Latest News

Sunday, December 25, 2016

၂၀၁၇ တွင် အငှားယာဉ်များ စနစ်တကျဖြစ်စေရေး Taxi Stand များ စနစ်တကျထားရှိရန် စီစဉ်နေ

၂၀၁၇ တွင် အငှားယာဉ်များ စနစ်တကျဖြစ်စေရေး Taxi Stand များ စနစ်တကျထားရှိရန် စီစဉ်နေ


ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့်အငှားယာဉ်များကို လာမည့် ၂၀၁၇ ခုနှစ်တွင် တရားဝင်မှတ်ပုံတင်ကာ Taxi Stand များဖြင့် စနစ်တကျထားရှိသွားမည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ် ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

''၂၀၁၇ မှာလုပ်ဖို့ အစီအစဉ်ရှိတယ်။ စည်းကမ်းပိုင်းတွေ သတ်မှတ်ဖို့ ပြန်ပြီးတော့ ညှိရဦးမှာ။ Taxi အသင်းအဖွဲ့ တွေခေါ်ပြီးတော့မှ ညှိရဦးမှာ။ Taxi Stand မှာ ဘယ်လောက်ရပ်မလဲ။ ဘယ်လိုတင်မယ်။ ခရီးသည်မပါဘဲ လှည့်လည်မောင်းနေရင် ဖမ်းဆီးအရေးယူမှာလား၊ အရေးမယူဘူးလား ဒါတွေကိုညှိနှိုင်းပြီး ပြန်သတ် မှတ်ရဦးမှာ''ဟု ဒုရဲမှူးကြီးအောင်ကိုဦးက News Watch သို့ ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲနေသည့် အငှားယာဉ်များကို ကွန်ပျူတာစာရင်းတွင်ရှိသော အရေအတွက်နှင့် မြေပြင်တွင်ရှိနေသော Taxi အရေအတွက် မှန်၊ မမှန် ကောက်ခံကာ စနစ်တကျမှတ်ပုံတင်ကာ ဗဟိုမီးပွိုင့်ထိန်းချုပ်မှုစင်တာမှ ထိန်းချုပ်သွားရန် စီစဉ်ထားကြောင်းလည်း ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် အငှားယာဉ်များကို တရားဝင်မှတ်ပုံတင်ကာ Taxi Stand များဖြင့် စနစ်တကျထားရှိနိုင်ရန် မြေနေရာရှာဖွေနေပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် အငှားယာဉ်များ၏ စာရင်း ကိုအတိအကျသိရှိနိုင်ရန်အတွက် ဒီဇင်ဘာ တတိယအပတ်မှစတင်ကာ ကောက်ယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အတွင်းရေးမှူးဒေါက်တာမောင်အောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အမြဲတမ်း Taxi  (သို့မဟုတ်) ကက၊ ခခ နံပါတ်များဖြင့် Taxi အဖြစ် ပြောင်းလဲခွင့်မရှိသည့် Taxi များ၊ လိုင်စင်အနက်မှ အနီပြောင်းလဲထားသည့် Taxi များနှင့် တရားမ၀င်ပြေးဆွဲနေသော Taxi ယာဉ်များ စုစုပေါင်းရှစ်သောင်းကျော်ရှိကြောင်း အငှားယာဉ် Taxi များကို စနစ်တကျ စာရင်းပြုစုကာ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားထားသည်။

Sources; လင်းလင်းအောင် NewsWatch

No comments:

Post a Comment