Latest News

Monday, January 2, 2017

၂၀၁၆ ခုနှစ်၏ ထင်ရှားပုဂ္ဂိုလ် ငါးဦး

၂၀၁၆ ခုနှစ်၏ ထင်ရှားပုဂ္ဂိုလ် ငါးဦး


ဦးဝင်းထိန်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)

ဦးဝင်းထိန်လို့ ပြောလိုက်ရင် နိုင်ငံရေး လောကမှာ မသိတဲ့သူ အင်မတန်ရှားပါတယ်။ အထူးသဖြင့်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
အစိုးရအဖွဲ့တာဝန်ကို စတင်ယူလိုက်ကတည်းက ပါတီကို အဓိက ဦးဆောင်နေတဲ့သူဖြစ်ပါတယ်။

ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့မှ ဂရုမစိုက်တဲ့ အပြောအဆိုတွေ၊ ပါတီတွင်း ပြဿနာတွေ ဖြေရှင်းရာမှာ ခပ်ြပတ်ပြတ်ကိုင်တွယ် ဖြေရှင်းမှုတွေကြောင့် နောက်ကွယ်မှာ ဗီလိန်ကြီးလို့ အခေါ်ခံရသလို
အင်တာဗျူးတစ်ခုမှာ သုံးနှုန်းခဲ့တဲ့ သူ့ရဲ့ 'စောက်ရူး' ဆိုတဲ့ စကားကလည်း ၂၀၁၆ ခုနှစ်အတွင်း အတော်လေး ရေပန်းစားခဲ့ပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးခရိုင် ပါတီဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် တချို့ကို
ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို Facebook စာမျက်နှာမှာ စော်ကားမှုကြောင့် ဦးဝင်းထိန်ကပြတ်ပြတ်သားသား ထုတ်ပယ်ခဲ့တဲ့အတွက် ပါတီတွင်း အငြင်းပွားတွေကလည်း သတင်းစာမျက်နှာထက်မှာ နေရာယူခဲ့ပါတယ်။ ဦးဝင်းထိန်ဟာ အစိုးရအဖွဲ့ရဲ့ ကိစ္စရပ်တွေလည်းပါဝင်ပတ်သက်ရသူတစ်ဦးဆိုတာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာ ထွန်းဝင်း ထုတ်ပယ်ခံရတဲ့ ကိစ္စက ဖော်ပြနေပါတယ်။ ဒီလို ပြဿနာတွေကြားထဲမှာ
သူကိုယ်တိုင်ရေးသားထားတဲ့ "ဗိုလ်ကြီး အုန်းကျော်မြင့် နိုင်ငံတော် လုပ်ကြံမှု" ဆိုတဲ့ စာအုပ်ကို စက်တင်ဘာလအတွင်းက ထုတ်ဝေခဲ့သေးတယ်။ အငြင်းပွားဖွယ်ရာ အချက်အလက်တချို့ပါဝင်ပေမဲ့
အရောင်းရဆုံးစာအုပ်ထဲမှာ ပါဝင်ခဲ့ပါတယ်။ သူ့အပေါ်ဝေဖန်ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီးပြန်တုံ့ပြန်လေ့ရှိတာကတော့ သူ့ရဲ့ လက်သုံးစကားကတော့ "ပန်းနဲ့ ပေါက်တယ်လို့ပဲ ထင်တယ်"ဆိုတာပါပဲ။
ဦးအောင်ကိုဝင်း(ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ)

