Latest News

Tuesday, December 20, 2016

ထိုင်းနိုင်​ငံအတွင်း လူကုန်​ကူးခံရသူ မြန်​မာနိုင်​ငံသား ၃၈ ​ဦး မြ၀တီမြို့သို့ ပြန်လည်ရောက်ရှိ

ထိုင်းနိုင်​ငံအတွင်း လူကုန်​ကူးခံရသူ မြန်​မာနိုင်​ငံသား ၃၈ ​ဦး မြ၀တီမြို့သို့ ပြန်လည်ရောက်ရှိ


ထိုင်းနိုင်​ငံ လူကုန်​ကူးခြင်းခံရပြီး ပြန်လည်ရောက်ရှိလာသူများကို တွေ့ရစဉ်
ထိုင်းနိုင်​ငံ ငါးဖမ်းစက်​​လှေများတွင်​ လူကုန်​ကူးခြင်းခံရပြီး၊ ထိုင်းနိုင်​ငံ လူမှုဖွံ့ဖြိုးတိုးတက်​​ရေးနှင့်​ လူသားလုံခြုံ​ရေးဝန်ကြီးဌာန လက်​​အောက်​ရှိ ​ဂေဟာအသီးသီးတွင်​ ​စောင့်ရှောက်​ထား​သော မြန်​မာနိုင်​ငံသား ၃၈ ဦးအား ဒီဇင်ဘာ ၂၀ ရက်​​ နံနက်​ ၉ နာရီ မိနစ်​ ၃၀ ခန့်က မြန်မာနိုင်​ငံ မြ၀တီမြို့သို့ ပြန်​လည်​ပို့​ဆောင်​​ပေးခဲ့​ကြောင်း သိရသည်​။

ထိုင်းနိုင်​ငံ တာ့ခရိုင်​ မဲ​ဆောက်​မြို့ လ၀က ​ဦးစီးမှူး Mr.Sakchai Sawangsalla ဦး​ဆောင်​​သော အဖွဲ့မှ လာ​ရောက်​ ပို့​ဆောင်​ခြင်းဖြစ်​ပြီး မြ၀တီခရိုင်​မှ တာဝန်​ရှိသူများက လွှဲပြောင်း လက်​ခံခဲ့ခြင်းဖြစ်​သည်​။


ထိုင်းနိုင်​ငံသို့ သွား​ရော​က် ​လုပ်​ကိုင်​ကြသည့်​ မြန်​မာနိုင်​ငံသားများအနက်​ လူကုန်​ကူးခံရပြီး ​ငါးဖမ်းစက်​​လှေများတွင်​ ​ရောင်းစားခံထားရ​​ကြောင်း မြ၀တီမြိုခရိုင်​ လူကုန်​ကူးမှု တားဆီး​ရေးရုံးမှ တာဝန်​ရှိသူများက သိရှိခဲ့ပြီး​နောက်​ ထိုင်းနိုင်​ငံအတွင်း လူမှုကူညီ​ရေးအဖွဲ့ လူကုန်တားအဖွဲ့များနှင့်​ ချိတ်​ဆက်​ကာ ပြန်​လည်​ကယ်​တင်​ပြီး ​ဂေဟာများတွင်​ ၁၀ လ ​ကျော်​ကြာ စောင့်​​ရှောက်​ထားပြီးမှ ပြန်​လည် ​ပို့ဆောင်​​ပေးခြင်းဖြစ်ကြောင်း သိရသည်​။

အဆိုပါ ပြန်​လည် ​​ရောက်​ရှိလာသည့် မြန်​မာနိုင်​ငံသားများအား မြ၀တီခရိုင်​ အလုပ်​သမား ညွှန်​ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ​ ဒေါ်​အေးမြစန္ဒာဝင်းက ထိုင်းနိုင်​ငံသို့ သွား​ရောက် ​လုပ်​ကိုင်​ကြမည့်​ မြန်​မာနိုင်​ငံသားများ အ​နေဖြင့်​ တရားဝင်​ သွား​ရောက်​ လုပ်​ကိုင်​ကြရန်​ လိုအပ်​​ကြောင်း ပြန်​​ရောက်​လာသူများကို အား​ပေးစကား ​ပြောကြားခဲ့သည်​။

ဧရာဝတီတိုင်း လပွတ္တာမြို့နယ်​မှ ထိုင်းနိုင်​ငံ ငါးဖမ်းစက်​​လှေတွင်​ လုပ်​အားခမရဘဲ လုပ်​ကိုင်​ခဲ့ရသူ တစ်​ဦးဖြစ်သည့်​ ကိုလင်းလင်းက “ထိုင်းမှာ အလုပ်​​ကောင်းတယ်​ဆိုပြီး ​ကော့​သောင်းလမ်းက ပွဲစားခေါ်သွားတာ။ ဟို​ရောက်​​တော့ ငါးဖမ်းစက်​​လှေမှာ လုပ်​တယ်။ လမ်းစရိတ်​မ​ပေးခဲ့ရဘူး။ သုံးလလုပ်​ဆပ်​ရမယ်​​ပြောတယ်​။ ပထမစ​ရောက်​တုန်းက အခန်းထဲမှာ ဘယ်​မှမထွက်​ရထားတာပါ။ တစ်​လ​ကျော်​​လောက် ​​လှောင်​ပိတ်​ထားတယ်။ ပြီး​တော့ ​လှေထွက်​ရတယ်​။ အသက်​အန္တရာယ်​များတဲ့ အလုပ်​က ထွက်​​ပြေးချင်​​နေချိန်​  ဦး​ကျော်​​သောင်းတို့ အဖွဲ့က လာကယ်​လို့ လိုက်​လာခဲ့တာပါ” ဟု ဆိုသည်​။

