Latest News

Wednesday, December 21, 2016

ကမ္ဘာ့ဈေးကွက် ထိုးဖောက်မယ့် မြန်မာ့ချောကလက်အိပ်မက်

ကမ္ဘာ့ဈေးကွက် ထိုးဖောက်မယ့် မြန်မာ့ချောကလက်အိပ်မက်

အသားဖြူဖြူ မျက်နှာပြုံး ချိုချိုနဲ့ အမျိုးသမီး ငယ် တစ်ယောက် ဟာ သူ့ရဲ့ ထုတ်ကုန်ပစ္စည်းလေး တစ်ခုနဲ့ပတ်သက်ပြီး ကျွန်တော့်ကို စိတ်လိုလက်ရရှင်းပြနေတယ်။ သူ ကိုယ်တိုင် အစအဆုံး တီထွင်ဖန် တီးပြီး ပေါ်ပေါက်လာတဲ့ သူ့ထုတ် ကုန်ပစ္စည်းလေးတွေဟာ လတ် တလောမှာတော့ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ရေပန်းစားနေပြီး သူ့ရဲ့ တီထွင်ဖန်တီးမှုအပေါ် သဘောကျချီးကျူးမှုတွေ ဝေညံလို့နေပါတယ်။ သူ့ထုတ်ကုန်ပစ္စည်းလေးတွေ
ကတော့ မြန်မာ့ရိုးရာထန်းလျက်ကို အသွင်ပြောင်း ထုတ်လုပ်လိုက်တဲ့ Tree Food ဆိုတဲ့ အသင့်စား ထန်းလျက်ခဲထုပ်လေးတွေပါ။ မြန်မာတွေအတွက် မဆန်းတဲ့ ထန်းလျက်ကို အရသာအမျိုးမျိုးထပ်ပေါင်းထည့် ပါကင်လှလှ
လေးတွေထုပ်ပြီး စူပါ မားကက်ကြီးတွေမှာပါ တင်ပြီး ရောင်းချနေပြီဖြစ်တဲ့ Tree Food ဟာ ဆန်းသစ်တီထွင်မှုကို ကိုယ် စားပြုနေတာအမှန်ပါ။ ဈေးကွက် တစ်နေရာ ရရှိလာပြီဖြစ်တဲ့ Tree Food  ထန်းလျက်ခဲထုပ်လေးတွေ ကို အသက်(၂၈)နှစ်သာရှိသေးတဲ့ မချိုလဲ့အောင်က ဦးစီးထုတ်လုပ် နေခြင်း ဖြစ်ပါတယ်။

ငယ်ငယ်ကတည်းက တီထွင် ဖန်တီးရတာကို ပျော်တာ

မချိုလဲ့အောင်ဟာ ရန်ကုန် လမ်းမတော်မြို့နယ် ဇာတိပါ။ သူ ဟာ ငယ်ငယ်ကတည်းက တီထွင် ဖန်တီးရတာကို ကြိုက်တယ်။ လုပ်ရိုးလုပ်စဉ်တွေကို မပျော်မွေ့ဘူး။ သူငယ်ငယ် ကွန်ပျူတာတွေ စ ခေတ်စားတော့ ကွန်ပျူတာလေး နဲ့ ကစားချင်တယ်။ ဒါပေမဲ့ ကွန်ပျူတာအစစ်နဲ့ ကစားဖို့ မလွယ် တော့ လေးထောင့်ကိတ်မုန့်ဘူး လွတ်တစ်ခုကို ယူတယ်။ အောက် ခံဘူးကို မော်နီတာစခရင်လို ထောင်တယ်။ အဖုံးကိုလှဲပြီး အဖုံးပေါ်မှာ လေးထောင့်စက္ကူ
သေး သေးလေးတွေခေါက်၊ အဲဒီစက္ကူ လေးတွေပေါ်မှာ အက္ခရာတွေ၊ ဂဏန်းတွေ တစ်ခုချင်းလိုက်ကပ် ပြီး ကွန်ပျူတာ၊ ကီးဘုတ်လုပ် တယ်။