အစိုးရအပြောင်းအလဲမှာ ပြည်တွင်း က ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် အများစု ငြိမ်သက်နေကြပေမဲ့ ကမ္ဘောဇဘဏ်နဲ့ အဲကမ္ဘောဇလေကြောင်းလိုင်းပိုင်ရှင် ဦးအောင်ကို ၀င်းကတော့ ၂၀၁၆ ခုနှစ်အတွင်းလုပ်ငန်းတွေ တိုးတက်ဆောင်ရွက်ခဲ့ပါတယ်။ ကမ္ဘောဇ ဘဏ်ဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ နိုင်ငံတကာဘဏ်ကိုယ်စားလှယ်ရုံးတွေကို ဒေသတွင်း နိုင်ငံတွေမှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ
ဘန်ကောက်မြို့နဲ့ စင်ကာပူနိုင်ငံမှာ ကမ္ဘောဇဘဏ်ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်နိုင်ခဲ့တယ်။မလေးရှားနိုင်ငံမှာလည်း နိုင်ငံတကာ ဘဏ်ကိုယ်စားလှယ်ရုံးဖွင့်ဖို့ မလေးရှားနိုင်ငံ ဗဟိုဘဏ်က ခွင့်ပြုချက်ရထားပြီး ဖြစ်သလို ဂျပန်နိုင်ငံမှာလည်း ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခွင့်ရဖို့ ကြိုးစားနေပါတယ်။ပြည်တွင်းဘဏ်တွေထဲမှာ ပထမဦးဆုံး နိုင်ငံတကာ ဘဏ်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်နိုင်ခဲ့ခြင်းပါပဲ။
ကမ္ဘောဇဘဏ်ဟာ ပြည်တွင်းမှာလည်း ဘဏ်ခွဲ ပေါင်း ၄၅၀ ကျော်အထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ လုပ်ငန်းတိုးချဲ့နိုင်မှုတွေနဲ့အတူ တစ်ဖက်မှာလည်း ဦးအောင်ကိုဝင်းရဲ့ ကမ္ဘောဇဘဏ်ဟာ နိုင်ငံ့အတွက်အခွန်အများဆုံးထမ်းဆောင်သူ ဖြစ်ခဲ့ပါတယ်။ ငါးနှစ်ဆက်တိုက် ၀င်ငွေအခွန်အများဆုံးပေးဆောင်သူ အဖြစ်ရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရှိ အထိန်းသိမ်းခံ မြန်မာရွှေ့ပြောင်း
အလုပ်သမားများ ပြန်လည်ခေါ်ယူရေးအတွက်လည်း ဦးအောင်ကိုဝင်းရဲ့ အဲကမ္ဘောဇလေကြောင်းလိုင်းက ပါဝင်ကူညီခဲ့ပြီး၊ ကမ္ဘောဇဘဏ်က တည်ထောင်ထားတဲ့အနာဂတ်အလင်းတန်းဖောင်ဒေးရှင်း ဟာလည်း ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်ရဲ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အသေးစားချေးငွေ လုပ်ငန်းတွေ လုပ်ကိုင်လျက်ရှိပါတယ်။
ကမ္ဘောဇဘဏ်ဟာ လန်ဒန်အခြေစိုက် Financial Times က ပေးအပ်တဲ့ မြန်မာနိုင်ငံအတွက်ဘဏ်လုပ်ငန်းဆိုင်ရာစွမ်းဆောင်ရည်အကောင်းဆုံးနဲ့ အအောင်မြင်ဆုံးဆု Bank of the Year in
Myanmar 2016 ဆုကိုလည်း ရရှိခဲ့ပါတယ်။ နိုင်ငံတကာ အကြွေးဝယ်ကတ် (KBZ Union PayInternational, UPI Credit Card) ကိုလည်း ဒီနှစ် အောက်တိုဘာလထဲမှာ
စတင်မိတ်ဆက်နိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလွယ်တကူငွေလွှဲပြောင်းနိုင်ဖို့ ထိုင်းနိုင်ငံက ကတ်ဆီကွာ (Kasikor) ဘဏ်နဲ့ နားလည်မှု စာချွန်လွှာ
လက်မှတ်ရေးထိုးထားပါတယ်။ ကမ္ဘောဇ စီးပွားရေးလုပ်ငန်းစုရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ KBZ Gateway ကုမ္ပဏီက မြန်မာနိုင်ငံမှာ ဂြိုဟ်တုဆက်သွယ်ရေး နည်းပညာဆိုင်ရာဝန်ဆောင်မှုတွေပေးဖို့ အမေရိကန် ဂြိုဟ်တုဆက်သွယ်ရေးကုမ္ပဏီ Hugh Network Systems နဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ ဂြိုဟ်တုဆက်သွယ်ရေးနည်းပညာနဲ့ နိုင်ငံတကာအဆင့်မီ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကမ္ဘောဇကုမ္ပဏီက စတင်လုပ်ဆောင်တာဖြစ်ပါတယ်။

