Latest News

Tuesday, December 20, 2016

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ် ၃ စီးဆင့်တိုက်၊ ဆိုင်ကယ်မောင်းသူ သေဆုံး

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ် ၃ စီးဆင့်တိုက်၊ ဆိုင်ကယ်မောင်းသူ သေဆုံး

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အောင်မြင်မြို့အနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မှာ မနေ့ ညနေ ၅ နာရီလောက်က ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားပြီး အမျိုးသား ၁ ဦး သေဆုံးသွား ပါတယ်။

ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာတဲ့ ဖောကားအပြာရောင်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းပြင်နေတဲ့အတွက် ယာဉ်ရပ်တန့်စောင့်ဆိုင်းနေတဲ့ မြင့်အောင် စီးနင်းနေတဲ့ ဆိုင်ကယ်ကို တိုက်မိခဲ့ပါတယ်။ ဆက်လက်ပြီး လူစီးယာဉ်ကို တိုက်မိကာ လူစီးယာဉ်မှ ရှေ့မှာရပ်ထားတဲ့ ယာဉ်တစီးအား ဆက်တိုက်မိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်မှာရှိနေသူ အောင်မြင့်မြို့ သံမဏိရပ်ကွက် နေသူ မြင့်အောင် မှာ နေရာမှာပင် သေဆုံးသွားပြီး လူစီးယာဉ်ပေါ်ရှိ ခရီးသည်တွေ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပါဘူး။

“လမ်းကပြင်နေတော့ လမ်းတဖက်က ပိတ်ထားတယ်ဗျ။ အဲဒီမှာသေသွားတဲ့ကောင်လေးနဲ့ ကျနော်နဲ့က ဆိုင်ကယ်တယောက်တစီးနဲ့ လူသောခိုယာဉ်နောက်မှာ ရပ်ပြီးစောင့်နေတာ။ ရှေ့မှာ ကားတွေကလည်း ပိတ်နေတယ်။ အဲဒီမှာတိုက်တဲ့ကားက အရမ်းမောင်းလာတာဗျ။ ကျနော်က နောက်လှည့်ကြည့်မိတော့ တိုက်တော့မယ်ဆိုတာသိလိုက်ပြီး ဘေးကချောက်ထဲကို ထိုးချလိုက်တာ။ သေတဲ့ကောင်လေးကတော့ မလွတ်ဘူးကား နှစ်စီးကြားထဲကို ညပ်သွားတယ်။ ပြီးတော့တိုက်တဲ့ အရှိန်နဲ့ အဲဒီကားက နောက်ပြန်ရောက်သွားတော့ အဲဒီကောင်လေးပါ ညပ်ပြီးပါသွားတာ။ အားဆိုတဲ့အသံတသံပဲ အော်နိုင်တယ်။ တန်းသေသွားတယ် အရှိန်အရမ်းများတယ်ဗျာ” လို့ ယာဉ်တိုက်မှုမှ လွတ်မြောက်လာသူတဦးပြောပါတယ်။

“ကျနော့်ကားက ရပ်ထားတယ်။ လမ်းပိတ်နေတော့ အဲဒီအချိန်မှာနောက်က ဝင်ဆောင့်တော့ ကျနော့်ကားက ရှေ့ကိုလိမ့်သွားပြီး ရှေ့ကားကိုဆောင့်တယ်။ တွဲကားဆိုတော့ အဲဒီကားကတော့ ဘာမှမဖြစ်ဘူး။ အခုထွက်သွားပြီ။ ကျနော့်ကားကတော့ ရှေ့ရောနောက်ရောပျက်စီးတာပေါ့” လို့ လူသောခိုယာဉ်မောင်းက ပြောပါတယ်။

အဆိုပါဖြစ်စဉ်အား တောကျွဲအင်းနယ်မြေ ရဲတပ်ဖွဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄ – က အရအမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။



Sources ; ကျော်အောင် DVB

No comments:

Post a Comment