Latest News

Tuesday, December 13, 2016

ပုဒ်မ ၆၆(ဃ)ပြင်ဆင်ရန် ပြည်သူများအတွက် အဓိကထားစဉ်းစားသွားမည်

ပုဒ်မ ၆၆(ဃ)ပြင်ဆင်ရန် ပြည်သူများအတွက် အဓိကထားစဉ်းစားသွားမည်

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ပြင်ဆင်ရန် ပြည်သူများအတွက် အဓိက ထားစဉ်းစားသွားမည်ဟု ပြည် ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ(၁)ဖြစ် သူ ဒေါက်တာအောင်ခင်က ယနေ့ ဒီဇင်ဘာလ ၁၃ရက်နေ့က ပြောကြားလိုက် သည်။

“ အဲဒါ( ပုဒ်မ ၆၆(ဃ) )ကတော့ အခု ပြည်သူတွေက စိတ်ဝင်စားနေတာ ဆိုတော့ စဉ်းစားနေတာတော့ ရှိပါတယ်၊ ပြည်သူတွေအတွက် အဓိက ရပ်တည်ပြီးတော့စဉ်းစားမှာပေါ့”ဟုယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်း အဝေးခေတ္တ ရပ်နားစဉ် ၄င်းက ပြောကြားခဲ့ခြင်းဖြစ် သည်။ဖြစ်သင့် ဖြစ်ထိုက်သည့် ဥပဒေမျိုးသာ ရှိရမည်ဖြစ်ပြီး လိုတစ်မျိုး၊ မလိုတစ်မျိုးဥပဒေပုံစံမျိုးမဖြစ်ရဘူးဟုလည်း ဒေါက်တာအောင်ခင်က ဆိုသည်။

“ ဖြစ်သင့်တဲ့ လူကတော့ ဖြစ်မှာပေါ့၊ မဖြစ်သင့်တဲ့လူကတော့ ဒါကြီးနဲ့ ရောပြီး လုပ်တာမျိုးတော့ မဖြစ်သင့်ဘူး၊ ဒါ တွေလည်းစဉ်းစားနေတယ်၊ ဘာကြောင့် လဲဆိုတော့ လုပ်တဲ့ ဥပဒေက ပြည်သူတွေရဲ့ အကျိုးအတွက်ပဲ ကြည့်ရမှာပေါ့ ” ဟု ၄င်းက ပြောသည်။

အင်တာနက်လူမှုကွန်ယက်စာမျက်နှာတွင် နိုင်ငံတော်အကြီးအကဲများကို စော်ကားသည့် အရေးအသားများဖြင့် သာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုသင့်သော်လည်း တစ်ဦးနှင့် တစ်ဦး ပုဂိုလ်ရေးအရ ရေးသားခြင်း အတွက် တရားစွဲဆို ခြင်းသည် လုံးဝ မဖြစ်သင့်ကြောင်း ဒုတိယဥက္ကဋ္ဌ(၁)
ဒေါက်တာအောင်ခင်က ဆိုသည်။

“ နိုင်ငံတော်အကြီးအကဲကို စော်ကားတာမျိုးကတော့ ဒီဥပဒေပုဒ်မနဲ့ ငြိမယ်၊ ဒါပေမဲ့လည်း လူတိုင်း လူတိုင်း တစ်ယောက်နဲ့ တစ်ယောက် ဖေ့စ်ဘုတ်ခ် မှာ ပြောဆိုနေတာမျိုးကတော့ ဒီဥပဒေနဲ့ လုပ်မယ်ဆိုရင် စဉ်းစားရ မှာပေါ့ ” ဟု ၄င်းက ပြောသည်။

ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့မှ မောင်ဆောင်းခက ဥပဒေ
ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင် အနေဖြင့် ပုဒ်မ ၆၆(ဃ)ပြင်ဆင်ရေးအတွက် လှုပ်ရှားနေသည့် အဖွဲ့များထံမှ အကြံဥာဏ်များ၊ လေ့လာတွေ့ရှိချက်များကို တရားဝင်တောင်းခံသင့်သည်ဟု ထင်မြင်ကြောင်း မြန်မာတိုင်း(မ်)ကို ပြောသည်။

“ ပုဒ်မ ၆၆(ဃ)ပြင်ဆင်ဖို့ဆိုရင် ကော်မရှင်အနေနဲ့ ကျွန်တော်တို့ဆီက အကြံဥာဏ်တွေမတောင်းရင်တောင်မှ ကျွန်တော်တို့ကိုယ်တိုင် ဒါတွေကို သွားပေးဖို့တော့ရှိပါတယ်၊ ဒီလိုမျိုးပူးပေါင်းဆောင်ရွက်ခြင်းက ပိုပြီးတော့ မြန် ဆန်ထိရောက်လိမ့်မယ်လို့ ထင်ပါတယ်၊ ကျွန်တော်တို့မှာ လတ်တစ်လောဖြစ်
နေတဲ့ အမှုကိစ္စနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ၊ ဒီဥပဒေကို ဘယ်လိုမျိုး အကောင်းဆုံးပြင်ဆင်ရမယ်၊ တကယ်လည်း အွန်လိုင်းပေါ်မှာ အမှုဖြစ်နေတဲ့ လူတွေကို ကျတော့ ဘယ်လိုမျိုး ဖြစ်အောင် ဥပဒေကို ပြင်ဆင်သင့်တယ်ဆို တာတွေနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့မှာ တွေ့ရှိချက်တွေလည်း ရှိပါတယ်၊ အဲဒါကြောင့် ကျွန်တော်တို့ကို ဖိတ်ခေါ်သင့်တယ်၊ သူတို့(ကော်မရှင်)ကိုယ်တိုင် ဒါကို စဉ်းစားနေတယ်၊ လုပ်နေတယ်ဆိုတာထက် ကျွန်တော် တို့နဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ မြန်မြန်ဆန်ဆန်လုပ်နိုင်မယ်ဆိုရင် လတ်တစ်လောဖြစ်နေတဲ့ တရားစွဲလိုက် တာနဲ့ အချုပ်ထဲရောက်တဲ့ အခန်းကဏ္ဍကတော့ လျော့ကျသွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ် ” ဟု ၄င်းက ပြောသည်။

ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့သည် လာမည့် ၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလမကုန်မီ ပုဒ်မ ၆၆(ဃ)အ ပေါ် လေ့လာတွေ့ရှိချက် အစီရင်ခံစာ တစ်စောင်ထွက်ရှိရန် စီစဉ်ထားသည်။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်ရေးကိစ္စနှင့် ပတ်သတ်ပြီး တရားစွဲဆိုရာတွင် ပြည်ထဲရေးဝန်ကြီး ဌာနနှင့် တရားရုံးတို့က စစ်ဆေးချက်များသည် နှစ်ဦး နှစ်ဘက်က မှန်ကန်နေ လျှင် ကန့်ကွက်စရာမရှိဟု နိုဝင်ဘာလ ၂၃ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်က သတင်းထောက် အချို့ကို ပြောကြားထားသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးအနေဖြင့် အဆိုပါဥပဒေကို စိတ်တိုင်း မကျဖြစ်
နေသည်ဟုလည်း မှတ်ချက်ပြု ပြောကြားခဲ့သည်။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကြောင့် လက်ရှိအကျဉ်းထောင်အတွင်းမှ အမှုရင်ဆိုင်နေရသူ စုစု
ပေါင်း ၁၄ဦး ရှိနေပြီဖြစ်သည်။

ဓာတ်ပုံ- ပြည့်သက်ဖြိုး/မြန်မာတိုင်းမ်

No comments:

Post a Comment