Latest News

Friday, January 6, 2017

မြို့လယ်က ပထမဆုံး စာအုပ်လမ်း

မြို့လယ်က ပထမဆုံး စာအုပ်လမ်း

ပြန်ကြားရေးရုံးနှင့် အတွင်းဝန်များရုံးတို့က လမ်းနေရာ အတော်များများ နေရာယူထားပြီး ရန်ကုန်မြို့လယ်ရှိ အခြားသောလမ်းများနှင့် နှိုင်းယှဉ်ပါက လူသွားလူလာ နည်းပါးသော သိမ်ဖြူလမ်းသည် မကြာမီ ရက်ပိုင်းအတွင်း စာအုပ်ချစ်သူတို့ ပျော်မွေ့ရာ လမ်းတစ်လမ်းအဖြစ် ရောက်လာရန် ရှိသည်။

စာအုပ်ဈေးတန်းကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံးနှင့် ဗဟိုပုံနှိပ်စက်ရုံရှေ့ရှိ နေရာတွင် ဇန်နဝါရီလ ၇ ရက်မှစ၍ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း မနက် ၉ နာရီမှ ညနေ ၆နာရီအချိန်ထိ ဖွင့်လှစ်မည် ဖြစ်သည်။

အစိုးရက ပထမဆုံး တရားဝင် သတ်မှတ်ပေးလိုက်သည့် စာအုပ်ဈေးတန်းတွင် ဖွင့်လှစ်ရောင်းချမည့်သူများ အနေနှင့် ဆိုင်ခန်းတစ်ခန်းကို တစ်ရက်လျှင် ကျပ် ၆၀၀၀ ပေးသွင်းရမည် ဖြစ်ပြီး စာအုပ်ဆိုင်ခန်းပေါင်း တစ်ရာကျော် ပါဝင်သည့် သိမ်ဖြူလမ်း စာအုပ်ဈေးတန်း နေရာတွင် စာအုပ်အရောင်းဆိုင်များ၊ စာအုပ်အဟောင်းတန်း အရောင်းဆိုင်များ၊ စာအုပ်ထုတ်ဝေသူများကို ဖွင့်လှစ်ခွင့်ရခြင်းက စာပေလောက တိုးတက်ဖွံ့ဖြိုးဖို့ လမ်းစပင် ဖြစ်ပေသည်။

“စာအုပ်အရောင်းဆိုင်တွေ အကုန်လုံးက တစ်ဆိုင်ကို ခြောက်ထောင်ကျပ် ပေးသွင်းရတာက ထုတ်ဝေသူတွေ၊ စာပေတိုက်တွေက မသိသာပေမယ့် အဟောင်းတန်းက ဈေးသည်တွေ အချို့ကတော့ မကိုက်လို့ ဈေးသည်သုံးပုံမှာ နှစ်ပုံတော့ စာရင်းပေးထားတယ်။ နှုန်းထားက မဆိုးပါဘူး။ အချို့ဆိုင်တွေက ရှိတဲ့အရင်းအနှီးနဲ့ ပေးရမှာက အဆင်မပြေတဲ့အတွက် ကျန်ခဲ့ပါတယ်။ နောင်တစ်ချိန်တော့ ဈေးနှုန်းသက်သာရင် အဟောင်းဆိုင်တွေ အကုန်ပါလာနိုင်ပါတယ်” ဟု ၃၇ လမ်းရှိ အဟောင်းဆိုင်တန်းမှ ဈေးသည်တစ်ဦးက သူ့အမြင်ကို ပြောသည်။

စာဖတ်သူတို့ကလည်း ရင်ခုန်ကြသလို ရန်ကုန်အစိုးရ၏ လမ်းဘေးဈေး မရောင်းရ မူဝါဒသစ်ကြောင့် နေရာပျောက်သွားသော လမ်းဘေးစာအုပ်အဟောင်း ရောင်းသူတို့သည်လည်း ထိုနေရာကို ရင်ခုန်ကြသည်။ သူတို့အတွက်အလည်း စာအုပ်ရောင်းစရာ နေရာကောင်းတစ်ခုဟု မှတ်ထင်ယူဆပြီး ဝမ်းသာနေကြသည်။

