Latest News

Wednesday, January 4, 2017

ငပုတောမြို့နယ်တွင် ဆင်သတ်ဂိုဏ်း အဖွဲ့ဝင်အချို့အား တူမီးလုပ်သေနတ်များ နှင့်အတူ ဖမ်းဆီးရမိ

ငပုတောမြို့နယ်တွင် ဆင်သတ်ဂိုဏ်း အဖွဲ့ဝင်အချို့အား တူမီးလုပ်သေနတ်များ နှင့်အတူ ဖမ်းဆီးရမိ

ပုသိမ်ခရိုင် အတွင်းရှိ သစ်တောကြိုးဝိုင်းများအတွင်း တောဆင်ရိုင်းများ မကြာခဏ သတ်ဖြတ်ခြင်း ခံနေရသောကြောင့် ရဲတပ်ဖွဲ့၊ တပ်မတော် ပူးပေါင်းအဖွဲ့များနှင့် သစ်တောဦးစီးဌာန တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က လိုက်လံစုံစမ်း ဖော်ထုတ်ရာ၌ ငပုတောမြို့နယ် မိုးတိမ်ပြင် ကျေးရွာအုပ်စု ပိတောက်ကုန်း ကျေးရွာတွင် ဆင်သတ်ဂိုဏ်း အဖွဲ့ဝင်ဟု ယူဆရသူ တစ်ဦးအား တူမီးလုပ် သေနတ်တစ်လက် နှင့်အတူ ဆင်ပစ်ရာတွင် အသုံးပြုသော လက်နက်များနှင့် ဖမ်းဆီးရမိပြီး သတင်းအရ ဆက်လက်ရှာဖွေ ဖမ်းဆီးရာတွင် ဆင်မကြိုးဝိုင်း အကွက်အမှတ် (၃၀) ဆောင်ပုံဟဲအ၀ ပြန်စခန်းအနီးရှိ တဲငယ်တစ်လုံးတွင် ဆင်သတ်ဂိုဏ်း အဖွဲ့ဝင်ဟု ယူရသူတစ်ဦးအား ဆင်အရေခွံများ ဆင်အံများ နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃၁ ရက်တွင် ဆင်သတ်ဂိုဏ်း အဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရေး ပူးပေါင်းအဖွဲ့မှ သတင်းအရ ငပုတောမြို့နယ် မိုးတိမ်ပြင် ကျေးရွာအုပ်စု ပိတောက်ကုန်း ကျေးရွာရှိ ဦးနေစံသိန်း (ဘ) ဦးလားလေ (၅၉ နှစ်) ၏ နေအိမ်သို့ သွားရောက်ရှာဖွေရာ နေအိမ်အတွင်း သိုဝှက်သိမ်းဆည်းထားသော ဆင်ပစ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား ရှာဖွေတွေ့ရှိခဲ့ရကြောင်း၊ ဆင်သတ်ဂိုဏ်း အဖွဲ့ဝင်ဟု ယူဆရသော ဦးနေစံသိန်းအား ဆက်လက်မေးမြန်းရာတွင် နေအိမ်အနီးရှိ မဒေါ့စမ်း တောင်ပေါ်တွင် သိုဝှက်ထားသော လုပ်သေနတ် တစ်လက်အား သိမ်းဆည်းထားသေးကြောင်း သိရှိရ၍ ဆက်လက်ရှာဖွေရာ မဒေါ့စမ်းတောင်ပေါ်ရှိ တောင်သရက်ပင် ခြေရင်းတွင် သစ်သားကိုယ်ထည် ၂၆ လက်မခန့်ရှိ တူးမီးလုပ် သေနတ်တစ်လက် နှင့်အတူ ပြောင်းအချင်း နှစ်စင်တီမီတာရှိသော ပြောင်းအရှည် နှစ်လက်ကိုပါ သိမ်းဆည်းရမိခဲ့ပြီး ဆင်သတ်ဂိုဏ်း အဖွဲ့ဝင်ဟု ယူဆရသူ ဦးစံနေသိန်းအား ငရုတ်ကောင်းနယ်မြေ ရဲစခန်းတွင် (ပ) ၂/၂၀၁၇၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း၊ ဆက်လက်၍ ဇန်န၀ါရီ ၁ ရက်တွင် သတင်းအရ ပူးပေါင်းအဖွဲ့မှ ဆင်မကြိုးဝိုင်းအကွက် အမှတ်  (၃၁) ဆောင်ပုံဟဲအ၀ပြန် စခန်းအနီးရှိ အိမ်တစ်လုံးအား ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်း ဦးဇော်မင်းဦး (ဘ) ဦးခင်မောင်ရင် (၃၂ နှစ်) အားဆင်ပစ်ရာတွင် အသုံးပြုသော လက်နက်များ၊ ဆင်အံသုံးခု၊ ဆင်အရိုးတစ်ချောင်း၊ ဆင်အရေခွံတစ်ခု နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆင်သတ်ဂိုဏ်း အဖွဲ့ဝင်ဟု ယူဆရသူ ဦးဇော်မင်းဦးအား ငရုတ်ကောင်းနယ်မြေ ရဲစခန်းတွင် (ပ) ၃/၂၀၁၇၊ တောရိုင်း ၃၇ (က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“တူမီးလုပ် သေနတ်တွေနဲ့ မိတဲ့သူတွေကို ပူးပေါင်းထားတဲ့အဖွဲ့က စစ်ဆေးတဲ့အခါမှာ ထပ်ပြီးဖမ်းမိတာ။ ဆင်သတ်တဲ့နေရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေမိပြီး အသေးစိတ် စစ်ဆေးတဲ့အခါ ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ မြှုပ်ထားတဲ့ နေရာတွေကို ပြန်ဖော်ပေးတဲ့အတွက် သစ်ထုတ်လုပ်ရေးက ဆင်ဆေးကုဆရာဝန် အတည်ပြုချက်အရ ဆင်မေုးရိုးနဲ့ ဆင်းထီးရဲ့ လက်ဖြန်ရိုးတွေကို သက်သေခံအဖြစ် သိမ်းဆည်းပါတယ်။ တောဆင်ရိုင်း သတ်ဖြတ်သူတွေကို တရားခံအမှု ကွင်းဆက်တွေ ဆက်လက်စစ်နေပါတယ်။ ကွင်းဆက်တွေမိရင် တရားစွဲတင်ပြီး ဆောင်ရွက်မှာပါ။ ဧရာဝတီတိုင်းထဲက တောဆင်ရိုင်း သတ်နေတဲ့သူတွေကို အမြစ်ပြတ် ဖော်ထုတ်သွားမှာပါ”ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူ ရုံးမှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း၂၀၁၆ ခုနှစ်တွင် သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်များတွင် တောဆင်ရိုင်း သတ်ဖြတ်ခံရမှု ၁၃ မှုဖြစ်ပွားခဲ့ရာ ပုသိမ်မြို့နယ်တွင် ရှစ်မှု၊ ငပုတောမြို့နယ်တွင် သုံးမှုနှင့် သာပေါင်းမြို့နယ်တွင် နှစ်မှုဖြစ်ပွားခဲ့ပြီး အမှုနှစ်မှုနှင့် တရားခံသုံးဦးကို ဖော်ထုတ်ကာ တရားရုံးသို့ ပိုဆောင်နိုင်ခဲ့ကြောင်း သိရသည်။

Sources; မင်းသူဝင်းထွဋ်၊ နီလာစိုး/Eleven

No comments:

Post a Comment