Latest News

Friday, December 23, 2016

ရခိုင်အရေး နိုင်ငံတကာသို့ တန်ပြန်ခြင်း

ရခိုင်အရေး နိုင်ငံတကာသို့ တန်ပြန်ခြင်း


မောင်တောတွင် လုံခြုံရေးတပ်ဖွဲ့ များ အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ်များမှာ နိုင်ငံတကာမျက်နှာစာတွင် ဆန့်ကျင်ဘက် ဖြစ်သွားသည်။ အကြမ်းဖက် တိုက်ခိုက် သူများမှာ ဖိနှိပ်ခံများဖြစ်သွားပြီး အကြမ်း ဖက်တိုက်ခိုက်ခံရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ လူမျိုးတုံးသတ်ဖြတ်မှု ရာဇ၀တ် သားများအဖြစ် စွပ်စွဲခံလိုက်ရသည်။

ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အစိုးရအချို့က ရခိုင်ပြည်နယ်အရေးကို ၀င်ရောက်စွက်ဖက်ခွင့် တောင်းနေကြသည်။ ယင်းသို့တောင်းဆိုရာတွင် မလေးရှားအစိုးရက ထိပ်ဆုံးက ပါဝင်သည်။

အတိုက်အခံအဖြစ် ရပ်တည်ခဲ့စဉ်က နိုင်ငံတကာမျက်နှာစာတွင် သြဇာရှိပြီး ဒီမိုကရေစီသူရဲကောင်းအဖြစ် တင်စားခံခဲ့ရသည့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုပင် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင်  ပြစ်တင်ဝေဖန်သံများ ညံနေလေပြီ။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ မျက်နှာစာတွင် ပြစ်တင်နေခြင်းကို မြန်မာအစိုးရ ဖြေရှင်းနိုင်မည်လော။
မောင်တောအကြမ်းဖက်မှုအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆင်ရေးများ ပြုလုပ်ရာတွင် ဘင်္ဂါလီများ လူမျိုးတုံး သတ်ဖြတ်ခံနေသည်။ အမျိုးသမီးများ မုဒိမ်းကျင့်ခံရသည်။ နေအိမ်ကျေးရွာများ  မီးရှို့ဖျက်ဆီးခံရသည်ဆိုသည့် စွပ်စွဲချက်များဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက စွပ်စွဲ နေသည်။

မြန်မာအစိုးရက ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားသည်။ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် ဥပဒေများနှင့်အညီသာ လုပ်ဆောင်သည်ဟု ဆိုသည်။ မောင်တောအကြမ်းဖက်မှု အစိုးရက သတင်းထုတ်ပြန်နေသော်လည်း နိုင်ငံတကာသို့ အရာမရောက်။ နိုင်ငံတကာမှ မီဒီယာများ၏ ရေးသားမှုမှာလည်း အနုတ်လက္ခဏာ ဆောင်ရုံသာမက သတင်းမှားများဖြင့်ပါ ထိုးနှက်မှုများရှိနေသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အသစ်အတွက် စိန်ခေါ်ခံရမည့် ပြဿနာ ၁၅ခုတွင် နိုင်ငံတကာ ပဋိပက္ခ လေ့လာ စောင့်ကြည့်ရေးအဖွဲ့ (ICG) က ရခိုင်ပြည်နယ်ပြဿနာကို ထည့်သွင်းထားသည်။ လစ်ဗျား၊ တောင်ဆူဒန်၊ ဆီးရီးယားစသည့် နိုင်ငံများနှင့်အတူ ထည့်သွင်းထားခြင်းဖြစ်သည်။

နိုင်ငံတကာက စွပ်စွဲမှုကို ဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြိုးပမ်းနေပြီဖြစ်သည်။ ဘင်္ဂါလီများကို လူမျိုးတုံးသတ်ဖြတ် နေသည်ဟုစွပ်စွဲကာ မလေးရှားနိုင်ငံ ၀န်ကြီးချုပ် နာဂျစ်ရာဇာတ်က ဦးဆောင်ကာ မလေးရှားတွင် ဆန္ဒပြသည်။ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင်လည်း မွတ်ဆလင်များက နာဂျစ်နည်းတူ စွပ်စွဲကာ ဆန္ဒပြကြသည်။

ယင်းသို့ဖြစ်ပွားပြီးနောက် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်တွင် အလွတ်သဘော တွေ့ဆုံရှင်းပြခဲ့သည်။