“သိမ်ဖြူလမ်းမှာ စာအုပ်ရောင်းချဖို့ ဆိုင်နေရာ လျှောက်ထားပါတယ်။ အဟောင်းတန်းဆိုင်တွေကို သီးသန့်နေရာ လုပ်ပေးမယ်လို့ ပြောပါတယ်။ လိုချင်တဲ့ စာအုပ်တွေကို တစ်နေရာမှာ ဝယ်ယူနိုင်တဲ့အတွက် စာဖတ်သူ ကိုယ်တိုင်လည်း စာအုပ်တွေ ဝယ်ချင်လာမယ်။ စာအုပ်ရောင်းတဲ့ သူတွေလည်း တစ်နေရာတည်းမှာ ရောင်းရတဲ့အတွက် ဝမ်းသာပါတယ်” ဟု ၃၇ လမ်းတွင် စာအုပ်အဟောင်းတန်း ရောင်းချနေသည့် ဦးအောင်သူက ဆိုသည်။

စာဖတ်သူများ အနေနှင့် စာအုပ်အသစ် ရောင်းချသည့် စာအုပ်တိုက်များတွင် အသစ်ဈေးပေး မဝယ်နိုင်သည့် စာအုပ်များ၊ အဆိုပါ ဆိုင်များတွင် မရရှိနိုင်သည့် နှစ်ဟောင်းကြာမြင့်နေသည့် စာအုပ်များကို ရန်ကုန်မြို့ ပန်းဆိုးတန်းနှင့် ၃၇ လမ်းရှိ အဟောင်းတန်း ဆိုင်များတွင်လည်း ဝယ်ယူကြရသည်။

နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သုတ၊ ရသ၊ ဟာသ၊ ကဗျာ၊ ကာတွန်းစာအုပ်များကို အဟောင်းတန်းတွင် ကျပ်တစ်ရာမှ တစ်ထောင်ကျပ်ခန့်ထိ ဝယ်ယူရရှိနိုင်ပြီး ကျမ်းဂန်စာအုပ်များ၊ ရှားပါးစာအုပ်များမှာလည်း ဈေးနှုန်းထောင်ကျော်သာ ပေးရသောကြောင့် ဈေးနှုန်းသက်သာသည့် အဟောင်းတန်းမှာလည်း စာဖတ်သူများကို ဆွဲဆောင်မှု ပေးနိုင်သည့် နေရာတစ်ခုလည်း ဖြစ်ပေသည်။

ခေတ်ရေစီးကြောင်းအရ နိုင်ငံတကာနည်းတူ အီလက်ထရောနစ် မီဒီယာ၏ လွှမ်းမိုးခံ မြန်မာနိုင်ငံသားများမှာ စာအုပ်စာပေ ဖတ်ရှုမှု၊ ဖတ်ရှုရန် အချိန်ပေးနိုင်မှု နည်းပါးလျက် ရှိသည်။

မြို့ပြပို့ဆောင်ဆက်သွယ်ရေးစနစ် အားနည်းခြင်း၊ ဆိုရှယ်မီဒီယာ လူမှုကွန်ရက် အသုံးများခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ပြဿနာများ၊ ကုန်ဈေးနှုန်း ကြီးမြင့်နေမှုနှင့် လုပ်ခလစာ နည်းပါးမှု စသည့် အကြောင်းအရာများကြောင့် စာဖတ်သူ နည်းပါးနေကြောင်း စာပေအသိုင်းအဝိုင်းက ဝေဖန်သုံးသပ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် စာဖတ်သူ နည်းပါးလာသောကြောင့် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာ အုပ်အသစ် အဟောင်း စုံလင်စွာ ဝယ်ယူနိုင်မည့် စာအုပ်ဈေးတန်း မကြာမီ ပေါ်ထွက်လာတော့မည်။

သို့သော် စာရေးဆရာ ဟန်သုသော်ကမူ “စာအုပ်တန်း ထွက်ပေါ်လာခြင်းက စာအုပ်ရောင်းအား တက်မယ်။ လူတွေ စာဖတ်ကြလိမ့်မယ်လို့ တထစ်ချပြောလို့ မရဘူး” ဟု ဆိုသည်။