ကိတ်မုန့်ပုံးကနေ ကွန်ပျူ တာတစ်လုံး ပုံစံလေး ဖြစ်သွား တော့ သူငယ်ချင်းတွေက တအား သဘောကျကြတယ်။ လာဆော့ ကြတယ်။ မူလတန်းကျောင်းသူ မချိုလဲ့အောင်လည်း ကိုယ်ဖန်တီး ထားတာလေးကို အများသဘော ကျတာ မြင်မိတော့ ပျော်မိတယ်။ ဒါကြောင့် သူ့ရဲ့ ငယ်အိပ်မက်ဟာ အိုင်းစတိုင်းလို သိပ္ပံပညာရှင်တစ် ယောက်ဖြစ်ချင်ခဲ့တာပဲ။ လောက ကြီးမှာ မရှိသေးတာတွေကို သူ ဖန်တီးချင်တယ်။ တီထွင်ချင် တယ်။

မပျော်တဲ့ ဆေးကျောင်းသူ

တီထွင်ဖန်တီးရတာတွေကို သဘောကျတဲ့ မချိုလဲ့အောင်ဟာ ၁၀ တန်းကို ဂုဏ်ထူးသုံးဘာသာ နဲ့ အောင်တယ်။ ၁၀ တန်းအောင် ပြီးတော့ အိမ်နီးချင်းနိုင်ငံတစ်ခုက ဆေးတက္ကသိုလ်မှာ ပညာသင်ဆုရပြီး အနောက်တိုင်းဆေး
ပညာ သွားတက်တယ်။ အဲဒီဆေးတက္က သိုလ်မှာ ခြောက်နှစ်တက်ရပြီး အဆင့်(၃)နဲ့ ထူးချွန်စွာ ဆေးပညာဘွဲ့ ရရှိခဲ့တယ်။ ကျောင်းပြီးတော့ မချိုလဲ့အောင် စဉ်းစားရပြီ။ ကျောင်းတက်ခဲ့ရတဲ့ ကာလတစ် လျှောက်မှာ စာကြိုးစားခဲ့လို့ ထူး ချွန်ခဲ့ပေမယ့် ဆရာဝန်ဘ၀ကို သူ ၀ါသနာမပါဘူးဆိုတာ ရိပ်စားမိ လာခဲ့တယ်။ ဆရာဝန်ဆိုတာ လူ တွေအတွက် အကျိုးပြုတာမှန်ပေ မယ့် သူဝါသနာပါတဲ့ ဆန်းသစ် တီထွင်ချင်တဲ့ ဗီဇနဲ့ဆိုရင် သိပ် မကိုက်ဘူးလို့ သူထင်လာ
တယ်။ ဒါပေမဲ့ ခက်တာက ဆေးကျောင်း ကလည်းပြီးပြီ။ မိဘတွေကလည်း သမီးကလေးကို ဆရာဝန်ဖြစ်စေ ချင်၊ သူကလည်း ၀ါသနာမပါ။ တအားနောက်မကျခင် သူ့ဘ၀အ တွက် တစ်ခုခုတော့ ရွေးချယ်မှရတော့မယ်ဆိုတာ သူသဘော ပေါက်လာခဲ့တယ်။

ဆရာဝန်ဘ၀ကိုကျောခိုင်းခဲ့တယ်

 မချိုလဲ့အောင်တစ်ယောက် ဆေးကျောင်းပြီးတော့ ဆေးပညာ နဲ့ ပတ်သက်တဲ့ အလုပ်ဆက်မလုပ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ မိဘ ကတော့ မချိုလဲ့အောင်ရဲ့ ဆုံး ဖြတ်ချက်ကို သဘောမကျခဲ့ကြ ဘူး။ သူ့ရှေ့က အစ်မတွေ ဆရာ ၀န်မဖြစ်ခဲ့တဲ့အတွက် သူ့ကို ဆရာ ၀န်တစ်ယောက်အဖြစ် မိဘတွေ က မျှော်လင့်ခဲ့ကြတာပါ။ မချိုလဲ့ အောင်ရဲ့ အယူအဆက ပတ်ဝန်း ကျင်က ဒါလုပ်၊ ဒါကောင်းတယ်။ ဘယ်လောက်ပဲပြောပြော နောက် ဆုံးတော့ ကိုယ်လုပ်တာ ကိုယ်တာ ၀န်ယူရမှာဖြစ်တဲ့အတွက် ကိုယ်ဝါ သနာပါတာ ကိုယ်လုပ်ပြီး ကိုယ့် တာဝန် ကိုယ်ယူချင်တယ်။ ၀ါသ နာမပါတဲ့ အလုပ်ကိုလုပ်ပြီး ပျင်း စရာကောင်းတဲ့ ဘ၀ကို မဖြတ် သန်းချင်ဘူး။

