Latest News

Tuesday, December 13, 2016

မောင်တောမြို့နယ်အတွင်း တာဝန်ကျဆရာဆရာမများအား လုံခြုံရေးရှိသောစုရပ်များတွင် နေရာချထားကာ ပိတ်ထားသည့်စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

မောင်တောမြို့နယ်အတွင်း တာဝန်ကျဆရာဆရာမများအား လုံခြုံရေးရှိသောစုရပ်များတွင် နေရာချထားကာ ပိတ်ထားသည့်စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

မောင်တောမြို့နယ်အတွင်း တာဝန်ကျ ဆရာ၊ ဆရာမများအား လုံခြုံရေးရှိသော စုရပ်များတွင် နေရာချထားကာ ပိတ်ထားသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး လက်ရှိအချိန်တွင် အထက ကျောင်းများအားလုံး အပါအ၀င် စာသင်ကျောင်းပေါင်း ၉၀ ကျော် ပြန်လည်ဖွင့်လှစ်ထားကြောင်း မောင်တောမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

မောင်တောမြို့နယ်ပညာရေးမှူး ဦးခင်အောင်က “ကျောင်းတွေကို ပြန်လည်ပြီး တိုးချဲ့ဖွင့်လှစ်နေတဲ့အခါ အားလုံးတော့မစုံသေးဘူး။ ဒီကနေ့အထိ ဆိုရင် ၉၃ ကျောင်း ဖွင့်လှစ်နိုင်ပြီ။ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေဆိုရင် မြို့ပေါ်နဲ့ အထက ကျောင်းတွေ၊ အထက ကျောင်းခွဲတွေများပါတယ်။ မြို့နယ်အတွင်း အထက ကျောင်းအားလုံးဖွင့်ထားပြီးတော့ အထကခွဲ ကျောင်းဆိုရင်လည်း မျောတောင်ကျောင်းနဲ့ ဘကုန်းနားကျောင်း နှစ်ကျောင်းက လွဲပြီးကျန် အထက ကျောင်းခွဲအားလုံးဖွင့်နိုင်ပြီ။ ဆရာ ဆရာမတွေကိုတော့ အရင်တုန်းကလိုပဲ လုံခြုံတဲ့ စုရပ်တွေမှာထားပြီးတော့ ကျောင်းတွေဖွင့်လှစ်တာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ဆရာ၊ ဆရာမများကို ဖားဝပ်ချောင်း၊ ကြိမ်ချောင်း၊ တရိန်း၊ တောင်ပြို (သာယာကုန်း)၊ တောင်ပြို၊ ဇီးပင်ချောင်း၊ ခမောင်းဆိပ်၊ ဝေလာတောင်၊ ဥဒေါင်း (စံပြ)၊ ကျောက်ပန်းတူ (သစ်)၊ အင်းဒင်၊ ရွက်ညိုတောင်စသည့် ကျေးရွာစုရပ်များသို့ ပို့ဆောင်ကာ လုံခြုံရေးဖြင့်စခန်းချ နေထိုင်စေပြီး တာဝန်ကျရာကျောင်းများသို့ သွားရောက် ကျောင်းဖွင့်လှစ် စာသင်ကြားနေခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောနယ်စပ်တွင် အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့်ရဲစခန်း သုံးခုကို အကြမ်းဖက်သမားများဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့သဖြင့် အောက်တိုဘာ ၉ ရက်တွင် မောင်တောခရိုင်အတွင်း ကျောင်းအားလုံး ပိတ်လိုက်ရပြီး ဆရာ၊ ဆရာမများနှင့် ဒေသခံများ နေရပ်စွန့်ခွာမှုများ ဖြစ်ပေါ်ခဲ့သည်။ မောင်တောမြို့ နယ်အတွင်း ကျောင်းပေါင်း ၁၈၃ ကျောင်း ရှိခဲ့ရာ နိုဝင်ဘာလဆန်းပိုင်းတွင် ကျောင်းပေါင်း ၁၀၀ ကျော်အထိ တိုးချဲ့ဖွင့်လှစ်ခဲ့သော်လည်း နိုဝင်ဘာ ၁၂ ရက်တွင် တစ်ဖန်တိုက်ပွဲပြန်ဖြစ်ပွား လာခဲ့သည့်အတွက် ကျောင်းများ ပြန်လည်ပိတ်ထားလိုက်ရာမှ လက်ရှိတွင် ကျောင်းပေါင်း ၉၃ ကျောင်း ကျောင်းဖွင့်လှစ် ထားနိုင်ကြောင်း သိရသည်။
Writer:
သားရွှေဦး (ကစ္ဆပ)
Eleven

No comments:

Post a Comment