Latest News

Monday, January 16, 2017

ပုသိမ်မြို့ မနောဖြူ မီးသင်္ဂြိုဟ်စက် ချို့ယွင်း

ပုသိမ်မြို့ မနောဖြူ မီးသင်္ဂြိုဟ်စက် ချို့ယွင်း

ပုသိမ်၊ ဇန်နဝါရီလ ၁၆

ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ်(၈) နယ်မြေရှိ သရောင်းချောင်းသုဿန်တွင် အသုံးပြုနေသော မနောဖြူ မီးသင်္ဂြိုဟ်စက်မှ အောက်ခံ မီးထိုးပေါက် သံတုံးများမှာ ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) နံနက်ပိုင်းက ကျိုးကာ ချိုးယွင်းခဲ့ကြောင်း မနောဖြူ လူမှုကူညီရေး အဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ သင်္ဂြိုဟ်စက် ပြုပြင်ရန် သုံးရက်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း၊ အသုံးမပြုဘဲ ရပ်ထားသော ဒီဇယ်ဆီသုံး သင်္ဂြိုဟ်စက်ဖြင့် အစားထိုး ဆောင်ရွက်ပေးမည် ဖြစ်သောကြောင့် အချိန်ကြာမြင့်မှုနှင့် ဆောင်ရွက်ရာတွင် အဆင်မပြေပါက သည်ခံပေးရန် မေတ္တာရပ်ခံရကြောင်း မနောဖြူ လူမှုကူညီရေးအဖွဲ့ (ပုသိမ်) ၏ သြဝါဒ ဆရာတော် အဘယသီဝံက မိန့်ကြားသည်။

နာရေးရှင်များ၏ ဆန္ဒအရ အရိုးကောက် လိုခြင်း၊ ပြာကိုရယူခြင်း၊ အလောင်း မြေမြုပ်လိုခြင်း၊ ဒီဇယ်ဆီ အသုံးပြုခြင်းနှင့် အစားထိုး အသုံးပြုမည့် မီးသင်္ဂြိုဟ်စက် အဟောင်းမှာ အချိန်ကြာမြင့်နိုင်သောကြောင့် အခက်အခဲများ ရှိနိုင်ကြောင်း မနောဖြူ လူမှုကူညီရေး အဖွဲ့မှ ဦးဝင်းခိုင်က ပြောဆိုသည်။

စပါးခွံ လောင်စာနှင့် လေအား အသုံးပြုသည့် မနောဖြူ မီးသင်္ဂြိုဟ်စက် တည်ဆောက် အသုံးပြုမှုမှာ ငါးနှစ်ကြာမြင့်နေပြီး  ၄ လက်မ ထု × ၂၈ လက်မ × ၁၈ လက်မ ရှိသည့် အောက်ခံ မီးထိုးပေါက် သံတုံး၂ တုံးမှာ မီးလောင်ကျွမ်းမှုကြောင့် ကျိုးပျက်သွားကြောင်း၊ အသုံး မပြုတော့သည့် ဒီဇယ်လောင်စာသုံး ယခင် မီးသင်္ဂြိုဟ်စက်ဟောင်းနှင့် ယခု ချို့ယွင်းသွားသော စပါးခွံ လောင်စာသုံး မီးသင်္ဂြိုဟ်စက်တို့မှာ နာရေး လိုအပ်ချက်အပေါ် အချိန် လုံလောက်မှု အခက်အခဲ ရှိနိုင်သဖြင့် နောက်ထပ် မီးသင်္ဂြိုဟ်စက် တစ်လုံးကို စေတနာရှင်များ ဖိတ်ခေါ်ကာ ဆောင်ရွက်ရန် စီစဉ်မည်ဖြစ်ကြောင်း ပုသိမ်မြို့ စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

Sources; The Voice

No comments:

Post a Comment