Latest News

Monday, January 9, 2017

အလောင်းတော်ကဿပ ဘုရားဖူးယာဉ် ချောက်ထဲကျ ၇ ဦး ဒဏ်ရာရ

အလောင်းတော်ကဿပ ဘုရားဖူးယာဉ် ချောက်ထဲကျ ၇ ဦး ဒဏ်ရာရ


မုံရွာ၊ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့ ပြာပုံတောင် အဆင်း ၁၃ မိုင်တွင် ဇန်နဝါရီလ  ၉ ရက် နံနက် ၁၀ နာရီက အလောင်းတော်ကဿပမှ ဘုရားဖူး ပြန်လာသည့် ခရီးသည် ၁၂ ဦး လိုက်ပါလာသော မော်တော်ယာဉ်တစ်စီးမှာ ဘီးပေါက်ကာ ၁၀ ပေ ချောက်တွင်း တိမ်းမှောက်ခဲ့ရာ ခရီးသည် ၇ ဦး  ဒဏ်ရာရရှိခဲ့ကြောင်း ကနီမြို့မ ရဲစခန်းထံမှ သိရသည်။

“ရတနာပုံလိုင်းက ကားအသေးမှောက်တာပါ၊ တောင်အဆင်းမှာ ဘီးပေါက်ပြီး ၁၀ ပေလောက် နက်တဲ့ ချောက်ထဲကျတာ” ဟု ကနီမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ ကားပေါ်တွင် လိုက်ပါလာသူများအနက် အသက် ၃၀ ကျော်မှ အသက် ၇၀ ကြား အမျိုးသားနှစ်ဦး၊ အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့်  မုံရွာပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသနေပြီး လူနာများမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း မှုခင်းဌာနထံမှ သိရသည်။

အဆိုပါ ဘုရားဖူးအဖွဲ့မှာ ဧရာဝတီနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်သူများ ဖြစ်ပြီး ရန်ကုန်မှ  ၄၅ ယောက်ဆံ့ အဝေးပြေးဘုရားဖူးယာဉ်ဖြင့် မုံရွာမြို့သို့ ရောက်ရှိလာကြောင်း၊ ယင်းနောက် မုံရွာမြို့မှ တောင်တက်ကား ၂ စီး ငှားရမ်းကာ ကားပြောင်းစီးခဲ့ပြီး အလောင်းတော်ကဿပသို့ တစ်ညအိပ် ဘုရားဖူးကာ ပြန်လာစဉ် မော်တော်ယာဉ် ၂ စီးအနက် ယာဉ်ငယ်မှာ ဘီးပေါက်သဖြင့် နှစ်ပတ်ခန့်လိမ့်ကာ ချောက်ကမ်းပါးအတွင်း ထိုးကျကာ ဝါးရုံပေါ် တင်နေကြောင်း ယင်းခရီးစဉ်တွင် ပါဝင်ခဲ့သည့် ခရီးသည်တစ်ဦးက ပြောကြားသည်။                              

Sources; The Voice

No comments:

Post a Comment