Latest News

Sunday, December 18, 2016

တရားမ၀င် မြစ်ကျောက်ထုတ်လုပ်ငန်းများကြောင့် ဘေးအန္တရာယ်ဖြစ်မည်ကို ဒေသခံများ စိုးရိမ်

တရားမ၀င် မြစ်ကျောက်ထုတ်လုပ်ငန်းများကြောင့် ဘေးအန္တရာယ်ဖြစ်မည်ကို ဒေသခံများ စိုးရိမ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်ကြားရှိ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် တရားမ၀င် မြစ်ကျောက် ထုတ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယင်း လုပ်ငန်းများကြောင့် မြစ်တွင်းသွားရေယာဉ် များအတွက် အန္တရာယ်ရှိခြင်းနှင့် ကမ်းပါးပြို ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများက ပြောသည်။

ဧရာဝတီမြစ်အတွင်း၌ မြစ်ကျောက်ထုတ် လုပ်ငန်းဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာမြို့နယ်များတွင် လုပ်ငန်းလိုင်စင် ပြုလုပ်ရပြီး ခွင့်ပြုချက်ရရှိမှသာလျှင် သတ်မှတ်ထားသည့်မြစ်ဧရိယာအတွင်း မြစ်ကျောက်ထုတ်လုပ် ရခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းမရှိဘဲ မြစ်ကျောက် ထုတ်လုပ် ရောင်းချနေခြင်းများကြောင့်
တရားဝင် လုပ်ငန်းလိုင်စင်ဖြင့် လုပ်ကိုင်သူများ နစ်နာနိုင်ပြီး နိုင်ငံတော်ကရရှိမည့်အခွန်ဘဏ္ဍာ များလည်း ဆုံးရှုံးနေကြောင်း သစ်ဆန်းမြစ်ကျောက်ထုတ်လုပ်ရေးလုပ်ငန်းမှကိုလင်းအောင်က ယခုလ ၁၁ ရက်တွင် ပြောသည်။

"မြစ်ကြောင်းအတွင်းမှာ တရားမ၀င် မြစ်ကျောက်စုပ်ထုတ်နေမှုတွေကို သက်ဆိုင်ရာ အဆင့်ဆင့် ကျွန်တော်တိုင်ကြားထားတာ ရှိပါတယ်။ ဒါပေမဲ့ အရေးယူဆောင်ရွက်ခြင်းတော့မရှိသေးပါဘူး။ အဲဒီလိုလုပ်နေတော့ နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်ငွေတွေ လည်း
နစ်နာရတယ်။ နောက်ရေကြောင်း အလယ်မှာ လုပ်နေတဲ့အတွက်ကြောင့် မြစ် ကြောင်းအတွင်း သွားလာနေတဲ့ သင်္ဘောတွေ အတွက်လည်း အရမ်းအန္တရာယ်များပါတယ်။ဘာကြောင့် အရေးမယူသေးတာလဲ ဆိုတာတော့ မသိပါဘူး"ဟု ကိုလင်းအောင်ကပြောသည်။