အာဆီယံ သဘောတူညီချက်အရ တစ်နိုင်ငံ၏ ပြည်တွင်းအရေးကို အခြားတစ်နိုင်ငံက ၀င်ရောက်စွက်ဖက်ခွင့် မပြုရ ဆိုသည့်မူရှိသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင်ဖြစ်နေသည့် ပြဿနာကို ယင်းသို့ရှင်းပြခြင်းမှာ အာဆီယံသမိုင်းတွင် မကြုံဖူးသည့် ထူးကဲဖြစ်ရပ်လည်း ဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ နိုင်ငံတကာ သံတမန်များအဆင့်ကိုသာ ခေါ်ယူရှင်းပြခဲ့သည်။ ခက်ခဲသိမ်မွေ့သည့် ပြဿနာကို ဖြေရှင်းရန် အစိုးရက လေးနက်စွာ သန္နိဋ္ဌာန်ချထားပြီး အစိုးရ၏ ဆောင်ရွက်မှုရလဒ် ကောင်း ရရှိရန် ကြိုးပမ်းဆောင်ရွက်ခွင့်နှင့် အချိန်အတိုင်းအတာ တစ်ခုလိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို ပြောဆိုခဲ့သည်။

နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက "အာဆီယံနိုင်ငံ အားလုံးက ကျွန်တော်တို့ နိုင်ငံလုပ်တာကို ထောက်ခံတယ်။ အပြုသဘော ဆွေးနွေးတယ်"ဟု ပြောကြားသည်။

မြန်မာအစိုးရက ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ခေါ်ယူရှင်းလင်းမှုကို အသိအမှတ်ပြုကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးအချို့က မီဒီယာများကို ပြောဆိုခဲ့သည်။  ယင်းအစည်းအဝေးတွင် သဘောတူညီချက်နှစ်ခု ရရှိခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

တစ်ချက်က ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ မြန်မာအစိုးရက အာဆီယံနိုင်ငံများကို အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များ ပေးမည်။ ဒုတိယအချက်က ရခိုင်ပြည်နယ်အတွက် အာဆီယံနိုင်ငံများက လူသားချင်း စာနာသည့် အကူအညီများပေးမည်ကို မြန်မာ အစိုးရက လက်ခံခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံကို ကူညီရန်လိုအပ်ကြောင်း အာဆီယံ အတွင်းရေမှူး Mr. Le Luong Minh က မီဒီယာများကို မှတ်ချက်ပေးသည်။ စင်ကာပူနိုင်ငံခြားရေး ၀န်ကြီးကမူ ရခိုင်ပြည်နယ်အရေးမှာ အချိန်ယူ ဖြေရှင်းရမည်ဖြစ်ဖြစ်ပြီး ယင်းသို့ဖြေရှင်းရန် အပြန်အလှန် ယုံကြည်မှု၊ စိတ်အားထက်သန်မှု၊ ဖြေရှင်းလိုစိတ်ရှိရန် လိုအပ်ကြောင်း ပြောဆိုသည်။

သို့သော်လည်း မလေးရှားကမူ မြန်မာအစိုးရ၏ ကိုင်တွယ်ပုံကို အပြင်းအထန် ဝေဖန်သည်။ မြန်မာအစိုးရက ဘင်္ဂါလီ (၎င်းအသုံးအနှုန်း ရိုဟင်ဂျာ) များ လူမျိုးတုံး သတ်ဖြတ်ခံရမှုအခြေအနေများကို ယင်းအစည်းအဝေးတွင် တင်ပြကာ မြန်မာအစိုးရလုပ်ရပ်ကို ရှုတ်ချမည်ဟု မလေးရှား ၀န်ကြီးချုပ် Dato Sri Anifah Aman က မြန်မာအစိုးရ၏ ဖြေရှင်းချက် နားမထောင်ခင်ပင် ပြောဆိုထားသည်။

မြန်မာအစိုးရအနေနှင့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ပွင့်လင်းမြင်သာစွာ တိကျမှန်ကန်စွာ ထုတ်ပြန်ရန်၊ ပဋိပက္ခဒေသသို့ သွားရောက်ခွင့်ပြုမှသာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်း သို့မဟုတ် အချို့နေရာများတွင် လူမျိုးနွယ်စု သုတ်သင်မှု စွပ်စွဲမှုများ ပပျောက်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောဆိုသည်။

အာဆီယံအဆင့် ကျွမ်းကျင်သူများ ပါဝင်သည့် လွတ်လပ်သော စုံစမ်းစစ်ရေးအဖွဲ့ဖွဲ့ပြီး ရခိုင်ပြည်နယ်အရေးကို စုံစမ်း စစ်ဆေးရန် မလေးရှား နိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေးတွင် အဆိုပြုခဲ့သည်။  သို့သော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ အာဆီယံနိုင်ငံများက အစည်း အဝေးတွင် ဆွေးနွေးခြင်းမရှိခဲ့ကြောင်း အာဆီယံအတွင်းရေမှူးက ပြောဆိုသည်။