ဆေးပညာမှသည် ဒီဇိုင်းနဲ့ ပန်းချီဆီ

မြန်မာပြည် ပြန်လာတော့ အစ်မရဲ့ အင်္ကျီချုပ်ဆိုင်မှာ ၀င်ကူ လုပ်တယ်။ သူက ဒီဇိုင်းတွေ ဖန် တီးရတာလည်း ၀ါသနာပါတော့  အင်္ကျီချုပ်ဆိုင်အလုပ်က နီးစပ် တယ်ဆိုတဲ့ စိတ်နဲ့ပါ။ အဲသလို လုပ်ရင်း ထုံးစံအတိုင်း ဘယ်လို ထွင်ရမလဲ ချောင်းနေတယ်။ သူ တို့ဆိုင်လေးကို ကြော်ငြာလုပ်ဖို့ရှိ တော့ မချိုလဲ့အောင်က သူ့အတွေး လေးကို ချပြတယ်။ လူပုံကို ပန်း ချီဆွဲမယ်။ အဲဒီလူပုံမှာ အင်္ကျီ အစစ်ဝတ်ပေးပြီး ကြော်ငြာမယ် လို့ စဉ်းစားတယ်။ ဒါနဲ့ သူလိုချင် တဲ့ ပန်းချီအပ်ဖို့ ပန်းချီဆရာမ တစ်ယောက်ဆီသွားရင်း ဆရာမနဲ့ ရင်းနှီးရာကတစ်ဆင့် ပန်းချီသင် တန်းတက်ဖြစ်ခဲ့တယ်။

လုပ်ချင်တာရှိရင် လုပ်သာလုပ်

အဲဒီလိုနဲ့ အစ်မရဲ့ အင်္ကျီဆိုင် မှာလုပ်ရင်း သူစဉ်းစားတယ်။ ဒီ အင်္ကျီဆိုင်အလုပ်က ငါ့ကို တအား ကြီးပွားသွားဖို့တော့ မလွယ်ဘူး။ အဲဒါဆို ငါဘာလုပ်မလဲ။ ပန်းချီ ဆွဲတာလည်း ၀ါသနာပါတော့ ပန်းချီဆရာမလုပ်ပြီး အနုပညာရှင် ဘ၀နဲ့ ရပ်တည်မလား။ မချိုလဲ့ အောင်တစ်ယောက် ကိုယ့်ကိုယ် ကိုယ်ပြန်ပြီး မေးခွန်းတွေထုတ် နေရတယ်။ ပန်းချီသင်ပေးတဲ့ ဆရာမက သူ့ကိုတော့ တော်တော် အားပေးတယ်။ လုပ်စရာရှိရင် လုပ် သာလုပ်ပစ်ပါ။ မှားရင်လည်း ခံ လိုက်ပေါ့။ ဘာမှမလုပ်တာထက် စာရင် လုပ်ပြီးမှားတာကောင်း တယ်။ ချသာချဆိုပြီး အားပေး တယ်။ ဆရာမရဲ့ အားပေးမှုတွေ ကြောင့် မချိုလဲ့အောင် အားတက် မိတယ်။ ကိုယ်လုပ်သမျှ ချကွာလို့ အားပေးတဲ့သူရှိတာလည်း ကံအ ကောင်းဆုံးပဲလို့ တွေးမိတယ်။

