Latest News

Sunday, January 29, 2017

အများပိုင်ဘတ်စ်ကားကုမ္ပဏီတွေရဲ့ လက်ရှိအခြေအနေကို ဘ၀င်မကျဘူးလို့ ဦးဖြိုးမင်းသိန်းပြော

အများပိုင်ဘတ်စ်ကားကုမ္ပဏီတွေရဲ့ လက်ရှိအခြေအနေကို ဘ၀င်မကျဘူးလို့ ဦးဖြိုးမင်းသိန်းပြော

ရှုံးမယ့်အချိန်ဆိုရင် မလာချင်ကြတာတွေရှိပြီး ဒီအခြေအနေအားလုံးကို ပြင်ဖို့ပြင်ဆင်ထားတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောကြားထားပါတယ်။

အများပိုင်ဘတ်စ်ကား ကုမ္ပဏီတွေရဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ဘ၀င်မကျဘူးလို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီ ၂၈ရက်က ရန်ကုန်မြို့ MICT Parkမှာ  ပြုလုပ်ခဲ့တဲ့ ဘားကမ့်ရန်ကုန်မှာ လူငယ်တွေနဲ့ တွေ့ဆုံစဉ် အများပိုင်ဘတ်စ်ကားများ စုပေါင်းပြေးဆွဲတဲ့စနစ်အပေါ် မေးမြန်းချက်ကို ဖြေကြားရာမှာ ၀န်ကြီးချုပ်က အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကုမ္ပဏီတွေရဲ့ဖြစ်နေတဲ့ အခြေအနေကို လုံးဝဘ၀င်မကျဘဲ ဘတ်စ်ကားလိုင်းတွေက တစ်ဦးချင်းစီလုပ်ထားတာကြောင့် ရှုံးတဲ့လိုင်းဆိုရင် မပြေးချင်ကြတာ၊  ရှုံးမယ့်အချိန်ဆိုရင် မလာချင်ကြတာတွေရှိပြီး ဒီအခြေအနေအားလုံးကို ပြင်ဖို့ပြင်ဆင်ထားတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောကြားထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ အများပိုင်ဘတ်စ်ကားလိုင်းပြေးဆွဲခြင်းလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်ဖို့ ကုမ္ပဏီရှစ်ခုကို စုပေါင်းဖွဲ့စည်းထားပြီး အဆိုပါကုမ္ပဏီအဖွဲ့အစည်းတွေဟာ ယခင်ကတည်းက ဘတ်စ်ကားပြေးဆွဲမှု လုပ်ကိုင်ခဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဘယ်ကုမ္ပဏီတွေက စည်းကမ်းချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာကို ၀န်ကြီးချုပ်က ပြောကြားခဲ့တာ မရှိပါဘူး။

ဝန်ကြီးချုပ်ကတော့ ဘယ်လိုသတင်းအချက်အလက်ရလို့ ပြောကြားတယ်ဆိုတာ မသိဘဲ သိရသလောက် အခုချထားပေးတဲ့ လမ်းကြောင်း ၇၀ကျော်စလုံးက ရှုံးတယ်ဆိုတာမျိုးမကြားမိဘူးလို့ ကုန်းဘောင်ရန်ကုန် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးကပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

လက်ရှိပြေးဆွဲနေတဲ့ ဘတ်စ်ကားအချို့ဟာ ခရီးသည် ရနိုင်မယ့်အချိန်တွေမှာသာ ပြေးဆွဲလိုနေကြပြီး ခရီးစဉ်မဆုံးမီ ပြန်လှည့်သွားတဲ့ဖြစ်စဉ်တွေရှိနေတာကြောင့် နည်းပညာအကူအညီရယူပြီး စနစ်တကျထိန်းချုပ်သွားဖို့ ပြင်ဆင်နေကြောင်းလည်း ၀န်ကြီးချုပ်က ဆက်လက်ပြောကြားထားပါတယ်။
ထို့အပြင် အများပိုင်ဘတ်စ်ကားများပြေးဆွဲနေမှုကို ဆွီဒင်နဲ့ ဂျပန်နိုင်ငံက JICA တို့ရဲ့ အကူအညီနဲ့  ပြန်လည်လေ့လာဆန်းစစ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အများပိုင်ဘတ်စ်ကား စုပေါင်းပြေးဆွဲတဲ့စနစ်ကို ဇန်န၀ါရီ ၁၆ရက်က စတင်ခဲ့ပြီး နှစ်ပတ်ကျော်လာတဲ့အထိ ခရီးသွားအချို့မှာ အခက်အခဲရှိနေသေးတယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily, Barcamp Yangon: Duwun

No comments:

Post a Comment