Latest News

Friday, January 6, 2017

မွန်ပြည်နယ် လွှတ်တော်ဂျာနယ် စတင်ထုတ်ဝေ

မွန်ပြည်နယ် လွှတ်တော်ဂျာနယ် စတင်ထုတ်ဝေ

မော်လမြိုင်၊ ဇန်နဝါရီ ၅

မွန်ပြည်နယ်လွှတ်တော်က စီစဉ်ထုတ်ဝေသည့် မွန်ပြည်နယ် လွှတ်တော်ဂျာနယ် စတင်ထုတ်ဝေလိုက်သည်။

ယင်းဂျာနယ် အတွဲ (၁) အမှတ် (၁) ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၅ ရက်က စတင်ထုတ်ဝေ ဖြန့်ချိလိုက်သည်ဟု မွန်ပြည်နယ် လွှတ်တော်ရုံးမှ သိရသည်။

ပြည်နယ်လွှတ်တော် ကဏ္ဍများနှင့် ပြည်နယ်အတွင်း ထူးခြားဖြစ်စဉ်များကို ပြည်သူများအကြား သတင်းအချက်အလက်များ ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် လွှတ်တော်ဂျာနယ်ကို တစ်လတစ်ကြိမ် ထုတ်ဝေခြင်း ဖြစ်သည်ဟု အထက်ပါရုံးမှ သိရသည်။
“လွှတ်တော်နဲ့ လူထုအချိတ်ဆက်မိအောင် ဖန်တီးချက်တစ်ခုလို့ ပြောလို့ရပါတယ်” ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောသည်။

မွန်လွှတ်တော်ဂျာနယ် အတွဲ (၁) အမှတ် (၁) ကို အစောင်ရေ ၁၀၀၀ ထုတ်ဝေထားပြီး၊ တစ်စောင်လျှင် ၅၀၀ ကျပ်ဖြင့် ဂျာနယ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်သကဲ့သို့ လွှတ်တော်ရုံးတွင်လည်း ဝယ်ယူနိုင်သည်ဟု သိရသည်။

လွှတ်တော်ဂျာနယ်တွင် လွှတ်တော်လုပ်ငန်းများအပြင် ပြည်နယ်အတွင်း ထူးခြားဖြစ်စဉ်များနှင့် လူထုအသံများ၊ ကာတွန်းများ ဆောင်းပါးကဏ္ဍများ ထည့်သွင်းဖော်ပြထားသည်။

“ဂျာနယ်ကိုတော့ မဖတ်ရသေးဘူး၊ ဝယ်ဖတ်ရမှာပေါ့ ဒါမှလဲ ကိုယ့်လွှတ်တော်က ဘာတွေလုပ်နေလဲ အဲကနေတဆင့် အစိုးရရဲ့ လုပ်ဆောင်ချက်တွေ သူတို့ ဘာတွေလုပ်နေလဲဆိုတာ သိလာရမှာလေ” ဟု မွန်ပြည်သူတစ်ဦး ဖြစ်သည့် ဦးသောင်းရှင်က ပြောသည်။

မွန်ပြည်နယ်လွှတ်တော် အနေဖြင့် လွှတ်တော်ဂျာနယ် ထုတ်ဝေရန်အတွက် မော်လမြိုင် အခြေစိုက် သံလွင်တိုင်း(မ်)ဂျာနယ်မှ တဆင့် ပြည်နယ်အတွင်းရှိ လူတန်းစား အလွှာပေါင်းစုံထံမှ စစ်တမ်းသဘောထား ကောက်ယူခဲ့သည်။

Sources; The Voice

No comments:

Post a Comment