Latest News

Monday, December 19, 2016

အစိုးရဝန်ကြီးများ ကတိပေးပြီးရင် တည်ဖို့လိုအပ်ဟု လွှတ်တော်ကော်မတီ အစီရင်ခံ

အစိုးရဝန်ကြီးများ ကတိပေးပြီးရင် တည်ဖို့လိုအပ်ဟု လွှတ်တော်ကော်မတီ အစီရင်ခံ



ပြည်ထောင်စုအစိုးရအနေဖြင့် လွှတ်တော်အမတ်များ၏ မေးမြန်းချက်၊ အဆိုပြုချက်များအပေါ် အမှန်တကယ် ဆောင်ရွက်ပေးနိုင်မှသာ ကတိပေးရန်နှင့် ကတိပေးပြီးသည့် လုပ်ငန်းများကိုလည်း ပီပီပြပြင် ပြီးပြတ်အောင် ဆောင်ရွက်ရန် လိုအပ်သည်ဟု အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက အစီရင်ခံလိုက်သည်။

“အမှန်တစ်ကယ်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကိုသာ တိတိပပ တာဝန်ခံ ကတိပေးရန် လိုအပ်ပါကြောင်း၊ တာဝန်ခံကတိပေးပြီးသည့် လုပ်ငန်းများကိုလည်း ပီပီပြင်ပြင် ပြီးပြတ်အောင် ဆောင်ရွက်ခြင်းအားဖြင့် လွှတ်တော်နှင့်အစိုးရတို့၏ ဆောင်ရွက်ချက်များ ပိုမိုကောင်းမွန်လာပြီး နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ပို၍ အထောက်အကူပြုလာနိုင်မည်” ဟု ကော်မတီ၏ အစီရင်ခံစာတွင် သုံးသပ်အကြံပြုထားသည်။

ယင်းအစီရင်ခံစာကို အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အဖွဲ့ဝင်ဖြစ်သူ ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော်အမတ် ဒေါ်ခင်ဆွေလွင်က ဒီဇင်ဘာ ၁၉ရက်၊ အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

ကော်မတီအနေဖြင့် ကတိဖြစ်ပေါ်သည့် မေးခွန်းများနှင့်ပတ်သက်၍ သတ်မှတ်သည့်ကာလအတွင်း အကောင်အထည်ဖော်မှုရှိ၊ မရှိ၊ စံချိန်၊ စံညွှန်း အရည်အသွေး ပြည့်မီမှုရှိ၊ မရှိ၊ အမှန်တကယ် ပြီးစီးမှုရှိ၊ မရှိ အခြေအနေများကို အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်းနှင့် လိုအပ်ပါက ကျွမ်းကျင်ပညာရှင်များ၏ အကူအညီကို ရယူ၍ စစ်ဆေးသွားမည်ဖြစ်ဟုလည်း လွှတ်တော်တွင် အစီရင်ခံခဲ့သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေးတွင် လွှတ်တော်အမတ်များ တင်သွင်းခဲ့သည့် အဆို၊ မေးမြန်းခဲ့သည့် မေးခွန်းများနှင့် စပ်လျဉ်း၍ ကော်မတီက အစီရင်ခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိအနေအထားတွင် လွှတ်တော်အနေဖြင့် အစိုးရအပေါ် ညှာတာနေသည်ဟု ယူဆကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးဂျေယောဝူက မှတ်ချက်ပြုသည်။

“ပထမအစဆိုတော့ နည်းနည်းညှာတယ်လို့ ယူဆပါတယ်။ ဒါက အားနည်းမှုဖြစ်လာနိုင်တာပေါ့လေ။ ဒါက သဘောထားကြီးပေးရမယ့်နေရာ မဟုတ်ဘူးလေ။ လွှတ်တော်အနေနဲ့ အပြန်အလှန် ထိန်းကျောင်းမှု လုပ်ကို လုပ်ရမယ်” ဟု ဦးဂျေယောဝူက လွှတ်တော်အစည်းအဝေးအပြီး မီဒီယာများကို ပြောသည်။

အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာအရ ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် လွှတ်တော်အမတ်များက ကြယ်ပွင့်ပြမေးခွန်း (၁၄၇)ခု၊ ကြယ်ပွင့်မပြမေးခွန်း (၇၂)ခု၊ မေးမြန်းခဲ့ပြီး အဆို(၃)ခု တင်သွင်းခဲ့သည်။

ကြယ်ပွင့်ပြမေးခွန်း (၁၄၇)အခုအနက် မေးခွန်း(၈၇)ခုကို အစိုးရက ဆောင်ရွက်ပေးမည်ဟု ကတိပေးထားသည်။

ကြယ်ပွင့်ပြမေးခွန်းများအနက် မေးခွန်းအများဆုံး မေးမြန်းခံရသည့် ဝန်ကြီးဌာနမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဖြစ်ပြီး အဆိုပါ ဝန်ကြီးဌာနကပင် အများဆုံး ကတိပေးထားသည့် ဌာနဖြစ်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကြယ်ပွင့်မပြမေးခွန်း အများဆုံးမေးမြန်းခံရသည့် ဝန်ကြီးဌာနမှာမူ ပညာရေးဝန်ကြီးဌာနဖြစ်သည်။

အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီတွင် ဧရာဝတီတိုင်း၊ မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းဆွေက ဥက္ကဌအဖြစ် တာဝန်ယူထားပြီး ကော်မတီ၏ သက်တမ်းသည် အမျိုးသားလွှတ်တော်၏ သက်တမ်းနှင့်အညီ ဖြစ်သည်။

Sources ; Mizzima

No comments:

Post a Comment