မြစ်ကြောင်းအတွင်း မြစ်ကျောက်ထုတ် လုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး များမှတစ်ဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြ လျှောက်ထားရခြင်းဖြစ်ကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်
ရခြင်းဖြစ်ပြီး လုပ်ငန်းလိုင်စင်ကို တစ်နှစ် သက်တမ်း သတ်မှတ်ထားခြင်းဖြစ်ကာ လုပ်ကွက်တစ်ကွက်လျှင် ၁၈ ဒသမ ၅၂ ဧက ရှိပြီး တစ်ကျင်းလျှင် ကျပ် ၂,၅၀၀ပေးသွင်းရကြောင်း ဒေသခံများက ပြောသည်။ "အရင်ကတော့ မြို့နယ်ထွေအုပ်ရုံးကလုပ်ငန်းလိုင်စင် လုပ်ပေးတယ်။ အခု တိုင်း အစိုးရအထိ တင်ပြနေရပါတယ်။
ကျွန်တော် ကိုယ်တိုင်လည်း လုပ်ငန်းလိုင်စင်ရဖို့ လျှောက် ထားပါတယ်။ ဒါပေမဲ့ အခုထိတော့ မရသေး ပါဘူး။ အဲဒီအတွက်ကြောင့် ကျောက်ထုတ်လုပ်ငန်းကို မှီခိုနေတဲ့ အလုပ်သမားတွေမှာ အခက်အခဲတွေ ဖြစ်လာတယ်။ လုပ်ငန်းလိုင်စင်လုပ်တာ ကြန့်ကြာလို့ ခိုးလုပ်တဲ့လူတွေ ရှိနေတာလည်း ဖြစ်နိုင်ပါတယ်" ဟုမြင်းခြံခရိုင် ညောင်လှကျေးရွာမှ ဦးဖိုးတိုးက၊ပြောသည်။

မြစ်ကြောင်းအတွင်း တရားမ၀င် မြစ် ကျောက်ထုတ်လုပ်နေခြင်းများကို ၂၀၁၀ ပြည့်နှစ်ခန့်ကသာ စစ်ဆေးအရေးယူမှုများ ပြုလုပ် ခဲ့ကြောင်း၊ တရားမ၀င်လုပ်ကိုင်နေမှုများကို စစ်ဆေးသွားမည်ဖြစ်ကာ လိုအပ်ပါက အရေး ယူဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ရေအရင်းအမြစ်င့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန
လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီ က ပြောသည်။

"လုပ်ငန်းလိုင်စင်အတွက် တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ညွှန်ကြားလာမှ ကျွန်တော် တို့ကကွင်းဆင်းစစ်ဆေးပြီး အန္တရာယ်မဖြစ် နိုင်တဲ့ နေရာမျိုးကို ချထားပေးပါတယ်။ တကယ်လို့ လုပ်မယ်ဆိုရင်လည်း မြစ်ကမ်း ပါးနဲ့ ကိုက် ၃၀၀ လောက်ဝေးတဲ့ နေရာတွေ မှာ လုပ်ဖို့နဲ့
နောက် မြစ်ကြောင်းအလယ်မှာ မလုပ်ဖို့ တားမြစ်ထားပါတယ်။ စစ်ဆေးအရေးယူဖို့ကိုလောလောဆယ်မှာတော့ ညွှန်ကြားချက်မရှိသေးပါဘူး။ စစ်ဆေးမယ် ဆိုရင်လည်း သက်ဆိုင်ရာအဖွဲ့အစည်းအစုံ နဲ့ စစ်ဆေးရမှာပါ။ ကျွန်တော်တို့ ဌာန တစ်ခုတည်းနဲ့တော့
လုပ်လို့မရပါဘူး။ ကျွန် တော်တို့မှာ ဥပဒေအရသာ သက်ဆိုင်နေ တာ၊ လုပ်ပိုင်ခွင့်တော့မရှိပါဘူး"ဟု ဦးညီညီ က ပြောသည်။

မြစ်ကျောက်ထုတ်လုပ်ရန်အတွက် မြစ်အောက်ကြမ်းပြင်ရှိ သဲမြေများကို စုပ်ယူရပြီး စက်လှေများပေါ်တွင် သဲနှင့် ကျောက်များကို ပြန်လည် ခွဲထုတ်ပေးရခြင်းဖြစ်ကာ မြစ်ကျောက်သုံးကျင်းရရှိရန်အတွက် အချိန် နှစ်နာရီကျော်ကြာမြင့်ပြီး ဒီဇယ်ဆီ သုံးဂါလန် ခန့် ကုန်ကြောင်း
မြစ်ကျောက်ထုတ်လုပ်သား ဦးကျော်ညွန့်က ပြောသည်။

SOURCES THE MYANMAR TIMES

No comments:

Post a Comment