Latest News

Friday, December 23, 2016

လူသိနည်းသေးတဲ့ ရှကီရာအကြောင်း ၁၂ ချက်

လူသိနည်းသေးတဲ့ ရှကီရာအကြောင်း ၁၂ ချက်

ရှကီရာဆိုရင် အောင်မြင်ကျော်ကြားတဲ့ ကိုလံဘီယာ ပေါ့ပ်အဆိုတော်လို့ သိကြပါတယ်။ ရှကီရာဟာ အဆိုတော်ဖြစ်ရုံသာမက သီချင်းရေးသူ၊ ကကွက်တီထွင်ဖန်တီးသူတစ်ယောက်ဖြစ်တဲ့အပြင် မော်ဒယ်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီအချက်တွေအပြင် ရှကီရာနဲ့ ပတ်သက်လို့ ပရိသတ်တွေ မသိနိုင်သေးတဲ့ အကြောင်းအရာ ၁၂ ချက်ကို စုစည်းဖော်ပြထားပါတယ်။

၁။ အစောပိုင်း ဘဝ

ရှကီရာဆိုတဲ့ အမည်က အာရပ်ဘာသာစကားမှာ 'ကျေးဇူးသိတတ်သော' လို့ အဓိပ္ပာယ်ရပါတယ်။ သူမဟာ ကက်သလစ်မိသားစုမှ ဖြစ်ပါတယ်။ ရှကီရာမှာ မွေးချင်း ၈ ယောက်ရှိပါတယ်။ သူမရဲ့ ဖခင်ဖြစ်သူ ဒေဝါလီခံခဲ့ရတဲ့အချိန်မှာ ရှကီရာတို့ မိသားစု အခက်အခဲတွေ ကြုံခဲ့ရပါတယ်။

၂။ ပထမဆုံး အယ်လ်ဘမ်

ရှကီရာဟာ ဂီတလောကကို အသက်အရွယ် အလွန်ငယ်သေးတဲ့ အချိန်မှာကတည်းက ရောက်ရှိခဲ့တာပါ။ သူမရဲ့ ပထမဆုံး တေးသီချင်းအယ်လ်ဘမ် ထုတ်ဝေချိန်မှာ ရှကီရာရဲ့ အသက်က ၁၃ နှစ်သာရှိပါသေးတယ်။

၃။ ဗိုက်သားလှုပ်အက

ဖခင်ဖြစ်သူက ဒေဝါလီခံလိုက်ရပြီးနောက်ပိုင်း ရှကီရာကို စားသောက်ဆိုင် သီဆိုဖျော်ဖြေမှုတွေဆီ အတူခေါ်ဆောင်သွားလေ့ ရှိပါတယ်။ သူမဟာ အဲဒီအချိန်ကတည်းက ဗိုက်သားလှုပ်အက စတင်ကပြခဲ့တာ ဖြစ်ပါတယ်။ ရှကီရာဟာ ဗိုက်သားလှုပ်အကကို လက်ဘနွန်လူမျိုး အဘွားဖြစ်သူထံမှ သင်ယူတတ်မြောက်ခဲ့ပါတယ်။

၎။ ဘာသာစကားတတ်မြောက်မှု

ရှကီရာက ဘာသာစကား ၆ မျိုးအထိ ကျွမ်းကျင်စွာ ပြောနိုင်သူပါ။ အင်္ဂလိပ်၊ စပိန်နဲ့ ပေါ်တူဂီ ဘာသာစကားတွေကို ရှကီရာ ပြောနိုင်ပါတယ်။ ဒါ့အပြင် အီတလီ၊ ပြင်သစ်နဲ့ စပိန်အရှေ့မြောက်ပိုင်းဒေသမှာ သုံးကြတဲ့ ကတ်တလန် ဘာသာစကားတွေကိုလည်း ပြောဆိုနိုင်တဲ့ ဥာဏ်ထက်မြက်သူ ဖြစ်ပါတယ်။

၅။ အိမ်ထောင်ရေး

ရှကီရာရဲ့ ပထမချစ်သူက အန်တိုနီယို ဒီလာရူအာ ဖြစ်တယ်ဆိုတာ လူသိနည်းပါတယ်။ အန်တိုနီယိုရဲ့ ဖခင်က အာဂျင်တီနားသမ္မတ ဖြစ်ခဲ့ပါတယ်။ ရှကီရာနဲ့ အန်တိုနီယိုတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှု ပျက်ပြားခဲ့ပြီး သူတို့နှစ်ဦး လမ်းခွဲခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အများသိကြတဲ့အတိုင်း ဘာစီလိုနာဘောလုံးမှ နောက်ခံကစားသမား ဂျရတ် ပီကေးနဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