Tree Food အတွေးလမ်းစ

ပန်းချီသင်တန်းတက်လိုက်၊ အင်္ကျီချုပ်လိုက် ဖန်တီးချင်တဲ့ Handmade ပစ္စည်းလေးတွေ လုပ်လိုက်နဲ့ ဖြတ်သန်းနေတဲ့ မချို လဲ့အောင်တစ်ယောက် တစ်ရက် မှာတော့ ထမင်းဆိုင်တစ်ဆိုင်မှာ စားရင်း ထန်းလျက်ခဲကို ပိုပြီး သတိထားမိစေတဲ့ ဖြစ်ရပ်လေး တစ်ခုနဲ့ တည့်တည့်တိုးခဲ့တယ်။ တခြားမဟုတ်ပါဘူး။ ထမင်းဆိုင် မှာ အချိုတည်းဖို့ ချထားပေးတဲ့ ထန်းလျက်ခဲကို စားတဲ့သူတစ် ယောက်က တစ်ချက်ပဲကိုက်စား ပြီး ကျန်တာ ဒီအတိုင်းထားသွားခဲ့ တာကို မြင်လိုက်ရတာပါ။ ထန်း လျက်ကို တစ်ကိုက်စာ စားရုံလေး တွေ ဘာလို့မလုပ်ကြတာလဲ။ တစ်ကိုက်ကိုက်ပြီး လွှင့်ပစ်လိုက်ရတဲ့အတွက် အလေအလွင့်တွေ ရော မဖြစ်ကုန်ဘူးလားဆိုပြီး တွေးမိတယ်။ နောက်ပြီး ထန်းလျက်ဆိုတာ မြန်မာပြည်ရဲ့ ရိုးရာအစား အသောက်တစ်ခုဖြစ်တယ်ဆိုတာ မေ့သလိုလိုဖြစ်နေကြပြီ။ ဒီထန်း လျက်ကို အတုံးသေးသေးလေး တွေဖြစ်အောင် ဘယ်လိုလုပ်မလဲ။ အရည်ပျော်နေတဲ့ ထန်းလျက် အရည်
မပျော်အောင် ဘယ်လို လုပ်ရောင်းမလဲ။ မချိုလဲ့အောင် တစ်ယောက် ထန်းလျက်နဲ့ ပတ် သက်ပြီး အတွေးတွေ တန်းစီသွား တယ်။ ထန်းလျက်ကို တီထွင် ဆန်းသစ်ပြီး ရောင်းကြည့်ချင်တဲ့ စိတ်တွေ ပေါ်လာတယ်။

ထန်းတောကြီးတွေဆီ

ထမင်းဝိုင်းကရတဲ့ ထန်း လျက်အတွေးစကနေ ထန်းလျက် ချက်တဲ့ ထန်းတောကြီးတွေဆီ သွားဖို့ သူ့စိတ်က တိုက်တွန်းတာ နဲ့ သိပ်မဝေးတဲ့ ပဲခူးဘက်က ထန်း တောတွေဆီ သူရောက်ခဲ့တယ်။  ထန်းတောင်သူတွေကို တွေ့ပြီး ထန်းလျက်နဲ့ ပတ်သက်တာတွေ မေးတယ်။ ဒီထန်းလျက်တုံးကို သေးသေးလေးတွေ လုပ်လို့မရဘူး လားလို့မေးတော့ ထန်းတောင်သူ တွေက မဖြစ်နိုင်တဲ့အကြောင်း၊ ထန်းပညာဆိုတာ နက်နဲတဲ့အ ကြောင်း၊ လုပ်ချင်တိုင်း လုပ်လို့ မရတဲ့အကြောင်း ပြောပြကြ တယ်။ မချိုလဲ့အောင်ကတော့ လက်မခံချင်ဘူး။ အိမ်ရောက် တော့ ထန်းလျက်ကို အတုံးသေး သေးလေးတွေရအောင် သူဖန်တီး ပြီး တုံးကြည့်တယ်။ မိသားစုကို ကျွေးကြည့်တယ်။ ပန်းချီပြပွဲတွေ မှာ ခင်းကျင်းပြီး ဧည့်ခံတယ်။ သိပ် ပြီး ကြိုက်လှတယ်တော့ မဟုတ် ဘူး။ ဒါပေမဲ့ အတုံးသေးသေးလေး တွေမို့ မူလထန်းလျက်ခဲကြီးတွေ စားသလို အလေအလွင့်မရှိတော့ ဘူး။

