Latest News

Saturday, December 10, 2016

အခွန်ပေးဆောင်ရန် ပျက်ကွက်ခြင်းကြောင့်မော်တော်ယာဉ်တင်သွင်းသည့် ကုမ္ပဏီ(၈၈)ခုအား လုပ်ငန်းယာယီရပ်ဆိုင်း

အခွန်ပေးဆောင်ရန် ပျက်ကွက်ခြင်းကြောင့်မော်တော်ယာဉ်တင်သွင်းသည့် ကုမ္ပဏီ(၈၈)ခုအား လုပ်ငန်းယာယီရပ်ဆိုင်း

Car Showroom နှင့် Car Sale Center များ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်ကုမ္ပဏီများအနက် ကုမ္ပဏီ (၈၈)ခုသည် အခွန်ပေးဆောင်ရန် ပျက်ကွက်ခဲ့သည့်အတွက် ၎င်းကုမ္ပဏီများအား ပြည်ပမှမော်တော် ယာဉ်တင်သွင်းခွင့်နှင့် လိုင်စင်သက်တမ်းတိုးခွင့်၊ ယာယီရပ်ဆိုင်းလိုက်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းထွဋ်က News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။

''စီးပွားရေးလုပ်ရင် ၀င်ငွေနှစ်ဆိုတာ ရှိတယ်။ ဥပမာ - ဒီနှစ် သူစီးပွားရေးလုပ်တယ်ဆိုရင် တရားဝင် ၁-၄-၂၀၁၆ မှ ၃၁-၃-၂၀၁၇အထိ ၀င်ငွေနှစ်ပေါ့။ အဲဒီမှာကြေညာလွှာတွေတင်ရတယ်။ တချိန်တည်းမှာပဲ ၀င်ငွေနှစ်မှာ ကုန်သွယ်လုပ်ငန်းခွန်ပေးဖို့ တာဝန်ရှိတယ်။ ၀င်ငွေခွန်နဲ့ပတ်သက်ရင် သုံးလတကြိမ်ပေးရမယ်။ နှစ်ကုန်ရင် ဇွန်လ ၃၁ ရက်မတိုင်ခင် ၀င်ငွေကြေညာလွှာတွေ တင်ရမယ်။ ပြီးရင်ကြီးကြပ်မှုကို နှစ်စဉ်ခံယူရမယ်။ သို့သော် တချို့ကုမ္ပဏီတွေက ကုမ္ပဏီအခွန်ရုံးကို ဆက်သွယ်ခြင်းမရှိပါဘူး။ တနှစ်လောက်ပဲ ဆက်သွယ်ပြီး အခွန်တွေ ပေးတယ်။ ကျန်တဲ့နှစ်တွေမှာ ပျက်ကွက်နေတာတွေရှိတယ်။ ဒါကြောင့်လိုက်နာဆောင်ရွက်မှု အားကောင်းအောင် ပိတ်တာဖြစ်ပါတယ်''ဟု ဦးမင်းထွဋ်က ပြောကြားခဲ့သည်။

ယင်းသို့ အခွန်ငွေပေးဆောင်ခြင်းမရှိသည့်အတွက် နိုင်ငံတော်မှ ရသင့်ရထိုက်သည့်အခွန်ဘဏ္ဍာငွေများ နစ်နာ ဆုံးရှုံးလျက်ရှိကြောင်း၊ ယာယီပိတ်သိမ်းသည့်ကုမ္ပဏီမှာ ၈၉ ခုရှိကြောင်း၊ သို့သော် ကုမ္ပဏီတခုမှာ လာရောက် အခွန်ငွေထမ်းဆောင်ခဲ့သည့်အတွက် ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ကြောင်း သိရသည်။

''ပထမကြေညာချက်မှာက ၈၉ ခုပါ။ အဲဒီမှာ ကုမ္ပဏီတခုက နှစ်တိုင်းပေးတယ်။ တနှစ်ပေးဖို့ ပျက်ကွက်ခဲ့တယ်။ ဒါပေမဲ့ အခုအခွန်ငွေအားလုံးပေးဆောင်ခဲ့ပါတယ်။ ကျန်တဲ့ကုမ္ပဏီ (၈၈)ခုအနေဖြင့်လည်း အခွန်တွေကို ပေးဆောင်ရင် ပြန်ခွင့်ပြုပါမယ်။ လောလောဆယ်တော့ အခွန်မဆောင်တဲ့အတွက် ပိတ်ထားတယ်။ အခုလိုလုပ်ဆောင်တာက အခွန်ဆိုင်ရာ လိုက်နာမှုအားကောင်းအောင် ဆောင်ရွက်တာဖြစ်ပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်တာ လစ်ဟာနေတာတွေ၊ အခွန်တိမ်းရှောင်တာတွေ ထိန်းချုပ်တဲ့အနေနဲ့ ဆောင်ရွက်တာပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကားအရောင်းစင်တာနှင့် Car Sale Center ကုမ္ပဏီ (၈၈)ခုအား နိုင်ငံတော်သို့ အခွန်တာဝန်များ ကျေပွန်စွာ ထမ်းဆောင်ပြီးသည့်အချိန်အထိ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်နှင့် မော်တော်ယာဉ်အရောင်းပြခန်း၊ အရောင်းစင်တာလုပ်ငန်း လိုင်စင်သက်တမ်းတိုးခွင့်များအား ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင် များ အခွန်ငွေပေးဆောင်သည့် အခက်အခဲများနှင့်ပတ်သက်၍လည်း ဆက်သွယ်ခြင်းမရှိသည့်အတွက် ပြုလုပ် ခြင်းဖြစ်ကြောင်း၊ ဥပဒေတွင်လည်း ၀င်ငွေခွန်တွင်အသာတင်မြတ်ပါက အခွန်ပေးဆောင်ရမည်ဖြစ်ပြီး လုပ်ငန်းရှုံးပါက ခိုင်မာသည့်အထောက်အထားရှိပါက အခွန်ပေးဆောင်ရန်မလိုကြောင်း သိရသည်။
Sources ; News Watch

No comments:

Post a Comment