Latest News

Friday, January 20, 2017

အမေရိကန်၏ ဘက်ပေါင်းစုံ ယိုယွင်းမှုများကို ပြောင်းလဲပစ်မည်ဟု သမ္မတသစ် ထရမ့် ပြောကြား

အမေရိကန်၏ ဘက်ပေါင်းစုံ ယိုယွင်းမှုများကို ပြောင်းလဲပစ်မည်ဟု သမ္မတသစ် ထရမ့် ပြောကြား

အမေရိကန်၏ အဘက်ဘက်မှ ယိုယွင်းနေမှုများကို ပြောင်းလဲပစ်မည်ဟု သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး ပထမဆုံး မိန့်ခွန်း၌ ဒေါ်နယ်လ်ထရမ့်က ပြောကြားသွားခဲ့သည်။

အိမ်ဖြူတော်တွင် ဇန်နဝါရီ ၂၀ က ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည့်နောက် ဘီလီယံနာ သူဌေးကြီး ထရမ့်သည် အမေရိကန်၏ ၄၅ ဦးမြောက် သမ္မတသစ်အဖြစ် ဘာရတ်အိုဘားမား၏ နေရာကို တရားဝင် ဆက်ခံခဲ့သည်။ ၎င်းက အမေရိကန်တွင် စက်ရုံအလုပ်ရုံများ လည်ပတ်မှု ရပ်တန့်သွားခြင်း၊ ဒုစရိုက်မှုများ ထူပြောလာခြင်း၊ ပညာရေးစနစ် ကျဆုံးနေခြင်းများ ဖြစ်ပေါ်နေပြီး မိမိ၏ သမ္မတ သက်တမ်းတွင် ယင်းတို့အားလုံးကို ပြောင်းလဲပစ်မည်ဟု ကြွေးကြော်ခဲ့သည်။

“အမေရိကန်ရဲ့ ဘက်ပေါင်းစုံက သေဆုံးနေမှုတွေကို ဒီနေ့၊ ဒီအချိန်၊ ဒီနေရာကနေ စပြီး ရပ်တန့်ပစ်ပါမယ်”ဟု အိမ်ဖြူတော်အနီးရှိ လွှတ်တော် အဆောက်အအုံ လှေကားထစ်များတွင် ထရမ့်က ပြောကြားခဲ့သည်။ ထရမ့်ကို လိုလားထောက်ခံသူ ထောင်ပေါင်းများစွာက ၎င်းတို့၏ နေရပ်မှ ဝါရှင်တန်မြို့ထိ အရောက်လာကြပြီး သမ္မတသစ်ကို ကြိုဆိုခဲ့ကြသည်။

တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ထရမ့်က “ဒီနေ့မှာ အမေရိကန် ပြည်သူတွေဟာ အမေရိကန်ကို အမှန်တကယ် အုပ်ချုပ်ခွင့် ပြန်ရလာပါပြီ။ ကျွန်တော့် အနေနဲ့ နောက်ဆုံးထွက်သက်ထိ ခင်ဗျားတို့နဲ့အတူ လက်တွဲ တိုက်ပွဲဝင်နေပါမယ်။ ခင်ဗျားတို့ ကျွန်တော့်အပေါ် ဘယ်တော့မှ စိတ်မပျက်စေရဘူး”ဟု ဆိုသည်။

၎င်းက “အမေရိကန်ရဲ့ အောင်ပွဲတွေ တကျော့ပြန်လာပါမယ်။ အရင်က ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ အောင်ပွဲမျိုးတွေပေါ့။ ကျွန်တော်တို့ ဆုံးရှုံးထားတဲ့ အလုပ်အကိုင်တွေကို ပြန်ရယူမယ်။ အမေ့လျော့ခံနေရတဲ့ နယ်နိမိတ်ကို ပြန်ရယူမယ်။ ကျွန်တော်တို့ရဲ့ ဓနဥစ္စာတွေကို ပြန်ရယူမယ်။ ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို ပြန်ရယူမယ်”ဟုလည်း ကြွေးကြော်ခဲ့သည်။ ထရမ့်က ၎င်း၏ လက်ထက်တွင် အမေရိကန်ကို ပထမဦးစားပေး စဉ်းစားမည့် မူဝါဒကိုသာ ခိုင်ခိုင်မာမာ ကျင့်သုံးသွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

သမ္မတအဖြစ် စတင်တာဝန်ယူသော နေ့တွင်ပင် ထရမ့်သည် ယခင်သမ္မတ အိုဘားမား လက်ထက်က အကောင်အထည် ဖော်ခဲ့သည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် Obamacareကို ပြောင်းလဲမည့် အထူးအမိန့် တစ်ရပ်ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။ ထိုအမိန့်အရ Obamacareမှ သတ်မှတ်ချက် အများအပြားကို ဆိုင်းငံ့သွားစေမည် ဖြစ်သည်။ Obamacareကို ပြောင်းလဲမည့် ကိစ္စသည် ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလများအတွင်း ၎င်းပေးခဲ့သည့် အဓိက ကတိတစ်ခုလည်း ဖြစ်သည်။

ထရမ့်က Obamacareကို ပြင်ဆင်ပြောင်းလဲပြီး ပြည်သူ့ကျန်းမာရေး အဖွဲ့အစည်းများအားလုံး ပိုမိုပါဝင်နိုင်မည့် စရိတ်သက်သာပြီး အကျိုးရှိသည့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်တစ်ခု ပြဋ္ဌာန်းသွားမည်ဟု ကြေညာထားသည်။

Sources: CNN ( 7Day News Journal )

No comments:

Post a Comment