စာအုပ်ဈေးတန်း ထွက်ပေါ်လာခြင်းက စာအုပ်ထုတ်ဝေရေး လုပ်ငန်းများအတွက်၊ စာပေလောက အတွက် ကောင်းမွန်သည့် လက္ခဏာတစ်ရပ် ဖြစ်သော်လည်း ယနေ့ခေတ်တွင် စာအုပ်များ ရောင်းအားကျနေပြီး တကယ်ရောင်းရသည့် စာအုပ်မှာ တစ်ထောင်ကျော် နှစ်ထောင်ထိသာ ဖြစ်ပြီး စာအုပ်ထုတ်ဝေသူများမှာ အများဆုံး အုပ်ရေ သုံးထောင်ခန့်သာ ထုတ်ဝေရကြောင်း  ကိုဟန်သုသော်က ပြောကြားသည်။

၁၉၆၂ ခုနှစ် မတိုင်ခင်ကတည်းက စာအုပ်အဟောင်းတန်း ဆိုင်များကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၆၂ တွင် စာအုပ်အဟောင်းတန်းဆိုင်များ စာပေလောကတွင် နေရာတစ်ခု ရလာခဲ့သည်။

စာအုပ်အဟောင်းတန်းများ တည်ရှိရာ ပန်းဆိုးတန်းနှင့် ၃၇ လမ်းမှာ သမိုင်းဝင်မှတ်တိုင်တစ်ခု၊ လမ်းဘေးတက္ကသိုလ် တစ်ခုဟု စာပေလောကသားများ၊ စာဖတ်သူများက သတ်မှတ်ခဲ့ကြရသည်။

စာအုပ်တိုက်များတွင် စာအုပ်ရောင်းအားမှာ ယခင်နှစ်များကထက် ထက်ဝက်ခန့် ဝယ်ယူမှု ကျဆင်းလျက် ရှိသော်လည်း စာအုပ်အဟောင်းတန်း ဆိုင်များတွင်မူ ရောင်းအားကောင်းလျက် ရှိသည်။

ယခင်က စာဖတ်သူနှင့် စာအုပ်ထုတ်ဝေသူများ အဓိက ပေါင်းကူးစနစ် ဖြစ်သည့် စာတိုက်ဝန်ဆောင်မှုစနစ် ညံ့ဖျင်းခဲ့သည့်အတွက် စာတိုက်ကနေ ပို့သည့် စာအုပ်ထုတ်ဝေရေးစနစ် ယိုင်နဲ့ခဲ့ရပြီး နောက်ပိုင်းတွင် စာတိုက်ဝန်ဆောင်မှု တိုးတက်လာသည့်အတွက် မြန်မာပြည်အနှံ့ စာဖတ်သူတွေဆီသို့ စာအုပ်များ ပို့ပေးနိုင်မည် ဆိုပါက စာအုပ်ထုတ်ဝေရေး လောက ဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း ကောင်းဆုသာ စာအုပ်တိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကပင် “စာအုပ်ထုတ်ဝေမှုလုပ်ငန်း တိုးတက်ဖို့အတွက် အစိုးရပိုင်းက ကူညီဆောင်ရွက်ပေးဖို့ လိုပါတယ်။ အခုလို စာအုပ်တန်း ဖွင့်လှစ်ရုံနဲ့တော့ လဲပြိုနေတဲ့ စာအုပ်ထုတ်ဝေရေး လုပ်ငန်းကို ပြန်လည်နာလန်ထနိုင်မယ်လို့ လုံးဝကြီး မျှော်လင့်လို့ မရသေးပါဘူး” ဆိုသည်။

စာအုပ်တိုက်များတွင် ယခုလက်ရှိ စာအုပ်ရောင်းအား ကျဆင်းနေကာ အတ္ထုပ္ပတ္တိစာအုပ်၊ ဥပဒေစာအုပ်၊ ပညာရေး စာအုပ်များမှာ ရောင်းအားအကောင်းဆုံး ဖြစ်ပြီး ရသဝတ္ထု စာအုပ်များ ရောင်းအားအနည်းဆုံး ဖြစ်နေသည်ဟု ရန်ကုန်မြို့ရှိ စာအုပ်အရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။