ဦးဇော်ဌေးကမူ "အာဆီယံ ၁၀ နိုင်ငံရှိတာမှာ ကိုးနိုင်ငံက သဘောထား တစ်ခု။ မလေးရှားက သဘောထားတစ်ခု။ မလေးရှားရဲ့ သဘောထားဟာ အာဆီယံရဲ့ သဘောထားမဟုတ်ဘူး"ဟု ရှင်းပြသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော ဆွေးနွေးပွဲကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ် များအဖွဲ့ (APHR) က အပြင်းအထန် ဝေဖန်ထားသည်။ အရပ်သားတွေကို ကာကွယ်ပေးရရန် ပျက်ကွက်ခဲ့သည်ဟု အပြစ်တင်လိုက်သည်။

"အခုကိစ္စက လူမျိုးပျောက်ကွယ်မယ့် အရေးဖြစ်နေတော့ အာဆီယံအနေနဲ့ လုပ်သင့်တာက ကုလသမဂ္ဂရဲ့ ခွင့်ပြု ချက်နဲ့ အာဆီယံ တပ်ဖွဲ့တွေ အခင်းဖြစ်တဲ့ နေရာကိုသွားပြီး မြန်မာစစ်တပ်ကို အလွန်ကြောက်ရွံ့နေကြတဲ့ ဒေသခံတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုသင့်ပါတယ်"ဟု APHR ၏ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ လွှတ်တော်အမတ် Mr. Charles Santiago က BBC နှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောဆိုထားသည်။APHR အဖွဲ့တွင် မြန်မာနိုင်ငံက ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ရိုဟင်ဂျာအရေး လှုပ်ရှားသူ ဦးရွှေမောင် ပါဝင်သည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို ခေါ်ယူရှင်းပြခြင်းကြောင့် အာဆီယံ အစည်းအဝေးများတွင် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဖိအားပေးမှုများကို ရှောင်းရှားနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေး လေ့လာသူအချို့က သုံးသပ်သည်။ အုပ်ချုပ်ရေးနှင့် နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးအောင်သူငြိမ်းကမူ "ဒီ ပြဿနာနဲ့ပတ်သက်ပြီး ၀ိုင်းပြီးစဉ်းစားကြမယ်။ သည်းခံစောင့်ကြည့်မယ့် သဘောမျိုး အာဆီယံဘက်မှာ ဖြစ်သွားနိုင်တယ်" ဟု သုံးသပ်သည်။

ရခိုင်ပြည်နယ်အရေး အစိုးရအပေါ် နိုင်ငံတကာ ဖိအားပေးမှု မြင့်တက်လာခြင်း၏ အဓိကအကြောင်းအရင်းမှာ အစိုးရ၏ သတင်းထုတ်ပြန်မှု အားနည်းခြင်းကြောင့် ဖြစ်သည်ဟု ရှုမြင်သူများလည်းရှိသည်။

မောင်တောအကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် နိုင်ငံတော်သမ္မတရုံးနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးတို့က Facebook၊ Twitter စသော အင်တာနက် လူမှုကွန်ရက် စာမျက်နှာများကို အသုံးပြု၍ သတင်းထုတ်ပြန်သည်။ Twitter မှာ မောင်တော အကြမ်းဖက်မှု ဖြစ်ပြီးမှ အသုံးပြုခြင်းဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာတွင် တိုးမပေါက်။

အစောပိုင်းတွင် တပ်မတော် သတင်းထုတ်ပြန်ရေးဖြစ်သည့် မြ၀တီသတင်းဌာန၏ ဖော်ပြချက်များက ထပ်ဆင့်ဖော်ပြခြင်းဖြစ်ပြီး နိုင်ငံတကာက စွပ်စွဲမှု မြင့်တက်လာချိန်တွင် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ရန်ဟုဆိုကာ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကို နိုဝင်ဘာလ ၁၆ ရက်နေ့က ဖွဲ့စည်းခဲ့သည်။

ယင်းကော်မတီအမည်ဖြင့် Facebook စာမျက်နှာအသစ်ဖွင့်ကာ သတင်းများကို ထုတ်ပြန်ခဲ့သည်။ အစောပိုင်းတွင် မြန်မာ၊ အင်္ဂလိပ်၊ အာရဗီ အပါအ၀င် ဘာသာစကားအချို့ကို အသုံးပြုကာ သတင်းထုတ်ပြန်ခဲ့သည်။ သီတင်းပတ် အနည်းငယ်အကြာတွင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာသာဖြင့်သာ ထုတ်ပြန်တော့သည်။ ဒီဇင်ဘာလ ၁၆ နေ့ နောက်ပိုင်းတွင် မြန်မာလိုသာ ထုတ်ပြန်တော့သည်။  ယင်းအချက်ကို ကြည့်ခြင်းဖြင့် အစိုးရတွင်  သတင်းထုတ်ပြန်ရေးအတွက် သေသေချာချာ အစီအမံမရှိသည်ကို တွေ့ရသည်။

