Latest News

Thursday, February 16, 2017

တောင်ဥက္ကလာပမြို့နယ် (၄) ရပ်ကွက်ရှိ လူနေထိုင်ခြင်း မရှိသည့် တိုက်ခန်းအတွင်း စွန့်ပစ်ထားသော မွေးကင်းစကလေးတစ်ဦး တွေ့ရှိ

တောင်ဥက္ကလာပမြို့နယ် (၄) ရပ်ကွက်ရှိ လူနေထိုင်ခြင်း မရှိသည့် တိုက်ခန်းအတွင်း စွန့်ပစ်ထားသော မွေးကင်းစကလေးတစ်ဦး တွေ့ရှိ



တောင်ဥက္ကလာပမြို့နယ် (၄)ရပ်ကွက်ရှိ လူနေထိုင်ခြင်း မရှိသည့် နေအိမ်တိုက်ခန်းအတွင်း စွန့်ပစ်ထားသော မွေးကင်းစကလေးငယ်တစ်ဦး တွေ့ရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်တွင် စုံစမ်း သိရှိရသည်။

ဖေဖော်ဝါရီ ၁၅ ရက် ည ၁၀ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ် (၄)ရပ်ကွက် စာဂလမ်း အမှတ် ၈၆၁ ပထမထပ်တွင် ကလေးငယ်တစ်ဦး ငိုသံကြားသဖြင့် အနီးပတ်ဝန်းကျင်ရှိ လူများက ယင်းတိုက်ခန်းအတွင်း ၀င်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ယင်းသို့ ၀င်ရောက်ရှာဖွေရာ အဆိုပါ တိုက်ခန်းနောက်ဖေး မီးဖိုခန်းတွင် မွေးကင်းစ ကလေးငယ်တစ်ဦးအား ဆာလာအိတ်ဖြင့် ထုပ်ထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

“ကလေးငိုသံကြားတော့ အစက အနီးအနားက ကလေးလို့ပဲ ထင်တာ။ နောက်တော့ ငိုသံက ပိုဆိုးလာတယ်။ အဲဒီချိန်မှာ ငိုသံကြားတဲ့ နေရာကို လိုက်ရှာတယ်။ လူမနေတဲ့ တိုက်ခန်းထဲကဖြစ်နေတော့ ကျွန်မတို့ ၀င်ကြည့်တယ်။ တိုက်ခန်းနောက်ဘက် မီးဖိုချောင်ထဲမှာ ကလေးကို အိတ်လေးနဲ့ထုပ်ပြီး တွေ့တယ်။ အဲဒီလိုတွေ့တော့ အနီးအနားပတ်ဝန်းကျင်က လူတွေကိုခေါ်ပြီး အကူအညီတောင်းလိုက်ရတာ” ဟု ကလေးငယ် တွေ့ရှိခဲ့သည့်တိုက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ထိုသို့ တွေ့ရှိခဲ့သည့် ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး မွေးဖွားထားသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

“ကလေးကို ကျွန်မကိုယ်တိုင်ပဲ ဆေးရုံကိုခေါ်သွားတယ်။ ပြီးတော့ လိုအပ်တဲ့စောင့် ရှောက်မှုတွေ ပြုလုပ်နိုင်အောင် ဆေးရုံမှာ စောင့်ပေးတယ်။ ကလေးကိုတွေ့တဲ့အခန်းက လူမနေဘူး။ လူမနေဘူးဆိုတာက အဲဒီအခန်းက ငှားမယ့်သူမရှိသေးတာ။ အောက်ထပ်မှာက အိမ်ရှင်တွေနေတယ်။ ကျွန်မသိတာကတော့ ကလေးတွေ့တဲ့နေ့မှာ အဲဒီတိုက်ခန်းပိုင်ရှင်က လူလွှတ်ပြီး အခန်းသန့်ရှင်းရေး လုပ်တယ်လို့ သိရတယ်။ သန့်ရှင်းရေးလုပ်ပြီး ခဏအပြင်ကို ထွက်တော့ တံခါးကို သော့မခတ်ခဲ့ဘဲ စေ့ရုံပဲထားသွားတယ်ပြောတယ်။ သူလည်း သန့်ရှင်းရေးလုပ်ပြီး အခန်းကို သော့ပိတ်ပြီး ထားခဲ့လို့လည်း သိရတယ်။ ည ၁၀ နာရီလောက်ကျတော့ ကလေးငိုသံက ပိုဆိုးလာတော့ အဲဒီတိုက်ခန်းပိုင်ရှင်က လိုက်ရှာရင်း ကလေးကိုတွေ့တာပါ။ ကလေးကိုတော့ အခုရန်ကင်းဆေးရုံမှာ တင်ပို့ထားပြီး ကုသနေပါတယ်။ ကလေးငယ် အသက်ရှင်တာပဲ ကံကောင်းတယ်လို့ ပြောရမှာပေါ့” ဟု စွန့်ပစ်ခံခဲ့ရသည့်ကလေးငယ်အား ဆေးရုံသို့ လိုက်လံ ပို့ဆောင်ပေးသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား တောင်ဥက္ကလာပ မြို့မရဲစခန်းက အမှုဖွင့်အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် တာမွေမြို့နယ် မလွှကုန်း ဌေးကြွယ်(က)ရပ်ကွက်၊ ဇဋိလလမ်းနှင့် ဇောတိက လမ်းနောက်ဖေးလမ်းကြားတွင် ချက်ကြိုးတန်းလန်းဖြင့် မွေးကင်းစ မိန်းကလေးငယ်တစ်ဦးအား လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကလေးငယ်မှာ ယင်းနေ့ညပိုင်းတွင် ရန်ကင်းကလေးဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ဦးခေါင်းခွံရိုးကျိုး ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး အဆိုပါဖြစ်စဉ်မှ လာရောက်စွန့်ပစ်သွားသူအား သက်ဆိုင်ရာတာဝန်ရှိသူများက ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

သီဟ၊ သန့်ဇင်ကျော်


Eleven Media Group

No comments:

Post a Comment