Latest News

Sunday, January 1, 2017

ထိုင်ခုံခါးပတ် မပတ်ဘဲ ယာဉ်မောင်းနှင် စီးနင်းသူများအား ဇန်န၀ါရီ ၁ ရက်မှစ၍ အရေးယူမည်

ထိုင်ခုံခါးပတ် မပတ်ဘဲ ယာဉ်မောင်းနှင် စီးနင်းသူများအား ဇန်န၀ါရီ ၁ ရက်မှစ၍ အရေးယူမည်

ရန်ကုန်မြို့တွင် ထိုင်ခုံခါးပတ်ပတ်လျက် ယာဉ်မောင်းနှင်နေသူ တစ်ဦးကို တွေ့ရစဉ်
ထိုင်ခုံခါးပတ် (Seat Belt) မပတ်ဘဲ ယာဉ်မောင်းနှင် စီးနင်းသူများကို ဇန်န၀ါရီ ၁ ရက် တွင် စတင်အရေးယူမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အရေးယူခြင်းအား နေပြည်တော်နှင့် ရန်ကုန်မြို့တွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ယာဉ်ထိန်းတပ်ဖွဲ့များမှ သိရသည်။

နေပြည်တော်တွင် ယာဉ်မောင်းစဉ် ထိုင်ခုံခါးပတ် မပတ်ခြင်း အပါအ၀င် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သည့် မည်သည့်ယာဉ်ကိုမဆို စစ်ဆေး အရေးယူမည်ဖြစ်ကြောင်း နေပြည်တော်အမှတ် (၁) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးကိုကိုနိုင်က ပြောကြားသည်။

ထို့ပြင် မော်တော်ယာဉ် ဥပဒေအရ ဇန်န၀ါရီ ၁ ရက်မှစ၍ ထိုင်ခုံခါးပတ် မပတ်ပါက ပုဂ္ဂလိက ယာဉ်များအပြင် ဌာနဆိုင်ရာယာဉ်များကိုလည်း စစ်ဆေး အရေးယူမည်ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း ယာဉ်လိုင်စင်၊ အမောင်းလိုင်စင်နှင့် ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်း စသည်တို့ကို စီမံချက်ဖြင့် ဖမ်းဆီး အရေးယူနေကြောင်း ရဲမှူးက ပြောကြားသည်။

“အကုန်စစ်မှာပေါ့။ ဥပဒေအရ ဘယ်သူပဲဖြစ်ဖြစ် စစ်ဆေးတွေ့ရှိတဲ့ ကားမှန်သမျှကတော့ မပါရင် အရေးယူရမှာပဲ” ဟု နေပြည်တော် အမှတ် (၁) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးကိုကိုနိုင်က ပြောကြားသည်။

နေပြည်တော် ယာဉ်ထိန်းတပ်ဖွဲ့ အနေဖြင့် အသိပညာပေး လုပ်ငန်းများကို မထသ၊ ကညနစသည်တို့နှင့် ပူးပေါင်းကာ ဘောဂသီရိ ကားကြီးကွင်းနှင့် လူစည်ကားရာနေရာများ၊ အမြန်လမ်းမကြီး တိုးဂိတ်အနီး စသည်နေရာများတွင် ပညာပေးလျက်ရှိကြောင်း၊ လက်ရှိတွင် စီမံချက်ဖြင့် နေ့စဉ်ရွေ့လျားစစ်ဆေး ဖမ်းဆီးနေသည့် ယာဉ်ထိန်းရဲအဖွဲ့မှလည်း ပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ မော်တော်ယာဉ် အများဆုံး သွားလာလျက်ရှိသည့် ရန်ကုန်မြို့တွင်လည်း စတင်အရေးယူမည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ကိုဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ ကာလအား ယာဉ်မောင်းနှင်စီးနင်းစဉ် ထိုင်ခုံခါးပတ်များပတ်ရန် ပညာပေးကာလအဖြစ် သတ်မှတ်ခဲ့ပြီး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင် အရေးယူမည်ဖြစ်ကြောင်း ကြေညာထားသည်။

ထိုသို့ ကားထိုင်ခုံခါးပတ် (Seat Belt) မပတ်ဘဲ မောင်းနှင်စီးနင်းသူများကို ရန်ကုန်မြို့ရှိ မီးပွိုင့်များတွင် တပ်ဆင်ထားသည့် CCTV များအား ပြန်လည်ကြည့်ရှု၍ အရေးယူမည်ဖြစ်ကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များမှလည်း ခါးပတ်မပတ်သည့် ယာဉ်မောင်းနှင် စီးနင်းသူများကို အရေးယူမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“အသက်ကယ် ထိုင်ခုံခါးပတ်ဆိုတာ မိမိအသက်ကိုကယ်တဲ့ ခါးပတ်လေ။ အသက်ကယ်ခါးပတ်ကို ပတ်ခိုင်းတာက ကိုယ့်အတွက် ကိုယ်ပြောနေတာ။ ကျွန်တော်တို့က စည်းကမ်းထိန်းပေးရုံလောက်ပဲ ထိန်းပေးတာ။ ကိုယ်ကဘယ်လောက်ပဲ စည်းကမ်းကောင်းကောင်း စည်းကမ်းမကောင်းတဲ့သူက ကိုယ့်ကိုလာတိုက်နိုင်တာပဲလေ။ ဘရိတ်ပေါက်သွားလို့ပဲဖြစ်ဖြစ် ကိုယ့်ကိုလာတိုက်နိုင်တာပဲလေ။ ကိုယ်စည်းကမ်း ဘယ်လောက်ကောင်းကောင်း ကိုယ့်ကို လာတိုက်နိုင်တဲ့သူတွေ အချိန်မရွေး ရှိလာနိုင်တဲ့အတွက် ခါးပတ်ပတ်ထားတာက အသက်အန္တရာယ် လုံခြုံမှုရှိတာပေါ့” ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး အောင်ကိုဦးက ပြောကြားသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် အစိုးရက ထုတ်ပြန်ခဲ့သည့် မော်တော်ယာဉ် ဥပဒေတွင် ယာဉ်မောင်းသူနှင့် စီးနင်းသူများ အနေဖြင့် ထိုင်ခုံခါးပတ်များပတ်၍ မောင်းနှင်စီးနင်းခြင်းများ ပြုလုပ်ရန် ပြဋ္ဌာန်းထားပြီး ယင်းသို့ ထိုင်ခုံခါးပတ်များ မပတ်ပါက ကျပ် ၃၀၀၀၀ ထက် မပိုသောဒဏ်ငွေ ချမှတ်အရေးယူနိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့အတွင်း ယာဉ်မောင်းနှင်စီးနင်းသူ အချို့သာ ထိုင်ခုံခါးပတ်ပတ်ကာ မောင်းနှင် စီးနင်းလျက်ရှိပြီး အများစုသည် ထိုင်ခုံခါးပတ်ပတ်ခြင်းမရှိဘဲ ယာဉ်မောင်းနှင်လျက် ရှိသည်။ ထိုသို့ ယာဉ်မောင်းသူနှင့် စီးနင်းသူများ အနေဖြင့် ထိုင်ခုံခါးပတ် မပတ်ထားသည့်အတွက် ယာဉ်မှသတိပေးသည့် အသံများ ပျောက်ကွယ်စေရန် (Buckle) ခါးပတ်ချိတ်များ တပ်ဆင်သုံးစွဲမှုများ ရှိနေကြောင်း သိရသည်။        

Sources; ရှိုင်းလင်းအောင်၊ ကျော်မျိုး Eleven Media Group

No comments:

Post a Comment