စွပ်စွဲမှုကို ချေပနေရသည့် အနေအထားမှ သတင်းလက်ဦးမှု ရယူထုတ်ပြန်ရန် ယင်းကော်မတီကို ဖွဲ့စည်းကြိုးပမ်းခဲ့သော်လည်း ထင်သလောက် ခရီးမရောက်။ နိုင်ငံတကာအလယ်တွင် အစိုးရပြောဆိုချက် မှေးမှိန်နေဆဲ။

"ကျွန်တော်တို့ ၀န်ခံရမယ့် အချက်ကတော့ နိုင်ငံတကာကို ပျံ့နှံ့မှုအားက နည်းနေသေးတယ်" ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ပြောကြားသည်။ စစ်အုပ်ချုပ်ရေးစနစ်၏ အမွေဆိုးကြောင့်လည်း မြန်မာအစိုးရ ပုံဖျက်ခံနေရခြင်းဟု သုံးသပ်သူများရှိသည်။  "အစိုးရက ဒီထက်ပိုပြီး ပွင့်လင်း မြင်သာမှု ရှိဖို့လိုတယ်" ဟု ဦးအောင်သူ ငြိမ်းက တိုက်တွန်းသည်။

အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ဒေသသို့ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာသမားများ လွတ်လပ်စွာ သတင်းယူခွင့် မရသဖြင့် ပြည်ပတွင် သတင်းများကို ချဲ့ကား လိမ်ညာထုတ်ပြန်ခြင်းများ ရှိလာခြင်းဖြစ်ကြောင်း ၎င်းက ရှုမြင်သည်။

"သတင်းထောက်တွေကိုလည်း ဒီထက်ပိုပြီးတော့ သွားခွင့်ပေးသင့်တယ်။ လုံခြုံရေးလည်း ပေးသင့်တယ်။ ပေးမသွားလို့ သတင်းမှားတွေကို မဖြေရှင်းနိုင်ဘူး ဆိုတာမျိုး ဖြစ်ရတာပေါ့"ဟု ဦးအောင်သူငြိမ်းက သုံးသပ်သည်။

မောင်တောအကြမ်းဖက်မှု စတင် ဖြစ်ပွားချိန်က အပြစ်မဲ့ဘင်္ဂါလီ အရပ်သား များကို အစိုးရ လုံခြုံရေးအဖွဲ့များက အကြမ်းဖက်နေကြောင်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများက ထုတ်ပြန်ကြသည်။ အခင်းဖြစ်ရာနေရာများသို့ သွားရောက်ခွင့်မရသဖြင့် ယင်း စွပ်စွဲချက်မှာ ဟုတ်မဟုတ် မြေပြင်ကွင်းဆင်းသည့် သတင်းသမားများပင် စုံစမ်းရေးသားရန် အခွင့်မသာခဲ့ပေ။

ရခိုင်ပြည်နယ် မြောက်ပိုင်းကို လွတ်လပ်သောမီဒီယာများကို အတားအဆီးမရှိ သွားရောက်ခွင့်ပြုခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ မှန်၊ မမှန်ကို စမ်းသပ်ရန် နည်းလမ်းကောင်း တစ်ခုဖြစ်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ ဒါရိုက်တာ Andreas Indregardက မှတ်ချက်ပေးသည်။ သို့သော် ထိုကိစ္စကို မြန်မာအစိုးရက လက်တွန့်နေဆဲ ဖြစ်သည်။

မီဒီယာဟု ဆိုတိုင်းလည်း နိုင်ငံတကာက လက်ခံသူများဖြစ်ရန်လိုကြောင်း ပြောဆိုသူမှာ ၂၀၁၂ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ရေးကော်မရှင်တွင် ပါဝင်ခဲ့သူ ဦးသူရ(ဇာဂနာ)ဖြစ်သည်။ "ဒီပြဿနာရဲ့ အကြောင်းကို နှစ်နှစ်ကာကာ နက်နက်နဲနဲ သိဖို့လိုတယ်။ အဲဒီ လူတွေကို နိုင်ငံတကာက လက်ခံတဲ့လူတွေ ဖြစ်ဖို့လည်း လိုတယ်ဗျ"ဟု ၎င်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပြန်ကြားရေးဝန်ကြီး တာဝန်ယူခဲ့သူ ဦးရဲထွဋ်က ရခိုင်အပါအ၀င် နိုင်ငံ့ရေးရာ ကိစ္စများကို ပြည်တွင်းပြည်ပ မီဒီယာများနှင့် အဆက်မပြတ် ထိတွေ့ပြောဆိုခဲ့သည်။ Facebook ကို အသုံးချကာ အဆက်မပြတ် အသိပေးမှုများ ပြုလုပ်ခဲ့သည်။

