Latest News

Thursday, January 5, 2017

ကျောက်တော်ရှိ မဟာမြတ်မုနိဘုရားတွင် ကပ်လှူထားသော ရွှေများကို ခွာချမည်

ကျောက်တော်ရှိ မဟာမြတ်မုနိဘုရားတွင် ကပ်လှူထားသော ရွှေများကို ခွာချမည်


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ သမိုင်းဝင်မဟာမြတ်မုနိဘုရား၌  ကပ်လှူထားသောရွှေများကို တတ်သိနားလည်သောပညာရှင်များကို ခေါ်ယူကာ ခွာချတော့မည်ဖြစ်ကြောင်း ဘုရားဂေါပကများထံမှ သိရသည်။

အဆိုပါ မဟာမုနိရုပ်ပွားတော်ပေါ်ရှိရွှေများကို ပြန်လည်ခွာယူမည့်ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာအစိုးရအဖွဲ့ထံတင်ပြပြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ခွာယူမည်ဖြစ်ကာ ရှေးမူလက်ရာများ မပျက်စီးရန်အတွက်လည်း မန္တလေးမြို့မှ တတ်သိနားလည်သော ပညာရှင်များကို ခေါ်ယူသွားမည်ဖြစ်ကြောင်း            
မဟာမုနိဂေါပက အဖွဲ့ဝင် ဦးညိုသာလှက ပြောသည်။

 ဦးညိုသာလှက ''မူလကပ်ထားတဲ့ ရွှေတွေကို ပြန်ခွာဖို့ ပြည်နယ်အစိုးရကို တင်ပြတယ်။ ပြည်နယ်ကတဆင့် ပြည်ထောင်စုအစိုးရကို တင်တယ်ပေါ့။ အခုတော့ ရွှေကို ပြန်ခွာဖို့ ခွင့်ပြုချက်ကျပါပြီ။ ရွှေကို ပြန်ခွာတဲ့နေရာမှာလည်း ရှေးမူလက်ရာ
မပျက်အောင် မန္တလေးကနေ ပညာ ရှင်တွေကို ခေါ်ယူပြီး ခွာမှာပါ'' ဟု ပြော သည်။

လက်ရှိအချိန်တွင် ဘုရားကြီးအား ရွှေကပ်ပူဇော်မှုကြောင့် ရင်ဘတ်တော်၊ လက်မောင်းတော်များမှာ မူလအနေအ ထားမဟုတ်တော့ဘဲ မို့မောက်နေကြောင်း၊ ယခုအတိုင်း ဆက်လက်ရွှေကပ်မည်ဆိုလျှင် ရှေးမူလလက်ရာများ ပျက်စီးသွားနိုင်ကြောင်း ဘုရားဖူးပြည်သူများမှ ထောက်ပြပြောဆိုမှုများရှိသည်။

ဘုရားကြီးပေါ်၌ ကပ်လှူထားသော ရွှေများကို ပြန်လည်ခွာယူပြီး ရရှိလာမည့် ရွှေများကို ဘုရားကြီးအား ရွှေပြန်ချမည်လား သို့တည်းမဟုတ် မည်ကဲ့သို့ ဆောင်ရွက်လုပ်ကိုင်သင့်သည်ကို မြို့နယ်သံဃ နာယကဆရာတော်များ၊ မဟာမုနိဘုရား သြ၀ါဒစရိယဆရာတော်များ၊ ဂေါပကလူကြီးများ၊ မြို့မိမြို့ဖများ၊ ရှေးဟောင်း သုတေသနဌာနအပါအ၀င် ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပါဝင်သည့် မျက်နှာစုံညီအစည်းအဝေးတရပ်ကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ပထမအပတ်တွင် ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်းနှင့် ၎င်းအစည်းအဝေးမှ ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘုရားဂေါပကထံမှ သိရသည်။

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်ရှိ သမိုင်းဝင်မဟာမုနိဘုရားကြီးတွင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ အလှည့်ကျတာဝန်ယူလုပ်ကိုင်သည့် အမှုဆောင်ဂေါပကအဖွဲ့ဝင် ၅ ဦးရှိကြောင်း သိရသည်။

Sources; မြတ်ထွန်းဇံ/News Watch

No comments:

Post a Comment