ဦးဖြိုးမင်းသိန်း(ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်)

၂၀၁၆ ခုနှစ်အတွင်း ထင်ရှားခဲ့သူတစ်ဦးကတော့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဖြစ်ပါတယ်။ ၀န်ကြီးချုပ်စဖြစ်တဲ့ရက်မှာပဲ ရန်ကုန်တိုင်းဒေသကြီးကို လာဘ်ပေးလာဘ်ယူမှုကင်းတဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်ရမယ်ဆိုပြီး ကြွေးကြော်ခဲ့တဲ့သူပါ။ အင်မတန်ထိလွယ်ရှလွယ်တဲ့ မဘသရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး မဘသ မရှိသင့်တော့ဘူးလို့ ပြောခဲ့တာကြောင့် ဝေဖန်ကန့်ကွက်မှုတွေနဲ့ထောက်ခံမှုတွေကို တစ်ပြိုင်နက်တည်းခံခဲ့ရသူပါ။ အွန်လိုင်းအသုံးအနှုန်းနဲ့ ကွီးဖြိုးလို့
နာမည်ပေးခံထားရတဲ့ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာသာပေးခြင်းကိုခံရသူလို့လည်း မှတ်ချက်ပေးခံ ရသူပါ။ ဦးဖြိုးမင်းသိန်းကို နာမည်ကြီးစေခဲ့တဲ့ နောက်ထပ်အကြောင်းအရာ တစ်ခုကတော့ ဒေါ်လာတစ်သန်းတန်တဲ့ နာရီပါ။ အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရပ်နားခိုင်းခဲ့တာ၊ ကျူးကျော်ကိစ္စနဲ့ ဘတ်စ်ကားစီးတာ၊ ညဈေးတန်းဖွင့်လှစ်တာနဲ့ လမ်းဘေးဈေးသည်ကိစ္စတွေကလည်း ဦးဖြိုးမင်းသိန်းရဲ့ ၂၀၁၆ ခုနှစ်အတွင်း လုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်။ အပြောကြီးပြီး အကောင်အထည်ဖော်မှုအားနည်းတယ်ဆိုပြီးဝေဖန်ပြစ်တင်ခံနေရသူလည်း ဖြစ်ပါတယ်။

ကိုဆွေဝင်း(သတင်းထောက်ချုပ်၊ Myanmar Now)