လက်ရှိပြန်ကြားရေးဝန်ကြီးမှာ မောင်တောအကြမ်းဖက်မှု နောက်ပိုင်း သတင်းစာရှင်းလင်းပွဲ နှစ်ကြိမ် ပြုလုပ်ခဲ့ရုံမှအပ မီဒီယာများနှင့် ထိတွေ့ခြင်း နည်းပါးသည်။ ပြန်ကြားရေး အခန်းကဏ္ဍမှာလည်း မှေးမှိန်နေသည်ဟု ဝေဖန်မှုများ ရှိနေသည်။

အစိုးရ၏ သတင်းထုတ်ပြန်မှုမှာ နိုင်ငံတကာ မီဒီယာများကို မထိုးဖောက်နိုင်သဖြင့် နိုင်ငံတကာ၏ စွပ်စွဲခံနေရခြင်းဖြစ်ကြောင်း မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်မှ အဖွဲ့ဝင် ဒေါ်စောခင်တင့်က ပြောကြားသည်။
"အခုက နိုင်ငံတကာမီဒီယာမှာ အမြဲတမ်း ရှုံးနေတယ်" ဟု ၎င်းက ဆိုသည်။ "ရခိုင်အရေးနဲ့ ပတ်သက်လို့ သတင်းမှားတွေ ထွက်လာတိုင်း အဲဒီသတင်းကို တုံ့ပြန်နိုင်တဲ့ မီဒီယာအဖွဲ့တစ်ခုကို သီးသန့်  ဖွဲ့ထားနိုင်ရမယ်။ နိုင်ငံတကာ ထိုးဖောက်နိုင်မယ့်သူတွေကို အဖွဲ့ကို စပါယ်ရှယ်ဖွဲ့ပြီး လုပ်ရမယ် မဟုတ်ရင် မရဘူး" ဟုလည်း ၎င်းက တိုက်တွန်းသည်။

ပြန်ကြားရေးအပိုင်းတွင် အားနည်းချက်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် စင်ကာပူရောက် မြန်မာများနှင့် တွေ့ဆုံစဉ် ၀န်ခံထားသည်။ ပြန်ကြားရေးသာမက တစ်နိုင်ငံလုံးတွင် အားနည်းချက်မှာ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု အားနည်းခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ရခိုင်အရေးနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေးတွင် ပြန်ကြားရေးဝန်ကြီးဌာနက အဓိက အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက မြန်မြန်ဆန်ဆန် သတင်းထုတ်ပြန်နိုင်ရန် မြေပြင်အခြေအနေ၊ သတင်းအချက်အလက်များ ပေးပို့ခြင်းများကို ပြုလုပ်ပေးနေကြောင်း ဦးမျိုးမြင့်မောင်က ပြောကြားသည်။

စစ်အုပ်ချုပ်မှု အမွေဆိုးမှာ မြန်မာကို သက်ရောက်နေဆဲလော။
"နိုင်ငံတကာက မြန်မာနိုင်ငံကို  အရင်စစ်အစိုးရ ပုံစံအတိုင်းပဲ အခုအထိ မြင်နေတုန်းပဲ။ မယုံကြဘူး။ ယုံကြည်မှုရအောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရက အများကြီး ထိုးဖောက်ရဦးမယ်"ဟု ဒေါ်စောခင်တင့်က ပြောသည်။

ယင်းအပြင် နိုင်ငံတကာသို့ အစိုးရ ပွဲမတိုးစေသည့် အကြောင်းအရင်း တစ်ရပ်ရှိသည်။ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ပဋိပက္ခများနှင့် ပတ်သက်၍ သတင်းအမှားများကို ဖြန့်ချိရေး ကွန်ရက်ကြီးမှာ ကမ္ဘာတစ်ဝန်းလုံးမှာ ပျံ့နှံ့နေပြီဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

၁၉၉၀ နောက်ပိုင်း တပ်မတော် အစိုးရကို ဘုံရန်သူအဖြစ် ဆန့်ကျင်ခဲ့ချိန်မှ စတင်ကာ လူမျိုးအမည်တစ်ခုကို အမာခံပြုပြီး တည်ဆောက်ထားခဲ့သည့် ယင်းကွန်ရက်မှာ နိုင်ငံတကာ မီဒီယာများသာမက  နိုင်ငံတကာ အဖွဲ့အစည်းများအထိပါ  နက်နက်ရှိုင်းရှိုင်း ထိုးဖောက် နေရာယူထားပြီးဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

မောင်တောဒေသ အကြမ်းဖက်မှုများကို ထိထိရောက်ရောက် စစ်ဆင်ရေး ဆောင်ရွက်ရာတွင် အနှစ်နှစ်အလလ တည်ဆောင်ထားသည့် မွတ်ဆလင် လော်ဘီများ၏ သတင်းမှား ဖြန့်ချိရေးကွန်ရက်မှာ သတင်းအချက်လက်မျိုးစုံ ဖြန့်ချိလာသဖြင့် အစိုးရကို နိုင်ငံတကာက သံသယများစွာ ဖြစ်ခံရကြောင်း ၎င်းက ဆိုသည်။