မြန်မာချောကလက်

မချိုလဲ့အောင် စူပါမားကက် တွေသွားတိုင်း ချောကလက်တန်း ကို ဖြတ်တဲ့အခါ ရောင်စုံ၊ အရသာ စုံ၊ ဒီဇိုင်းစုံနဲ့ ဖန်တီးထားတဲ့ ချော ကလက်တွေကို မြင်ရတဲ့အခါ တို့ မြန်မာ့ထန်းလျက်ကိုရော ချောက လက်လို လှလှပပဒီဇိုင်းစုံ၊ ရသာ စုံ ရောင်းကြည့်ချင်တဲ့ စိတ်ပေါ်မိ တယ်။ ချောကလက်ကို အနောက် တိုင်းက ပျော်တဲ့အခါလည်း စား ကြ၊ လက်ဆောင်ပေးကြသလို၊ ၀မ်းနည်းတဲ့အခါလည်း စာနာတဲ့ အနေနဲ့ ချောကလက်လက်ဆောင်ပေးတာမျိုး
လည်းရှိတော့ မြန်မာ ထန်းလျက်ခဲလေးတွေကိုလည်း ချောကလက်လေးတွေလို လူတွေ ရဲ့ အမြတ်တနိုးတန်ဖိုးထားမှုလေး တွေ ရစေချင်မိတယ်။ ချောက လက်တွေလိုပဲ စူပါမားကက်ကြီး တွေရဲ့ အရောင်းစင်တွေပေါ်မှာ
မြန်မာထန်းလျက်ခဲထုပ်လေးတွေ လှလှပပစီတန်းထားတာ မြင်ချင် မိတယ်။

စပြီး စမ်းသပ်ပြီ

ထန်းလျက်ခဲကို အလေအ လွင့်မရှိအောင် တုံးလို့တော့ ရ သွားပြီ။ ဒီအတိုင်း ထန်းလျက်အ ရသာ သက်သက်ရောင်းရုံနဲ့ရော ရပါမလား မချိုလဲ့အောင်စဉ်းစား တယ်။ ချောကလက်လို အရသာ အမျိုးမျိုး ထပ်ပေါင်းထည့်ပြီး
ရောင်းရင်ရောဘယ်လိုနေမလဲ တွေးတယ်။ ဒါနဲ့ ထန်းလျက်ကို ဒိန်ချဉ်၊ ချင်း၊ ဆီးသီး၊ သံပရာဆိုတဲ့ အရသာလေးမျိုးနဲ့ တစ်မျိုးစီ စမ်း လုပ်ကြတယ်။ ထန်းလျက်လေလုံ အောင် ဖန်ပုလင်းလေးတွေနဲ့ ထည့်ရောင်းဖို့လုပ်တယ်။ ရန်ကုန် က ဖန်ချက်စက်ရုံတွေမှာ ဖန် ပုလင်းတွေ လိုက်ရှာတယ်။ ဒါပေ မဲ့ သူလိုချင်တဲ့ ဖန်ပုလင်းပုံစံမျိုး မရဘူး။ အများစုက အရက်ပုလင်းပုံစံတွေချည်းပဲ။ အော်ဒါသီးသန့် မှာမယ်ဆိုတော့လည်း ပုလင်း လုပ်ဖို့ ပုံစံ(မို)ဆိုတာက သိန်း ၂၀၀ လောက် ကုန်ကျမယ်တဲ့။ နောက် ပြီး ထွက်လာမယ့် ပုလင်းအရေ အတွက် ရှစ်သိန်းလုံးလည်း ၀ယ် ရမယ်တဲ့။ နောက်ဆုံးကျမှ ဈေး သင့်တဲ့ အဆင်ပြေတဲ့ စက်ရုံတစ် ခုကနေ လိုသလောက်လေး ၀ယ်လို့ရခဲ့တယ်။ ပုလင်းပေါ်ကပ်ဖို့ ဒီဇိုင်းကိုလည်း ကိုယ့်ဘာသာကိုယ်ဆွဲတယ်။ ပုလင်းပေါ်ကပ်ဖို့ ဒီဇိုင်းကို အပြင်ပုံနှိပ်တိုက်မှာထုတ် ရင် ငွေတအားကုန်မှာမို့ ပရင်တာလေးတစ်လုံးဝယ်ပြီး ကိုယ့်ဘာသာကိုယ် ထုတ်ခဲ့တယ်။ ပုလင်းအဖုံးပေါ်မှာ စာရိုက်ရင် ကုန်ကျစရိတ်တွေ ထပ်တက်ဦးမှာဖြစ်တဲ့အတွက် အဖုံးတစ်ခုချင်းစီကို လက်ရေးနဲ့ လိုက်ရေးလိုက်တယ်။

