Latest News

Saturday, December 10, 2016

ရှမ်းမြောက်တွင် တိုက်ပွဲများဆက်ဖြစ် ပြည်သူ ၄၀၀ ကျော် လားရှိုးကို ထွက်ပြေး

ရှမ်းမြောက်တွင် တိုက်ပွဲများဆက်ဖြစ်
ပြည်သူ ၄၀၀ ကျော် လားရှိုးကို ထွက်ပြေး



ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာအနီးမှာ တီအန်အယ်လ်အေ တအာင်းတပ်တွေနဲ့ မြန်မာတပ်မတော်တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် နားဆိုင်းကျေးရွာနဲ့ ပန်ချဉ်ကျေးရွာကပြည်သူ ၄၀၀ ကျော်  လားရှိုးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ရှောင်ဒုက္ခသည်တွေဟာ လားရှိုး မန်ဆူရှမ်းကျောင်းတိုက်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့စလို့ လာရောက် ခိုလှုံနေကြပါတယ်။

ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ရှမ်းမြောက်မှာ စစ်ပွဲတွေ မငြိမ်မသက် ဖြစ်နေတုန်းလို့ ပြောပါတယ်။

“အခု လောလောဆယ်တော့ စစ်ပွဲတွေက မငြိမ်မသက်ဖြစ်နေတယ်။ မနေ့ကတင် နမ္မတူနဲ့ လားရှိုးကြားမှာ ကားတွေ ပိတ်မိတယ်၊ လက်နက်ကိုင်တွေက ကားတွေ တားပြီးတော့ လမ်းပိတ်ထားတယ်။ စစ်ဘေးရှောင်ကလည်း နမ္မတူကနေ လားရှိုးကို တက်သွားတာ ရှိတယ်၊ နောင်ချိုဘက် ဆင်းသွားတာလည်း ရှိတယ်။ ညနေဘက် ကြားတာတော့ ဆက်ကြေးလိုမျိုး ကောက်တယ်လို့ ကြားတယ်။”

အစိုးရရဲ့ ဒီဇင်ဘာ ၉ ရက် ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများအတွင်း သေဆုံးသူ ၃၀ လောက်ရှိပြီး ဒဏ်ရာရသူ ၆၀ ကျော် ရှိပါတယ်။

နိုဝင်ဘာ ၂၀ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲများအတွင်း ဒီဇင်ဘာ ၉ ရက်အထိ ရရှိတဲ့ စာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင် ၁၅ ဦး ပါဝင်ပါတယ်။

တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ သေဆုံးစာရင်းကိုတော့ နှစ်ဘက်စလုံးက ထုတ်ပြန်ခြင်း မရှိပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နိုဝင်ဘာ ၂၀ ရက်ကစလို့ ကေအိုင်အေ၊ အမ်အန်ဒီအေအေ၊ တီအန်အယ်လ်အေနဲ့ အေအေ တပ်ဖွဲ့တို့ရဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့က ထိုးစစ် စတင်ခဲ့ပြီး ဒီနေ့ ထိ တိုက်ပွဲတွ ကြိုးကြား ကြိုးကြား ဖြစ်ပွားနေတုန်း ဖြစ်ပါတယ်။

ဓာတ်ပုံ – ခွန်ဇော်ဦး (မန်ဟိုင်းက စစ်ဘေးဒုက္ခသည်စခန်း)

DVB TV News



No comments:

Post a Comment