ရိုဟင်ဂျာအရေး လှုပ်သူများမှာ နိုင်ငံတကာမီဒီယာများ၊ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများကို  ဆယ်စုနှစ်ချီပြီး ချည်းကပ်ကာ နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းနေသဖြင့် အစိုးရ၏ သတင်းထုတ်ပြန်မှု အရာမထင်ခြင်းလည်းဖြစ်သည်။ အစိုးရ သတင်းထုတ်ပြန်မှု အရေးကြီးသကဲ့သို့ လော်ဘီလုပ်တတ်ရန်လည်း  ပိုအရေးကြီးသည်။

"ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့  နိုင်ငံတကာမှာ လော်ဘီအဖွဲ့တွေရှိတယ်။ နိုင်ငံတကာမှာ လော်ဘီအုပ်စုက အများကြီး သြဇာကြီးပါတယ်"ဟု ဦးအောင်သူငြိမ်းက ပြောဆိုသည်။

"အဲဒါဆိုလို့ရှိရင် နိုင်ငံခြားရေး ၀န်ကြီးဌာနက လက်ဦးမှုယူပြီးတော့ တန်ပြန်နိုင်အောင်ပေါ့နော်။ ကိုယ့်ဘက် ကလည်း ဘယ်လို လော်ဘီလုပ်မလဲ။ ဒါမျိုးကို ပိုပြီး လုပ်သင့်တယ်ထင်တယ်"ဟု  ၎င်းကဆက်ပြောသည်။

နိုင်ငံတကာမီဒီယာများက သတင်းအလွဲများ ဖော်ပြမှုမှာ မြန်မာပုံရိပ်ကို ပိုမိုထိခိုက်စေခဲ့သည်။ အခြားနိုင်ငံများတွင်  ဖြစ်ပွားခဲ့သည် ဖြစ်ရပ်များကို မောင်တောတွင် ဘင်္ဂါလီများ အကြမ်းဖက်ခံရသည်ဟု ဆိုကာ သတင်းမှားများကို နိုင်ငံတကာ မီဒီယာများက ဖော်ပြခဲ့ကြသည်။ယင်းအနက် ဗြိတိန်သတင်းဌာန Daily Mail နှင့် စင်ကာပူအခြေစိုက် The Independent  သတင်းဌာနတို့ကို မြန်မာအစိုးရ တရားစွဲဆိုရန် ပြင်ဆင်နေသည်။

ကလေးငယ်တစ်ဦးကို လျှပ်စစ်ဓာတ်အားသုံး တုတ်ဖြင့် ထိုးနှက်နှိပ်စက်နေသည်ကို မောင်တောတွင် ဘင်္ဂါလီ ကလေးငယ်ကို လုံခြုံရေးတပ်ဖွဲ့များက  ကျူးလွန်သည်ဟုဆိုကာ ဗီဒီယိုဖိုင်ဖြင့်  Daily Mail ထုတ်လွှင့်ခဲ့သည်။ ယင်းဖြစ်ရပ်မှာ ကမ္ဘောဒီယားက ဖြစ်ရပ်ဖြစ်သည်ဟု ရက်ပိုင်းအကြာတွင် AFP နှင့် အခြား သတင်းဌာနအချို့က ဖော်ပြခဲ့ကြသည်။

နိုင်ငံတကာမီဒီယာများ၊ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများက ထုတ်ပြန်ပြောဆိုရာတွင် သတင်းမှားများ ဖြစ်နေသည်ကို တွေ့ရသည်ဟု ပြောဆိုပြီး ယင်းအပေါ် ဦးသူရက အောက်ပါအတိုင်းပြောဆိုသည်။

"ဒါက နှစ်မျိုးဖြစ်နိုင်တယ်။ ရိုးရိုးသားသား မြင်သလို ရေးတာဖြစ်နိုင်တယ်။  ကျွန်တော်တို့ မြင်တာနဲ့ အနောက်နိုင်ငံက မြင်တာနဲ့ မတူတာများတယ်။ ဒုတိယ အချက်က မြန်မာပြည်ထဲမှာ ပြဿနာတစ်ခုခု ရှိနေတယ်ဆိုတာကို ပြောနေလေလေ သူတို့အတွက် ပိုက်ဆံရနေလေလေပဲ။ အဲဒီရည်ရွယ်ချက်တွေနဲ့ အလုပ်လုပ်နေတယ်လို့လည်း မြင်ပါတယ်"

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီလီအား မြန်မာနိုင်ငံအခြေအနေကို အကြိမ်ကြိမ် ရှင်းပြခဲ့သော်လည်း လက်ခံခြင်း မရှိကြောင်း ဦးဇာကနာက ပြောဆိုသည်။  "ဘယ်လိုပဲ ရှင်းပြရှင်းပြ နားမထောင်ဘူး။ သူတို့ကိုယ်တိုင်က မြန်မာပြည်ထဲမှာ ပြဿနာတစ်ခုခု ရှိနေချင်ပုံရပါတယ်" ၎င်းကဝေဖန်သည်။