စာပေလောက-၂ မှ တာဝန်ရှိသူတစ်ဦးက လက်ရှိ စာအုပ်ဆိုင်များ၏ ဈေးကွက်အခြေအနေနှင့် ပတ်သက်၍ “အရင်က နိုင်ငံရေးစာအုပ် အရမ်းရောင်းရတယ်။ ရွေးကောက်ပွဲပြီးတော့ အစိုးရသစ်လည်းတက်ရော နိုင်ငံရေးစာအုပ် ဝယ်ယူသူ နည်းလာတယ်။ အခုလက်ရှိက လူငယ်တွေ စာဖတ်အား နည်းလာကြတယ်။ စာအုပ်တန်းကတော့ အန်တီတို့လည်း ဝင်ရောင်းဖို့ စာရင်းပေးထားပါတယ်။ ရောင်းအားတိုးလာမလား ဆိုတာက စတင်ရောင်းချမှပဲ အခြေအနေသိမှာပါ” ဟု ဆိုသည်။

စာအုပ်အဟောင်းတန်းဆိုင်များ စတင်ဖွင့်လှစ်ခဲ့စဉ်က ရောင်းချသူ ခြောက်ဦးခန့်သာ ရှိခဲ့ပြီး  ယခုလက်ရှိတွင် စာအုပ်အဟောင်းဆိုင် ရောင်းချသူ အယောက် ၈၀ ခန့် ရှိလာပြီး ဖြစ်သည်။

ယခင်က လူငယ်အများစုမှာ မိမိတို့ ကိုယ်ပိုင်အားလပ်ချိန်များတွင် ဖျော်ဖြေရေးအဖြစ် အသုံးချစရာ အခြားမီဒီယာများ နည်းပါးမှုကြောင့် စာအုပ်စာပေများကိုသာ အပန်းဖြေစရာ။ ဗဟုသုတ ရှာမှီးစရာ အဖြစ် အသုံးချခဲ့ကြရသည်။

ယင်းကြောင့်ပင် မြန်မာနိုင်ငံရှိ မြို့နယ်များ၊ ရပ်ကွက်များတွင် စာအုပ်အငှားဆိုင်များမှာ အများအပြား ရှိနေခဲ့ခြင်း ဖြစ်သည်။

သို့သော် ယနေ့ခေတ် လူငယ်များအတွက်မူ ဖျော်ဖြေရေး မီဒီယာမျိုးစုံ ရှိသည့်အပြင် အင်တာနက်  လူမှုကွန်ရက်များ၊ ဂိမ်းများ စသဖြင့် အချိန်ကုန်စရာ နေရာများစွာ ရှိနေကြခြင်းကြောင့် စာဖတ်နှုန်းများစွာ ကျဆင်းလာပြီး စာအုပ်အငှားဆိုင်များလည်း ပျောက်ကွယ်လာခဲ့သည်။

“ဒီနေ့ခေတ် လူငယ်တွေကတော့ နေ့ည ဖေ့စ်ဘွတ်မှာ အချိန်ကုန်နေကြတယ်။ အဲဒီကနေ အသိဉာဏ် နည်းပါးလာပြီး မဖြစ်သင့်တဲ့ အတုယူမှားတာတွေ ဖြစ်လာကြတယ်။ ဦးတို့ငယ်ငယ်ကဆို ကျောင်းပိတ်ပြီ ဆိုတာနဲ့ အိမ်နားက စာအုပ်အငှားဆိုင်ကို ပြေးပြီး ဗဟုသုတ၊ ရသစာအုပ်မျိုးစုံ ငှားဖတ်တယ်။ စာဖတ်ခြင်းက ‘အလိမ္မာစာမှာရှိ’ ဆိုတဲ့အတိုင်း လူငယ်တွေ စာများများဖတ်ဖို့ လိုပါတယ်” ဟု တာမွေမြို့နယ်နေ ကုမ္ပဏီဝန်ထမ်း ဦးမျိုးထွန်းက ဆိုသည်။

အစိုးရသစ် လက်ထက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာမြို့တော် ဖြစ်သည့် ရန်ကုန်မြို့တော်တွင် ညဈေးတန်းကို အများပြည်သူ အပန်းဖြေနိုင်စေရန် ဖွင့်လှစ်နိုင်မှုက အောင်မြင်သည်ဟု ဆိုနိုင်ပြီး မကြာမီ ပထမဆုံး သိမ်ဖြူလမ်းတွင် ဖွင့်လှစ်မည့် စာအုပ်ဈေးတန်းက စာဖတ်သူ တိုးပွားလာရေးနှင့် စာပေလောက တိုးတက်ရေးအတွက် မျှော်လင့်ချက် ရောင်ခြည်လား ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။            

Sources; သက်သျှိုင်းသူ / The Voice

No comments:

Post a Comment