Latest News

Monday, January 9, 2017

ရေပန်းစားသည့်အတိုင်း ၂၀၁၆ ခုနှစ်အတွက် FIFA အကောင်းဆုံးဆုကို စီရော်နယ်လ်ဒို ဆွတ်ခူး

ရေပန်းစားသည့်အတိုင်း ၂၀၁၆ ခုနှစ်အတွက် FIFA အကောင်းဆုံးဆုကို စီရော်နယ်လ်ဒို ဆွတ်ခူး

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ချီးမြှင့်သည့် ၂၀၁၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုပေးပွဲအခမ်းအနားကို ဇန်န၀ါရီ ၉ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

FIFA သည် ယခုနှစ်မှစ၍ The Best FIFA Football Awards အမည်ဖြင့် ပြောင်းလဲချီးမြှင့်ခဲ့ပြီး အစီအစဉ် တင်ဆက်သူအဖြစ် နာမည်ကြီး အမေရိကန် အမျိုးသမီး သရုပ်ဆောင် အီဗာလောင်ဂိုရီယာနှင့် ဂျာမနီ ရုပ်သံအစီအစဉ် တင်ဆက်သူ မာကိုရှာရယ်တို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဓိကဆုဖြစ်သည့် အကောင်းဆုံး အမျိုးသားကစား သမားဆုကို ရေပန်းစားသည့်အတိုင်း ရီးယဲလ် အသင်းနှင့် ချန်ပီယံလိဂ်ဖလား၊ ကလပ်ကမ္ဘာ့ဖလား၊ ပေါ်တူဂီအသင်းနှင့် ယူရိုချန်ပီယံ ဖလားများရရှိထားသည့် စီရော်နယ်လ်ဒိုက ဆွတ်ခူးရရှိခဲ့ပြီး FIFA အကောင်းဆုံးဆုကို လေးကြိမ်မြောက် (၂၀၀၈၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆) ရရှိခြင်းဖြစ်သည်။

အမျိုးသား နည်းပြဆုကို လက်စတာ အသင်းအား ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူပေးခဲ့သည့် အီတလီနိုင်ငံသား ရာနီရေးရီ၊ ပွတ်ရှ်ကပ်စ် (အကောင်းဆုံး သွင်းဂိုး) ဆုကို အံ့အားသင့်ဖွယ် ပြစ်ဒဏ်ဘောကန်ချက်ဖြင့် မလေးရှား စူပါလိဂ်ကလပ် ပီနန်အသင်းတိုက်စစ်မှူး ဆူဘရီက ဆွတ်ခူး ရရှိခဲ့သည်။

FIFA နှင့် နိုင်ငံတကာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့ချုပ် (FIFPro) တို့ ရွေးချယ်သည့် ကမ္ဘာ့အကောင်းဆုံး အသင်းစာရင်းတွင် ဥရောပ ချန်ပီယံလိဂ် ချန်ပီယံ ရီးယဲလ်အသင်းမှ ကစားသမားငါးဦးဖြင့် အများဆုံးရွေးချယ်ခံရပြီး ဘာစီလိုနာအသင်းမှ လေးဦး၊ ဘိုင်ယန်မြူးနစ်နှင့် ဂျူဗင်တပ်စ်မှ တစ်ဦး ပါဝင်ခဲ့သည်။

■ The Best ဆုပေးပွဲတွင် ချီးမြှင့်ခဲ့သည့် ထူးချွန်ဆုများ

အကောင်းဆုံးအမျိုးသားဆု - စီရော်နယ်လ်ဒို (ရီးယဲလ်/ပေါ်တူဂီ)

အကောင်းဆုံးအမျိုးသမီးဆု - ကာလီလွိုက်ဒ် (ဟူစတန်ဒက်ရှ်/အမေရိကန်)

အကောင်းဆုံးအမျိုးသားနည်းပြဆု - ရာနီရေးရီ (လက်စတာ)

အကောင်းဆုံးအမျိုးသမီးနည်းပြဆု - ဇေလ်ဗီယာနိုက် (ဂျာမနီ)

အကောင်းဆုံးသွင်းဂိုး (ပွတ်ရှ်ကပ်စ်) ဆု - မိုဟာမက်ဖိုင်ဆူဘရီ (ပီနန်/မလေးရှား)

FIFA Fair Play ဆု - အက်သလက်တီကိုနေစီယွန်နယ် (ကိုလံဘီယာ)

အကောင်းဆုံးပရိသတ်ဆု - လီဗာပူးလ် နှင့် ဒေါ့မွန် (၁၄-၄-၂၀၁၆ ယူရိုပါလိဂ်)

ကစားသမားဘ၀တစ်လျှောက်ထူးချွန်ဆု - ဖယ်လ်ကာအို (ဘရာဇီးလ်/ဖူဆယ်)

■ FIFA FIFPro World XI ကမ္ဘာ့အကောင်းဆုံးအသင်း
ဂိုး - နူအာ (ဘိုင်ယန်မြူးနစ်/ဂျာမနီ)၊ နောက်တန်း - အဲလ်ဗတ်စ် (ဂျူဗင်တပ်စ်/ဘရာဇီးလ်)၊ ပီကေး (ဘာစီလိုနာ/စပိန်)၊ ရာမို့စ် (ရီးယဲလ်/စပိန်)၊ မာဆယ်လို (ရီးယဲလ်/ဘရာဇီးလ်)၊ အလယ်တန်း - မိုဒရစ် (ရီးယဲလ်/ခရိုအေးရှား)၊ တိုနီကရူးစ် (ရီးယဲလ်/ဂျာမနီ)၊ အင်နီယေစတာ (ဘာစီလိုနာ/စပိန်)၊ ရှေ့တန်း - မက်ဆီ (ဘာစီလိုနာ/အာဂျင်တီးနား)၊ ဆွာရက်ဇ် (ဘာစီလိုနာ/ဥရုဂွေး)၊ စီရော်နယ်လ်ဒို (ရီးယဲလ်/ပေါ်တူဂီ)

Sources & Photos: AFP/Eleven

No comments:

Post a Comment