Latest News

Sunday, December 4, 2016

မွန်ဝန်ကြီးချုပ်နဲ့ တနင်္သာရီတိုင်း လွှတ်တော်အကြီးအကဲတွေကို ခေါ်ယူစစ်ဆေးမည်

မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တနသာင်္ရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဒုတိယ ဥက္ကဌတို့ကို တိုင်ကြားချက်တွေအရ မကြာခင် ခေါ်ယူစစ်ဆေးသွားဖို့ရှိတယ်လို့ NLDပါတီ လေ့လာသုံးသပ်ရေး အဖွဲ့မှာ ပါဝင်တဲ့ ရှေ့နေ ဦးကျော်ဟိုး က ပြောပါတယ်။

တိုင်ကြားသူတွေကို ခေါ်ယူစစ်ဆေးနေပြီး မကြာခင်မှာ တိုင်ကြားခံရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တနသာင်္ရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ ဒုက္ကဌတို့ကို ခေါ်ယူတွေ့ဆုံသွားဖို့ရှိတယ်လို့ NLDပါတီ လေ့လာသုံးသပ်ရေး အဖွဲ့ဝင် ရှေ့နေ ဦးကျော်ဟိုး က ပြောပါတယ်။

"မွန်ရော တနသာင်္ရီရော လောလောဆယ်ကတော့ တိုင်တဲ့သူဘက်က တင်ပြတဲ့ သက်သေတွေ အထောက်အထားတွေကို စစ်ဆေးနေပါတယ်၊ မွန်ပြည်နယ် ဥက္ကဌရယ် တနသာင်္ရီက  တိုင်းလွှတ်တော် ဥက္ကဌရယ်၊ ဒုဥက္ကဌရယ်ကို ကျွန်တော်တို့ ခေါ်မှာပါ"

မွန်ပြည်နယ်နဲ့ တနသာင်္ရီတိုင်းဒေသကြီးမှာ အစိုးရအဖွဲ့ဝင်တွေနဲ့ NLDပါတီ လွှတ်တော် ကိုယ်စားလှယ်တွေကြား ဖြစ်ပွားနေတဲ့ မကျေနပ်မှုတွေကို ဖြေရှင်းဖို့ ဦးဥာဏ်ဝင်း၊ ဒေါက်တာမျိုးညွန့်၊ ဦးကျော်ဟိုးတို့ သုံးဦး ပါဝင်တဲ့ လေ့လာသုံးသပ်ရေးအဖွဲ့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့က ဖွဲ့စည်းပေးလိုက်တာဖြစ်ပါတယ်။

ဘယ်လိုအကြောင်းအရာတွေနဲ့ တိုင်ကြားထားတယ်ဆိုတာကို မပြောနိုင်သေးကြောင်းလည်း ဦးကျော်ဟိုး က ပြောပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေအကြား မပြေလည်မှုတွေ ရှိနေသလို မွန်ဝန်ကြီးချုပ် အပြောင်းအလဲဖြစ်ပေါ်နိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အလားတူ တနသာင်္ရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနဲ့ ဒုတိယ ဥက္ကဌတို့ကို စီစစ်ပေးဖို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေက ပါတီဗဟိုဌာနချုပ်နဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် ဥက္ကဌတွေထံ လက်မှတ်ရေးထိုးတိုင်ကြားထားပါတယ်။

လေ့လာသုံးသပ်ရေးအဖွဲ့ဟာ စစ်ဆေးတွေ့ရှိချက်တွေကို ပါတီဗဟိုကိုပြန်လည်တင်ပြ ရမှာဖြစ်ပြီး  စုံစမ်းစစ်ဆေးနေတဲ့ကာလကို သတ်မှတ်ထားတာမရှိဘဲ စစ်ဆေးမှုတွေ ပြီးပြတ်တဲ့အထိ အချိန်ယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

RFA Burmese
Photo: Kyaw Lwin Oo/ RFA

( မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦး ကို တွေ့ရစဉ် )

No comments:

Post a Comment