၆။ ရှကီရာစုံတွဲရဲ့ လျှို့ဝှက်ချက်

ရှကီရာနဲ့ ပီကေးတို့ စုံတွဲမှာ အံ့အားသင့်စရာကောင်းတဲ့အချက်က သူတို့ဟာ ဖေဖေါ်ဝါရီလမှာ မွေးဖွားသူတွေဖြစ်ပြီး မွေးနေ့တူကြပါတယ်။ ရှကီရာက ခင်ပွန်းဖြစ်သူ ပီကေးထက် အသက် ၁၀ နှစ်ကြီးပါတယ်။ သူတို့မှာ မီလန်လို့ အမည်ပေးထားတဲ့ သားလေးတစ်ဦး ရရှိထားပါတယ်။

၇။ အကြီးမားဆုံး အောင်မြင်မှု

ရှကီရာရဲ့ ဂီတသက်တမ်းမှာ 'Hips Don't Lie' အမည်ရှိ သူမကိုယ်တိုင် ရေးသားသီဆိုတဲ့ သီချင်းဟာ အောင်မြင်မှုအရှိဆုံး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲနဲ့အတူ 'Waka Waka' သီချင်းကလည်း ရှကီရာအတွက် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ခဲ့ပါတယ်။

၈။ အိမ်ဖြူတော်ရဲ့ ဧည့်သည်တော်

ရှကီရာကို အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက အိမ်ဖြူတော်သို့ ဖိတ်ကြားပြီး သမ္မတရဲ့ အကြံပေးကော်မရှင်မှာ ပါဝင်ဖို့ ကမ်းလှမ်းခံရပါတယ်။ ၂၀၁၀ ခုနှစ်မှာ သူမကို ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

၉။ ရရှိခဲ့တဲ့ ဆုများ

ရှကီရာဟာ ဂီတနယ်ပယ်မှာ ဆုတွေ အများအပြား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရှကီရာ ရခဲ့တဲ့ ဆုတွေအနက် လက်တင်ဂရမ်မီဆု ၈ ကြိမ်၊ MTV တေးဂီတဆု ၅ ကြိမ် ပါဝင်ပါတယ်။ ဒါ့အပြင် Billboard တေးဂီတဆု ၇ ကြိမ် ရရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆုအတွက် ဆန်ခါတင်စာရင်း ဝင်ခဲ့ပါတယ်။

၁၀။ ကူညီထောက်ပံ့ရေး ရန်ပုံငွေအဖွဲ့အစည်း

ရှကီရာက ဆင်းရဲနွမ်းပါးတဲ့ ကလေးသူငယ်တွေကို ကူညီထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ တည်ထောင်ခဲ့ပါတယ်။ Pies Descalzos နဲ့ ALAS ဖောင်ဒေးရှင်းနှစ်ခုကို ရှကီရာ တည်ထောင်ခဲ့ပြီး သူမရဲ့ ဖောင်ဒေးရှင်းနှစ်ခုလုံးကို နိုင်ငံတကာက အသိအမှတ်ပြုထားပါတယ်။

၁၁။ အောင်မြင်ကျော်ကြားသူတို့ လျှောက်လမ်း

၂၀၁၁ ခုနှစ်မှာ ရှကီရာအမည်ကို ကြယ်ပွင့်ကျောက်ပြား ရေးထိုးပြီး ဟောလီးဝုဒ်မှ အောင်မြင်ကျော်ကြားသူတို့ လျှောက်လမ်းမှာ ဂုဏ်ပြုဖော်ပြခဲ့ပါတယ်။

၁၂။ လက်စွပ်ကြိုက်သူ

ရှကီရာက လက်စွပ်တွေ စုဆောင်းရတာကို နှစ်သက်သူတစ်ဦး ဖြစ်ပါတယ်။ သူမဟာ ကျောက်မျက်ရတနာတွေ ဝတ်ဆင်ရတာကို မနှစ်သက်ပေမယ့် လက်စွပ်ကိုတော့ အမြတ်တနိုး ဝတ်ဆင်ပါတယ်။ ရှကီရာ စုဆောင်းထားတဲ့ လက်စွပ်ပေါင်း ၂၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

Source & Photo: Raveby : Duwun

No comments:

Post a Comment