၂၁၀၆ ခုနှစ်ထဲမှာ ပြည်တွင်းပြည်ပ သတင်းဌာနတွေနဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ လူသိများထင်ရှားခဲ့သူတွေထဲက နောက်တစ်ဦးကတော့ Myanmar Now သတင်းဌာနရဲ့ သတင်းထောက်ချုပ်
ကိုဆွေဝင်းဖြစ်ပါတယ်။ အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူမိန်းကလေးငယ်နှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရမှုနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ် သတင်းရယူခဲ့တဲ့အတွက် လူထုရဲ့ လက်ခုပ်သံကို ရရှိခဲ့သလို
နိုင်ငံတော်သမ္မတရဲ့ ဂုဏ်ပြုလွှာချီးမြှင့်ခံခဲ့ရသူ ဖြစ်ပါတယ်။ ကိုဆွေဝင်းကို လူအများကချီးကျူးဂုဏ်ပြုခဲ့ကြသလို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ တခြားသတင်းလောက အဖွဲ့အစည်းတွေကလည်း ဂုဏ်ပြုခဲ့ကြပါတယ်။ ယခုနှစ်အတွင်း လူအများ
စိတ်ဝင်စားမှု ခံခဲ့ရတဲ့ အမှုကိစ္စတစ်ခု ဖြစ်တဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် နှစ်ဦးကိုရန်ကုန်မြို့ပေါ်က အပ်ချုပ်ဆိုင်တစ်ခုက အိမ်အကူအနေနဲ့ ခေါ်ယူစေခိုင်းခဲ့ပြီးနောက် ငါးနှစ်ကျော်ကြာတဲ့ 
အိမ်တွင်းနှိပ်စက်မှု ဖြစ်ပွားခဲ့တယ်လို့ ယူဆရမှုကို ကိုဆွေဝင်းက စုံစမ်းဖော်ထုတ်ခဲ့ပြီး စက်တင်ဘာ၁၉ ရက်မှာ ၎င်းရဲ့ သတင်းဌာနကနေတစ်ဆင့် ရေးသားဖော်ပြခဲ့ပါတယ်။ ကိုဆွေဝင်းရဲ့ စုံစမ်းဖော်ထုတ်ရေးသားမှုကြောင့် ငါးနှစ်ကျော်ကြာ ညှဉ်းပန်းနှိပ်စက်ခံ ခဲ့ရတဲ့ မိန်းကလေးငယ်နှစ်ဦးဟာ မိဘအုပ်ထိန်းသူထံ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် လေးဦး ရာထူးမှနုတ်ထွက်ခဲ့ရသလို အပ်ချုပ်ဆိုင်မိသားစုဝင်ခြောက်ဦးဟာလည်း ယနေ့အချိန်ထိ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

လုလုအောင်(ဓာတ်ပုံမော်ဒယ်)

၂၀၁၆ အတွင်း အွန်လိုင်းစာမျက်နှာတွေမှာ နာမည်ကြီးခဲ့တဲ့ အနုပညာအသိုင်းအ၀ိုင်းကတစ်ယောက်ကတော့ ဓာတ်ပုံမော်ဒယ်လုလုအောင်ပါ။ လုလုအောင်ရဲ့ ခန္ဓာကိုယ်အလှကိုအမျိုးသားတွေအများစု သဘောကျအားပေးခဲ့ကြသလို အမျိုးသမီးတွေလည်း လက်ခံခဲ့ပါတယ်။ ခန္ဓာကိုယ်အလှကိုအသားပေး ရိုက်ကူးထားတဲ့ လုလုအောင်ရဲ့ ဓာတ်ပုံတွေက အွန်လိုင်းစာမျက်နှာတွေမှာ အချိန်အတော်ကြာ နေရာယူခဲ့သလို ရုပ်သံ၊ ရေဒီယိုနဲ့ ပုံနှိပ်မီဒီယာတွေမှာလည်းဖော်ပြခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကတည်းက ဓာတ်ပုံမော်ဒယ်တစ်ယောက်အဖြစ်အနုပညာလောကထဲကို ခြေချခဲ့ပေမဲ့ ၂၀၁၆ ခုနှစ်က လုလုအောင်အတွက် အအောင်မြင်ဆုံးလို့ဆိုရမှာပါ။ ဝေဖန်မှုတွေကိုအကောင်းမြင် စိတ်ထားနဲ့ တုံ့ပြန်ရင်း လုလုအောင်က Single Motherအဖြစ် ကိုးနှစ်အရွယ် သမီးငယ်လေးကို ပြုစုစောင့်ရှောက်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ မိခင်ကောင်းတစ်ယောက်အဖြစ် သမီးငယ်ကို ပြုစုစောင့်ရှောက်ရင်း ယုံကြည်ချက်အပြည့်နဲ့ ၀ါသနာပါရာအလုပ်နဲ့ ဘ၀ကိုလျှောက်လှမ်းနေသူ လုလုအောင်က ၂၀၁၆ ခုနှစ်မှာ ချန်ထားလို့မရတဲ့ကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။

Sources; The Myanmar Time

No comments:

Post a Comment