Latest News

Tuesday, December 6, 2016

လာမည့်ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့အတွက် ဘတ်ဂျက် ကျပ် ၄၂၂ ဘီလီယံ လျာထား

လာမည့်ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့အတွက် ဘတ်ဂျက်

ကျပ် ၄၂၂ ဘီလီယံ လျာထား

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၄၂၂ ဘီလီယံသုံးစွဲရန် လျာထားကြောင်း ဒီဇင်ဘာ ၆ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ်ရန်ကုန်တိုင်း ဒေသကြီးလွှတ် တော်အစည်းအဝေး (၁၉)ရက် မြောက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းကပြောကြားလိုက်သည်။

ယင်းအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်းလျာထားချက်ကို ၀န်ကြီးမှ လွှတ်တော်သို့ရှင်းလင်းတင်ပြခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနပေါင်း ၂၆ ခုအပေါ်အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်ပြီး နေပြည်တော်ရှိ ဘဏ္ဍာရေးကော်မရှင်ထံ တင်ပြပြီးဖြစ်ကြောင်း ၀န်ကြီး ဦးမြင့်သောင်းက ပြောသည်။

“ရငွေသည် ၃၀၂ ဒဿမ ၅ ဘီလီယံဖြစ်ပါတယ်။ သုံးငွေသည် ၄၂၂ ဒဿမ ၁ ဘီလီယံ ဖြစ်ပါတယ်။ အဲဒီတော့ လိုငွေလည်း ဆွဲထားပါတယ်။ ၁၂၁ ဒဿမ ၆ ဘီလီယံက အခွန်ရဲ့ ဝေစုကိုရမယ်ဆိုပြီး မျှော်မှန်းပြီးတော့ ဆွဲထားခြင်းဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းလျာထားချက်ကို အစိုးရသစ်လက် ထက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပထမဆုံး ပြုစုပြီးရေးဆွဲထားခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှလည်း ပထမဆုံးအကြိမ်အတည်ပြုမည့် ရသုံးခန့်မှန်းခြေ ငွေစာရင်းလျာ ထားချက်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာ ရင်းလျာထားချက်ကို ဒုတိယအကြိမ်ရန်ကုန်တိုင်း ဒေသကြီးလွှတ် တော်အစည်းအဝေး (၂၀)ရက် မြောက်နေ့တွင် ဆွေးနွေးရန် လျှာထားကြောင်း တိုင်းလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းက ကြေညာခဲ့သည်။

လင်းလင်းအောင်
#NewsWatch

No comments:

Post a Comment