Tree Food ထန်းလျက်လာပြီ

ထွက်လာတဲ့ Tree Food ထန်းလျက်ပုလင်းလေးကို ဆရာ တစ်ယောက်ကို လက်ဆောင်ပေး ခဲ့တယ်။ သူကစားကြည့်ပြီး ကြိုက် တဲ့အတွက် ဖေ့စ်ဘွတ်ခ်ပေါ်တင် လိုက်တဲ့အခါ စိတ်ဝင်စားသူတွေ ရှိလာခဲ့တယ်။ ဖေ့စ်ဘွတ်ခ်
ကနေ တစ်ဆင့် မှာစားကြတယ်။ မှာတဲ့ သူတိုင်းဆီကိုလည်း မချိုလဲ့အောင်ကိုယ်တိုင် အရောက်ပို့ပေးတယ်။  စားပြီးရင်လည်း အကြံဉာဏ်လေး တွေပြန်တောင်းတယ်။ ရက်ပိုင်း အတွင်းမှာတော့ Tree Food ကို စိတ်ဝင်စား
လို့ဆိုပြီး ကန်တော်ကြီး က ဆိုင်တစ်ခုကနေ ဆက်သွယ် လာတယ်။ အဲဒီဆိုင်ကို အမြည်း သွားပို့တော့ သူတို့က ချက်ချင်း ဖောက်စားဖို့ ပြင်တယ်။ မချိုလဲ့ အောင် စိတ်လှုပ်ရှားမိတယ်။ အ ရသာကို ကြိုက်မှ ကြိုက်ကြပါ မလား။ အဆင်မှပြေပါ့မလားပေါ့။ ဆိုင်က တာဝန်ရှိတဲ့သူတွေက ထန်းလျက်ခဲလေးတွေ ကိုက်စား ရင်း ကြိုက်တဲ့အကြောင်း၊ ဆိုင်မှာ တင်မယ့်အကြောင်း ပြုံးရွှင်စွာ ပြောလိုက်တဲ့အခါမှာတော့ မချို လဲ့အောင်တစ်ယောက် ထခုန်မ တက် ၀မ်းသာခဲ့မိတယ်။

ဆိုင်တွေ စဖြန့်ပြီ

အဲသလိုနဲ့ အွန်လိုင်းက အမှာတွေ လိုက်ပို့၊ နီးစပ်ရာဆိုင်တွေ လိုက်တင်ရင်း Tree Food လေး တွေကို ချောကလက်တွေလို စူပါ မားကက်တွေရဲ့ စင်တွေပေါ်မှာ ရောက်အောင် ဘယ်လိုလုပ်မလဲ သူစဉ်းစားတယ်။ City Mart က တာဝန်ရှိသူတွေနဲ့ ရအောင်တွေ့ ပြီး သူ့ Tree Food လေး တင်နိုင် အောင် ကြိုးစားတယ်။ နောက်ဆုံး မှာ Tree Food လေးဟာ စထွက် ပြီး တစ်နှစ်ခန့်အကြာမှာတော့ ပုလင်းကနေ အထုပ်ပုံစံပြောင်း ထုတ်လိုက်သလို
ချောကလက် တွေလိုပဲ City Mart ရဲ့ စင်တွေ ပေါ်ကို ရောက်ရှိလာခဲ့ပါတော့ တယ်။