အဆိုပါ အလုပ်​သမားများမှာ ထိုင်းနိုင်ငံသို့ တရားမ၀င်​ပွဲစားများ၏ ​ခေါ်​ဆောင်​မှု​​ကြောင့်​ ငါးဖမ်း​လှေသို့​ လူကုန်​ကူးခံရမှန်းကို ​နောက်​မှသိရှိခဲ့ကြရပြီး ​လှေပြန်​ဆိုက်​ကပ်​ချိန်​လာ​ခေါ်သူရှိ၍ လိုက်​လာခြင်းဖြစ်​​ကြောင်းနှင့်​ ​ဂေဟာတွင်​ ၁၀ လ ​ကျော်​ နေထိုင်​ခဲ့ရ​ကြောင်း သိရသည်​။

ထိုင်းနိုင်​ငံအတွင်း ​နေထိုင်​ပြီး လူကုန်​ကူးခံရသူများအား နှစ်​နိုင်​ငံတာဝန်ရှိသူများနှင့်​ ချိတ်​ဆက်​ကာ ကူညီ​ဆောင်​ရွက်​​ပေး​နေသည့်​ MAT အဖွဲ့ ဒါရိုက်​တာ ဦး​ကျော်​​သောင်းက “ပထမ ဧရာဝတီတိုင်း လူကုန်​တားအဖွဲ့က ဆက်​သွယ်​လာတယ်​။ သူတို့ပေးတဲ့နာမည်​ ​တစ်ခုကို ဆက်​သွယ်​ရတယ်​။ ထိုင်းလူကုန်​တား အဖွဲ့နဲ့ ချိတ်​ဆက်​ပြီး ကယ်​တင်​ခဲ့တာ ဖြစ်​ပါတယ်​။ လူကုန်​ကူးမှုခံရသူ​တွေကို ကာကွယ်​ဖို့ ဒီနှစ်​ထဲမှာ အခက်​အခဲ ရှိပါတယ်​။ ဘာလို့လဲဆို​တော့ ထိုင်းအစိုးရနဲ့ မြန်မာအစိုးရ ပူး​ပေါင်း​ဆောင်​ရွက်​တာ မှန်​​ပေမယ့်​ မူလနိုင်​ငံဘက်​က လူကုန်ကူးခံထားရသူရဲ့ အမှုဖွင့်​တိုင်​ကြားတဲ့စာ၊ ဖမ်းဝရမ်းတို့ကို ထိုင်းဘက်​က ​တောင်းတဲ့အတွက်​ အစိုးရမဟုတ်​တဲ့သူ​တွေအတွက်​ အခက်​အခဲ ဖြစ်​ပါတယ်​။ သိသိနဲ့ လွှတ်​ထားရတာရှိတယ်​။ လူကုန်​ကူးခံထားရသူကို ကယ်​တင်​ဖို့ အကျပ်​ရိုက်​​နေတဲ့အတွက်​ လက်ရှိမြန်မာနိုင်​ငံ အစိုးရအ​နေနဲ့ ကူညီ​ဆောင်​ရွက်​​ပေး​စေ လိုပါတယ်” ဟု ​ပြောကြားသည်​။

အဆိုပါ မြန်​မာနိုင်​ငံသား ၃၈ ဦးအနက်​ ကရင်​ပြည်​နယ်​မှ ၂၃ ဦးကို ​နေရပ်​သို့ တိုက်​ရိုက်​ပို့​ဆောင်​မည်​ဖြစ်ကာ မွန်​ပြည်​နယ်​၊ ရခိုင်​ပြည်​နယ်​၊ ဧရာဝတီတိုင်းတို့မှ စုစု​ပေါင်း ၁၅ ​ဦး​တို့အား ​မော်​လမြိုင်​ လူမှုကယ်​ဆယ်​​ရေး သင်​တန်း​ကျောင်းသို့ ပို့​ဆောင်​ကာ ၎င်းးမှ တစ်ဆင့်​ မိမိ​နေရပ်​ မိဘများထံသို့ ဆက်​လက်​ ပို့​ဆောင်​​ပေးသွားမည်​ဖြစ်​ကြောင်း သိရသည်။
Writer:
ကိုရွှေသိန်း (မြ၀တီ)
Eleven Media Group

No comments:

Post a Comment