များ၏ အမှတ်တံဆိပ် ဖော်ပြချက်တွင် သတ်မှတ်ထားသော အချက်အလက်များကို ပြည့်စုံစွာဖော်ပြရန် ညွှန်ကြားထားပြီး လိုက်နာခြင်း မရှိပါက ဥပဒေအရ စိစစ်အရေးယူသွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိပေး ကြေညာထားသည်။

အစားအသောက်များ၏ အမှတ်တံဆိပ် ဖော်ပြချက်တွင် လုပ်ငန်းတည်နေရာလိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲ၊ ထုတ်လုပ်အပတ်စဉ် အမှတ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၏ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်အမှတ်နှင့် လိုင်စင်အမှတ်များ ထည့်သွင်းဖော်ပြရန် လိုအပ်ကြောင်းနှင့် အစားအသောက် ထုတ်လုပ်သူများအနေဖြင့် မိမိတို့ထုတ်လုပ်သည့် အစားအသောက်များ၏ အမှတ်တံဆိပ် ဖော်ပြချက်တွင် အထက်ပါ အချက်အလက်များကို ၂၀၁၇ ခုနှစ် မတ်လကုန် နောက်ဆုံးထား၍ ထည့်သွင်းဖော်ပြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားကြောင်း သိရသည်။

အစားအသောက်များတွင် မသမာသော နည်းလမ်းများ အသုံးပြုနေသည်ကို သိရှိပါက ဥပဒေအရ တားဆီးအရေးယူနိုင်သည့် အဖွဲ့အစည်းများ အားလုံးသို့ သတင်းပေးတိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။

“မုန့်ဖတ်တွေမှာ ဖော်မလင်တွေထည့်တယ်။ အကြော်ကြော်တဲ့ဆီတွေမှာ ဆီအ ကြော်ခံအောင် ပလတ်စတစ်ဘူးတွေ တွေ့တယ်။ အစားအသောက်တွေမှာ ခွင့်မပြုဆိုးဆေးတွေသုံးတယ် ဆိုတာတွေကိုသိရင် FDA မှမဟုတ်ဘူး။ ဥပဒေအရ တားဆီးအရေးယူနိုင်တဲ့ အဖွဲ့အစည်းတွေ အားလုံးကို သတင်းပေး တိုင်ကြားနိုင်တယ်။ အစားအသောက် ထုတ်လုပ်သူတွေက တားမြစ်ဆိုးဆေးတွေ အပါအ၀င် အခြားမသမာသော နည်းလမ်းတွေ မသုံးဖို့ တာဝန်အရှိဆုံးသူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့က ကုန်ပစ္စည်းတွေ ထုတ်လုပ်၊ တင်သွင်း၊ တင်ပို့၊ သိုလှောင်၊ ဖြန့်ဖြူးဖို့ ထောက်ခံပေးတဲ့ဌာန ဖြစ်ပါတယ်။ ထောက်ခံချက်ပေးသလို ပြန်လည်စိစစ်ချိန်မှာ စံမမီရင်လည်း ထောက်ခံချက်ကို ရုပ်သိမ်းနိုင်ပါတယ်” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စားသုံးသူများ၏ အငြင်းပွားမှုဆိုင်ရာ ကိစ္စများ ဖြေရှင်းပေးရန် ‘စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့’ ကို ဖွဲ့စည်းထားကြောင်း စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ သိရသည်။

စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သို့ ဆက်သွယ်လိုပါက စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ စားသုံးသူရေးရာ ဦးစီးဌာနသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။


အိသဉ္ဇာကျော်

Eleven Media Group

No comments:

Post a Comment