Latest News

Sunday, January 1, 2017

တာဝန်မသိသည့် အင်အားကြီးသူများကြောင့် နိုင်ငံဒုက္ခ ရောက်မှု အင်မတန်ကြီးမားသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

တာဝန်မသိသည့် အင်အားကြီးသူများကြောင့် နိုင်ငံဒုက္ခ ရောက်မှု အင်မတန်ကြီးမားသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တာဝန်မသိသည့် အင်အား ကြီးသူများကြောင့် နိုင်ငံဒုက္ခရောက်မှုသည် အင်မတန်ကြီးမား သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိုလ်ဒေါ်အောင်ဆန်း စုကြည်က ယနေ့ ဇန်န၀ါရီလ ၁ရက် နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ(၂)တွင် လူငယ်များနှင့် တွေ့ဆုံပြုလုပ် သည့် ငြိမ်းချမ်းရေးစကားဝိုင်း၌ ပြောကြားသည်။

“အင်အားကြီးမားသူများဟာ တာဝန်မသိဘူးဆိုရင် နိုင်ငံ အင်မတန်မှ ဒုက္ခရောက်ပါတယ်၊ အင်အားနည်းတဲ့ သူတွေ ကြောင့် ဒုက္ခရောက်တာ သေးသေးလေး၊ အင်အားကြီးတဲ့ သူ တွေ တာဝန်ကို မသိတဲ့အခါကျတော့ ဒုက္ခ ရောက်တာ အင်မတန်မှ ကြီးမားပါတယ်" ဟု ၄င်းက ပြောသည်။

မိမိတိုင်းပြည်အတွက် လုပ်ဆောင်သည့်သူသည် ဂုဏ်သိက္ခာ ရှိပြီး ‘ ငါ ’ တစ်ယောက်တည်းအတွက်သာ လုပ်ဆောင်သူ သည် ဂုဏ်သိက္ခာမရှိကြောင်းကို သဘောပေါက်ဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ဒီနှစ် ၃၆၅ရက်ကို အများအတွက်သုံးခဲ့တယ်ဆိုတဲ့ သန့်တဲ့ လိပ်ပြာနဲ့ နောင်နှစ်ကို ရင်ဆိုင်မယ်ဆိုရင် ကျွန်မတို့ဟာ လူဖြစ်ရကျိုးနပ်တယ်လို့ သုံးသပ်လို့ရပါတယ်၊ အဲဒါကြောင့် နိုင်ငံအတွက် သုံးကြပါ၊ ကိုယ့် ကိုယ်ကိုလည်း နိုင်ငံအတွက် သုံးကြပါ၊ ကိုယ့်ရဲ့ အရည်အချင်းတွေကို နိုင်ငံအတွက် သုံးကြ ပါ၊ ကိုယ့်ရဲ့ အသိုင်းအ၀ိုင်းကိုလည်း နိုင်ငံအတွက် လုပ်စေချင် တဲ့ စိတ်ရှိအောင် ဆော်သြပါ၊ စည်းရုံးပါ" ဟု ၄င်းက ပြော သည်။

နိုင်ငံသားအားလုံး ငြိမ်းချမ်းရေးအတွက် တာဝန်သိစိတ်ဖြင့် တစ်ဘက်တစ်လမ်းက ဆောင်ရွက်ကြမည်ဆိုပါက ၂၀၁၇ခုနှစ် အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်သည် တိုးတက်မှုရှိနိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်က ဆို သည်။

“အန်တီတို့ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အမြန်ဆုံးဖြစ်စေ ချင်တယ်၊ ရသင့်တာကြာပါပြီ၊ ၂၀၁၇ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ် လို့ သတ်မှတ်နိုင်အာင် အားလုံးဝိုင်းဝန်းကူညီကြပါ” ဟု တက်ရောက်လာသည့် လူငယ် ကိုယ်စားလှယ်များကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

လူငယ်များအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဆန္ဒရှိပါက ပါဝင်နိုင်ကြောင်းလည်း ၄င်းက လူငယ်ကိုယ်စား လှယ် တစ်ဦး၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

“အားလုံးက ငါ့မှာတာဝန်ရှိတယ်ဆိုတဲ့ စိတ်မွေးပါ၊ တစ်ချို့တွေ က ဘယ်လိုမြင်လဲဆိုရင် မကောင်းတာဖြစ်လို့ရှိရင် သူများတွေ ကြောင့်၊ ကောင်းတာကျရင် ငါ့ကြောင့်ဆိုတဲ့ စိတ်ထားလို့မဖြစ် ဘူး၊ မကောင်းတာလည်း လုပ်ကြမယ်၊ ကောင်းတာလည်း လုပ်ကြမယ်၊ အားလုံးဝိုင်းဝန်းပြီးတော့ စုပေါင်းလုပ်ဆောင်မယ့် စိတ်ဓာတ်လေးတော့ မွေးကြပါလို့ တိုက်တွန်းချင်ပါတယ် ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့သည်။

ယခုပြုလုပ်သည့် ငြိမ်းချမ်းရေးစကားဝိုင်း( နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များစကားဝိုင်း )သို့ ပြည် နယ်နှင့် တိုင်းဒေကြီးအသီးသီးရှိ စိစစ်ရွေးချယ်ထားသည့် လူငယ်ကိုယ်စားလှယ် စုစုပေါင်း၁၈ဦး တက်ရောက် ခဲ့သော်လည်း ကချင်၊ ကယားနှင့် ချင်းပြည်နယ်တို့မှ လူငယ်ကိုယ်စားလှယ်များက ရောက်ရှိမည့်အချိန် နောက် ကျနေသည့်အတွက် မတက်ရောက်ဖြစ်ခဲ့ပေ။

Sources; ဓာတ်ပုံ- ပြည့်သက်ဖြိုး/မြန်မာတိုင်းမ်

ငြိမ်းချမ်းရေးစကားဝိုင်းတွင် မိန့်ခွန်းပြောကြားခဲ့ပြီး  လူငယ် ကိုယ်စားလှယ်များနှင့် ဆွေးနွေးနေသည့်
ဒေါ်အောင်ဆန်းစုကြည်

No comments:

Post a Comment