ရရှိထားတဲ့ ဈေးကွက်အနေအထား

မချိုလဲ့အောင်ရဲ့ Tree Food ထန်းလျက်ခဲထုပ်လေးတွေကို တစ်ထုပ် ၂၅၀၀ ကျပ်နဲ့ ရောင်းချတယ်။ ဈေးနည်းနည်းများရတာကတော့ ထုတ်လုပ်မှုစရိတ်တွေကြောင့်ဖြစ်ပြီး အခုလောလောဆယ်မှာတော့ ပြည်တွင်းက စူပါမားကက်တွေ၊ ဆိုင်ကြီးတွေမှာ ရနေပါတယ်။ ပြည်ပကလည်း စားချင်လို့မှာကြတာမျိုးတွေရှိပြီး ဂျာမနီက ရုပ်ရှင်မင်းသားတစ်ယောက် မြန်မာပြည်ကို ခဏအလည်လာတုန်း Tree Food ကို စားဖူးပြီး ကြိုက်သွားလို့ ခရစ္စမတ်မှာ လက်ဆောင်ပေးဖို့ လှမ်းမှာတဲ့အတွက် ပို့ပေးခဲ့ရတယ်လို့ မချိုလဲ့အောင်က ဆို ပါတယ်။

ဆက်မက်မယ့် အိပ်မက်

မချိုလဲ့အောင်က မြန်မာ ထန်းလျက်ကို ‘‘ကျွန်မက ချောက လက်လိုပဲ ကမ္ဘာကျော်ချင်တယ်’’ လို့ ဆိုပါတယ်။ သူ့သဘောထား ကတော့ ကိုယ့်လူမျိုးအစားအစာ ကို ကိုယ့်လူမျိုးတွေကိုယ်တိုင် မြှင့် တင်မှသာ အောင်မြင်မှာပါလို့ဆို ပြီး Tree Food နဲ့ ပတ်သက်လို့ ပြည်ပပို့နိုင်အောင်၊ ကိုယ်လုပ်တဲ့ အလုပ်က ကိုယ်လည်းအောင်မြင် သလို ကိုယ်နဲ့ ဆက်စပ်တဲ့သူတွေ မှန်သမျှလည်း အောင်မြင်အောင်၊ ရေရှည်တည်တံ့မယ့် စီးပွားရေး လည်း ဖြစ်သွားအောင် ကြိုးစား သွားမယ်လို့ဆိုပါတယ်။

ထန်းလျက်ကနေ ထန်းသ ကြားလုပ်ဖို့ ကြိုးစားနေတဲ့အဖွဲ့ ထဲလည်း မချိုလဲ့အောင် တစ် ယောက် ပါဝင်ပြီး ထန်းကနေ နောက်ထပ်ထုတ်ကုန်အသစ်တွေ တီထွင်ဖန်တီး ထုတ်လုပ်ဖို့လည်း စိတ်ကူးထားပါတယ်။ အလုပ်ကိစ္စ နဲ့ မကြာခဏ အညာထန်းတော တွေ ရောက်နေတဲ့ မချိုလဲ့အောင် ဟာ တစ်ချိန်ကျရင် ထန်းတောတွေထဲ အခုလို ခြောက်ကပ်မနေဘဲ စည်စည်ကားကားနဲ့ စီးပွားဖြစ်နေတာတွေ၊ အဆင့်မြင့်မြင့် ထန်း ရည်ထုတ်လုပ် ထန်းလျက်ချက်
တဲ့နေရာတွေ မြင်တွေ့ခွင့်ရဖို့ မျှော်လင့်တဲ့အကြောင်း ပြုံးပြုံးလေး ပြောလိုက်ပါတယ်။        ။

Sources : 7 Day

No comments:

Post a Comment