Latest News

Thursday, December 22, 2016

ချောင်းသာ သစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်း တစ်ကောင် သတ်ခံရ



ချာင်းသာ သစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်း တစ်ကောင် သတ်ခံရ


ပုသိမ်၊ ဒီဇင်ဘာ ၂၂

ပုသိမ်မြို့နယ် ချောင်းသာ သစ်တောကြိုးဝိုင်း အကွက်အမှတ် ၄၄ အတွင်း ကန်ကြီးချောင်းဖျားတွင် တောဆင်ရိုင်း တစ်ကောင် သတ်ဖြတ်ခံရကြောင်း ပုသိမ်မြို့နယ် သစ်တော ဦးစီးဌာနထံမှ သိရသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့က သတ်ဖြတ်ပြီး အရေခွံဆုတ်ကာ အပိုင်းပိုင်း ခုတ်ဖြတ်ထားသည့် တောဆင်ရိုင်း တစ်ကောင်ကို တွေ့ရှိရပြီး ဆင်သတ်သူများမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း ပုသိမ်မြို့နယ် သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးဝင်းအေးက ပြောကြားသည်။

“ဆင်နှာမောင်းပြတ်ရယ်၊ ဆင်ခွာတွေရယ်၊ သားရေရယ်၊ ခုတ်ထစ်ဖြတ်ထားတဲ့ ဆင်အသားပိုင်းတွေပဲ သိမ်းဆည်း ရမိတယ်။ ချောင်းသာ ရဲစခန်းကို အမှုဖွင့် တိုင်ကြားထားတယ်”ဟု ၎င်းကဆိုသည်။

သတ်ဖြတ်ခံရသည့် တောဆင်ရိုင်းမှာ အသက် ၄၅ နှစ်နှင့် ၅၅ နှစ်အကြားရှိ ဟန်အမျိုးအစား တောဆင်ရိုင်း အထီး ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့ ဝန်းကျင်က သတ်ဖြတ်ခံရပြီး အရေခွံ ခွာကာ အပိုင်းပိုင်း ခုတ်ထစ်ထားသဖြင့် မည်သည့်လက်နက်ဖြင့် ပစ်ခတ် သတ်ဖြတ်ထားသည်ကို မသိရှိနိုင်ကြောင်း ဆင်ဆရာဝန်က မှတ်ချက်ပေးသည်။

ပုသိမ်မြို့နယ် သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင် သစ်တောများအတွင်း တောဆင်ရိုင်းကောင်ရေ ၇၀ မှ ၈၀ ခန့် လှည့်လည် ကျက်စားလျက်ရှိရာ တောဆင်ရိုင်းများ သတ်ဖြတ် မခံရရေးနှင့် ဆင်သတ်မုဆိုးများကို ဖမ်းဆီးရရေး ဆောင်ရွက်လျက်ရှိကြောင်း ပုသိမ်မြို့နယ် သစ်တော ဦးစီးဌာနထံမှ သိရသည်။

R-12

SOURCES THE VOICE

No comments:

Post a Comment