အစိုးရတွင် နိုင်ငံစွပ်စွဲချက်ကို ဖြေရှင်းရန် အချက်သုံးချက်ရှိသည်။

တစ်ချက်က အာဆီယံနိုင်ငံများကို ရခိုင်ပြည်နယ် အခြေအနေရှင်းပြခြင်းဖြစ်သည်။ ယင်းကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြုလုပ်ပြီးပြီဖြစ်သည်။

ဒုတိယအချက်က သတင်းမီဒီယာများကို အကြမ်းဖက်မှုများ ဖြစ်ပွားရာ ဒေသသို့စေလွှတ်၍ သတင်းမှန်များ ရယူစေခြင်းဖြစ်ပြီး ပထမအကြိမ်အဖြစ် သတင်းမီဒီယာအဖွဲ့ ၁၃ ခုကို သွားရောက် သတင်းယူခွင့်ပြုခဲ့သည်။ မီဒီယာအဖွဲ့များကို ထပ်မံစေလွှတ်ရန်လည်း စီစဉ်ထားသည်။  

တတိယအချက်မှာ သီးခြားလွတ်လပ်သည့် နိုင်ငံတကာ အဖွဲ့အစည်းများကို ယင်းနေရာများသို့ သွားရောက်ခွင့်ပြုထားခြင်း ဖြစ်သည်။

"နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သဘောထားတွေပေါ့။ ဒေသတွင်း နိုင်ငံတွေရဲ့ သဘောထားတွေ။ မီဒီယာတွေရဲ့ ပြောတာတွေက ကျွန်တော်တို့  မှန်လား မမှန်လား။ တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုသွားမယ်"ဟု  ဦးဇော်ဌေးက ပြောဆိုသည်။

မြန်မာအစိုးရကို သက်သာရာ ရစေမည့် အကြောင်းတစ်ခုရှိသည်။ နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့် ကြည့်ရေးအဖွဲ့ (ICG) အစီရင်စာကြောင့် ဖြစ်သည်။ မောင်တောအကြမ်းဖက်မှုနှင့်  ပတ်သက်၍ လေ့လာသုံးသပ်ထားသည့် 'ရခိုင်ပြည်နယ်မှ မွတ်ဆလင်ထကြွမှု ပုံစံသစ်' အမည်ရ အစီရင်ခံစာဖြစ်သည်။  မြန်မာအစိုးရကို သတိပေးထားသည့် အချက်များလည်း ပါဝင်သည်။

မောင်တော အကြမ်းဖက်မှု လက်သည်မှာ Harakah al- Yaqin ဆိုသည့် အစွန်းရောက်အဖွဲ့ဖြစ်သည်။  ယင်းအဖွဲ့ကို ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခအပြီးတွင်ဖွဲ့စည်းခဲ့ပြီး ဆော်ဒီ အာရေဗျနိုင်ငံ မက္ကာမြို့တော်အခြေစိုက် မွတ်ဆလင်အဖွဲ့အစည်းက ထိန်းချုပ်နေကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။

မြန်မာအစိုးရက မောင်တောအကြမ်းဖက်မှု ကျူးလွန်သည့်အဖွဲ့မှာ တာလီဘန် အကြမ်းဖက်မှုသင်တန်းဆင်း ဟာဗစ်တူဟာရ်ဆိုသူ ဦးဆောင်သည့် Aqa  Mul Mujahidin အဖွဲ့ဟု ဆိုသည်။

ICG အစီရင်ခံစာနှင့် မြန်မာအစိုးရ ထုတ်ပြန်ချက်မှာ ကိုက်ညီနေပြီး အဖွဲ့အမည်သာ ကွဲလွဲမှုရှိကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။ "တချို့ကပြောတာက အဖွဲ့နာမည်  ကွဲလွဲနေတယ်။ ကွဲလွဲမှာပဲ၊ ကျွန်တော်တို့ရတာက အောက်ခြေမှာရှိတဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တွေရဲ့ဆီက ဖြစ်တယ်။ သူတို့ ပြောတာက နိုင်ငံတကာကနေ ထိန်းချုပ်နေတဲ့အဖွဲ့က ပြောတာပေါ့နော်" ဟု ၎င်းကဆိုသည်။  ICGအစီရင်ခံစာမှာ မောင်တော အကြမ်းဖက်မှုနှင့် ပတ်သက်၍ နိုင်ငံတကာကို ရှင်းလင်းရာတွင် အထောက်အကူပြုကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

