Latest News

Tuesday, December 27, 2016

ရည်းစားထားမယ့်အစား ခွေးလေးတစ်ကောင်မွေးကြည့်လိုက်ပါ...ပိုစိတ်ချမ်းသာပါလိမ့်မယ်

ရည်းစားထားမယ့်အစား ခွေးလေးတစ်ကောင်မွေးကြည့်လိုက်ပါ...ပိုစိတ်ချမ်းသာပါလိမ့်မယ်

ရည်းစားတစ်ယောက်ထားတာထက် ခွေးလေးဖြစ်ဖြစ်၊ ကြောင်လေးဖြစ်ဖြစ်အိမ်မွေး အချစ်တော်လေး တစ်ကောင် မွေးကြည့်လိုက်တာက အများကြီးပိုပြီးစိတ်ချမ်းသာတယ်ဆိုတာကို လူတော်တော်များများသိကြပြီး ဖြစ်ပေမဲ့ မသိသေးဘဲ ဆက်ပြီးရန်ဖြစ်ပြန်ချစ်နဲ့ စိတ်ဒုက္ခခံနေကြတဲ့ ဘော်ဒါတွေအတွက် ပြောပြချင် တာလေးတွေရှိပါတယ်။

လူဆိုတာ တစ်ကိုယ်တည်းမနေတတ်တဲ့သူ။ အဖော်လေးရှိမှ နေပျော်တဲ့ဘဝလို့ တွေးကြတာ မှန်ပေမဲ့ ရယ်ပွဲထက် ငိုပွဲများနေတဲ့ ဇာတ်မျိုးဆိုရင်တော့ ဘာလို့ ဆက်ကနေတော့မလဲနော်။ အူလှိုက်သည်းလှိုက် မရယ်ရရင်တောင် ကြည်ကြည်နူးနူးလေး ပြုံးနိုင်တဲ့ ဇာတ်လမ်းမျိုး လောက်တော့ ဖြစ်သင့်တာပေါ့။ ဟုတ်တယ် မဟုတ်လား။ ရင်းနှီးရတဲ့ဈေးနှုန်းချင်းတူရင် ကိုယ့်အတွက် အမြတ်ပိုကျန်မယ့်ပစ္စည်းလေးရောင်းသလို စဉ်းစားကြည့်ရအောင်။

ချစ်သူဆိုတဲ့တစ်ယောက်နဲ့ အဆင်ပြေဖို့ သူနဲ့ အကြိုက်တူရင်တူ၊ မတူရင်လည်း ညှိရတာတွေရှိတတ်ပေမဲ့ ကိုယ့်ခွေးလေးကတော့ ကိုယ်ကြိုက်တာကိုပဲ သူက လိုက်ကြိုက်မှာပါ။ ကိုယ်ရွေးချယ်ပေးတာကိုပဲ အကောင်းဆုံးလို့ သူကသတ်မှတ်မှာပါ။ ကိုယ်က ပါပီလေးကို နေ့တိုင်း အစာတစ်မျိုးတည်းကိုပဲ ဆင်တူကျွေးလို့ရတယ်။ ဒီလို ပုံမှန်ကျွေးရင်ပဲ ပါပီလေးက ကိုယ့်ကို ထာဝရကျေးဇူးရှင်လို့ မှတ်ထားပေမဲ့ ကိုယ့်ချစ်သူဆိုတဲ့သူကို နေ့တိုင်း တစ်မျိုးတည်း ချက်ကျွေးမယ်ပဲပြောကြည့်။ ဘယ်လိုတုန့်ပြန်မယ်ထင်ပါသလဲ။

ကိုယ်စိတ်မကြည်လင်လို့ တစ်ယောက်တည်းနေချင်တဲ့အချိန် ကိုယ့်ခွေးလေးကို သွားအနားမှာ လာရှုပ်မနေနဲ့လို့ အော်ထုတ်လို့ရပေမဲ့ သူ့ကိုတော့ အနားမလာနဲ့ စိတ်ညစ်နေလို့လို့ ပြောလိုက်တာနဲ့ ဘာကြောင့်စိတ်ညစ်နေတယ်ဆိုတဲ့ အကြောင်းရယ်၊ တစ်ယောက်တည်း နေချင်တယ်ဆိုတဲ့အကြောင်းတွေ အရှည်ကြီးရှင်းပြရမယ်၊ အဆင်မသင့်ရင် ရန်ပွဲဖြစ်သွားပြီး သူ့ကြောင့်ပါ စိတ်ထပ်ညစ်ရကိန်းရှိနိုင်ပါတယ်။ ရည်းစားဆိုတဲ့သူက ဖောက်ပြန်မှာ၊ ကိုယ့်ကိုထားသွားမှာတွေကိုတွေးပြီး ပူရတတ်ပေမဲ့ ကိုယ့်အချစ်တော်ခွေးလေး ကြောင်လေးတွေကတော့ ဘယ်တော့မှ သူတို့ကစပြီး ထားသွားမှာကို မပူရပါဘူး။ အပြောင်းအလဲမရှိဘဲ အမြဲကိုယ့်ဆီက အချစ်ကို အမြီးလေးတနှံ့နှံ့နဲ့ မျှော်လင့်နေတတ်ကြတာ သူတို့ပဲရှိပါတယ်။

ချစ်သူဆိုရင် သူ့ကိုလိုအပ်တဲ့အချိန်တိုင်း အနားမှာရှိပေးဖို့ မလွယ်သလို ကိုယ်လိုအပ်မှ သူ့ကိုခေါ်ရင်လည်း လက်ခံမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ခွေးလေးနဲ့ အတူ လမ်းထွက်လျှောက်ထွက်ချင်တဲ့အချိန် သူ့ကိုကြိုပြီးအသိပေးနေစရာလည်း မလိုသလို သူသွားချင်စိတ်ဖြစ်အောင် တိုက်တွန်းနေဖို့လည်း မလိုပါဘူး။ အချစ်တော်လေးတွေက ရည်းစားထားတာထက် အသာဆုံးအချက်ကတော့ သူတို့က ဘာမှပြန်မပြောတတ်တာပါပဲ။ ကိုယ့်ကိုယ် စကားလုံးကြမ်းကြမ်းတွေနဲ့လည်း မတိုက်ခိုက်တတ်ဘဲ ခေါင်းလေးဝှေ့ပြီး ကိုယ့်ဆီကကြင်နာမှုကို မျှော်လင့်နေတဲ့အိမ်မွေးအချစ်တော်လေးတွေနဲ့ ဖြတ်သန်းရတဲ့ ဘဝက ချစ်သူတစ်ယောက်ကြောင့်ရနိုင်တဲ့ အပူတွေဒုက္ခတွေကင်းတဲ့ စိတ်ချမ်းသာစရာပိုကောင်းတဲ့ ဘဝတစ်ခုဖြစ်မယ်ဆိုတာ အသေအချာပါပဲ။

Sources; TrendMyanmar

No comments:

Post a Comment