Latest News

Wednesday, December 21, 2016

ဒေါက်တာသန်းထွဋ်အောင်၏ ဆေးအာမခံလျှောက်ထားမှု အထောက်အထားမခိုင်လုံသဖြင့် ပယ်ချခံရ

ဒေါက်တာသန်းထွဋ်အောင်၏ ဆေးအာမခံလျှောက်ထားမှု အထောက်အထားမခိုင်လုံသဖြင့် ပယ်ချခံရ






Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်နှင့် The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့အား တာမွေမြို့နယ် တရားရုံးတွင် ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက စတုတ္ထအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။ ဒေါက်တာသန်းထွဋ်အောင်၏ ဆေးအာမခံလျှောက်ထားမှုမှာ အထောက်ထားမခိုင်လုံသည့်အတွက် ပယ်ချခံခဲ့ရကြောင်း စွပ်စွဲခံများဘက်မှရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကပြောသည်။

"ဆရာတို့ လျှောက်ထားတဲ့အပေါ်မှာ အထောက်အထားမခိုင်လုံဘူးဆိုပြီး ပယ်လိုက်တယ်။ ထောင်ဆရာဝန်မလာဘဲ သူ့ရဲ့ကိုယ်စား ထောင်ပိုင်ကြီးကပြန်ကြားတာကို တွေ့ရတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ တရားသူကြီးက ပယ်ကြောင်းအမိန့် ချလိုက်တယ်။ အမိန့်ကိုနားထောင်လိုက်တဲ့အခါမှာတော့ ဆရာတို့တင်ပြထားတဲ့အချက်တွေနဲ့ ကွဲလွဲနေတာတွေ့ရတယ်။ အဲဒီအပေါ်မှာ စိစစ်ပြင်ဆင်ပြီးတော့ မူလရုံးမှာပဲ အချက်အလက်အသစ်နဲ့ တင်ရမလား ပြင်ဆင်မှုတက်ရမလားဆိုတာတော့ မဆုံးဖြတ်ရသေးဘူး'' ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်နေ့က ဒုတိယအကြိမ်ရုံးထုတ်ချိန်းတွင် ဒေါက်တာသန်းထွဋ်အောင်၏ ကျန်းမာရေး အခြေအနေကိုတင်ပြ၍  CEO တဦးတည်အတွက် ဆေးအာမခံရရှိရန် လျှောက်ထားခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၅ ရက်နေ့က တတိယအကြိမ်ရုံးထုတ်တွင် ဆေးအာမခံအတွက် အကျဉ်းထောင်ဆရာဝန်အား စစ်ဆေးမည်ဖြစ်သော်လည်း အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းသားများပြားနေသည့်အတွက် ထောင်ဆရာဝန်မှ တရားရုံးသို့မလာရောက်ခဲ့ဘဲ သိလိုသည်များကို စာဖြင့်သာရေးသားမေးမြန်းပါရန် ထောင်ဆရာဝန်မှ သက်သေဆိုခွင့် ကင်းလွှတ်ခွင့် လျှောက်ထားခဲ့သည်။ ယင်းအတွက် ယနေ့ရုံးချိန်းတွင် ထောင်ဆရာဝန်ထံမှ ဆေးမှတ်တမ်းများအရ အားမခံလျှောက်ထားမှုအပေါ်စစ်ဆေးခဲ့ရာ စွပ်စွဲ ခံရသူများဘက်မှတင်ပြထားသည့် အချက်အလက်များ ကွဲလွဲနေသဖြင့် အာမခံလျှောက်ထားမှုကို တရားသူကြီးက ပယ်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာသန်းထွဋ်အောင်မှာ ယနေ့(ဒီဇင်ဘာ ၂၂) ရုံးချိန်းသို့ လူနာတင်ယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး လူနှစ်ယောက်အကူအညီဖြင့် လမ်းတွဲလျှေက်ကာ တရားရုံးသို့ လာရောက်ခဲ့သည်။ နောက်တကြိမ်ရုံးချိန်းကို ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ရုံးထုတ်မည်ဖြစ်ပြီး တရားလိုကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

Sources : လင်းလင်းအောင် : NewsWatch

No comments:

Post a Comment