မောင်တာအကြမ်းဖက်မှုကို အဖြေရှာရန် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို သမ္မတက ဖွဲ့စည်းပေးခဲ့သည်။ ကော်မရှင်၏ တာဝန်ထဲတွင် ပြည်ပမှ စွပ်စွဲမှု မှန်ကန်မှု ရှိ မရှိ စစ်ဆေးရန်အချက်လည်း ပါဝင်သည်။ ယင်းကော်မရှင်မှာလည်း နိုင်ငံတကာ ထောက်ခံမှုမရ။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်ကို မှန်ကန်ကြောင်း ထောက်ခံရန် ယင်းကော်မရှင်ကို အစိုးရက ဖွဲ့စည်းပေးခြင်းဖြစ်ပြီး အစိုးရက နိုင်ငံတကာက စွပ်စွဲသကဲ့သို့ လူမျိုးတုံးသတ်ဖြတ်မှု၊ လူ့အခွင့် အရေးချိုးဖောက်မရှိလျှင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ မီဒီယာများကို လွတ်လွတ်လပ်လပ် ခွင့်ပြုရမည်ဖြစ်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းအချို့က ထုတ်ပြန်ထားသည်။

နိုင်ငံတကာရှုမြင်ပုံကို ပြောင်းလဲနိုင်ရန် အာနန်ကော်မရှင်ကရော စွမ်းနိုင်မည်လော။

နိုင်ငံတကာတွင် ထင်ရှားသည့်  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်သည့်  ကော်မရှင်မှာ မောင်တောအကြမ်းဖက်မှု မတိုင်ခင်က ဖွဲ့စည်းပေးခဲ့သည်။
ကော်မရှင်အနေနှင့် ဘက်မလိုက်ဘဲ မျှတပြည့်စုံသည့် အစီရင်ခံစာ တစ်စောင် တင်ပြနိုင်ရန် လုပ်ဆောင်နေကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ ဒါရိုက်တာ Andreas Indregard က  ပြောကြားသည်။

"မွတ်ဆလင်နဲ့ ရခိုင်အသိုက်အ၀န်းတို့နဲ့ တွေ့ဆုံဆွေးနွေးတဲ့ အရေအတွက်ကို တူညီစေဖို့ စနစ်တကျ လုပ်ဆောင်နေပါတယ်။ အဲလိုလုပ်ဆောင်ရာမှာ ကော်မရှင် အနေနဲ့ ရခိုင်အသိုက်အ၀န်းကော မွတ်ဆလင် အသိုက်အ၀န်းကနေပါ သတင်းအချက်အလက်နဲ့ အကြံဥာဏ်တွေ ညီမျှစွာရရှိနေပါတယ်"ဟု ၎င်းကဆိုသည်။

သို့သော်လည်း ယင်းကော်မရှင်ကို  ရခိုင်ပြည်နယ်ပြဿနာကို အဖြေရှာပြီး  အကြံပြုရန် အခက်အခဲအချို့ ရှိနေသည်။  ကော်မရှင်တွင် ကိုဖီအာနန်အပါအ၀င် နိုင်ငံတကာက ပုဂ္ဂိုလ်သုံးဦးပါဝင်ခြင်းကို ရခိုင်လူမျိုးအများအပြား သဘောမကျ။  ကော်မရှင်ကို ဘင်္ဂါလီလူမျိုးများက  အပြည့်အ၀ ပူးပေါင်းသော်လည်း ရခိုင်လူမျိုးများက အနည်းငယ်သာ ပူးပေါင်းသဖြင့် အခက်အခဲရှိကြောင်း အဆိုပါ ကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်က ပြောဆိုသည်။ ဒေါ်စောခင်တင့်မှာ ရခိုင်အမျိုးသမီးဖြစ်သည်။

"ရခိုင်ဘက်ကလူငယ်တွေ လူကြီးတွေကို မနည်းဆွဲခေါ်နေရတယ်။ ကန့်လန့် ခံနေကြတယ်။ ဆန္ဒပြနေကြတယ်။ မပူးပေါင်းဆိုပြီးတော့ တိုက်ထုတ်နေကြတယ်"  ဟု ၎င်းကဆိုသည်။

မောင်တောတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှု ဖြစ်စဉ်သည် နိုင်ငံတကာ မျက်နှာစာတွင် ဘင်္ဂါလီလူမျိုးများ  လူမျိုးသတ်ဖြတ်ခံရမှုအဖြစ် အသွင်ပြောင်းသွားသည်။ လုံခြုံရေးအဖွဲ့ဝင်များ မွတ်ဆလင် အမျိုးသမီးများကို မုဒိမ်းကျင့်နေသည်။  နေအိမ်ကျေးရွာများကို မီးရှို့နေသူများအဖြစ် စွပ်စွဲခံနေရသည်။

အစိုးရက ငြင်းချက်ထုတ်သော်လည်း အရာမထင်။ ယင်းအခြေအနေမျိုးတွင် နိုင်ငံတကာကို ပေါက်ရောက်အောင် ပြောဆိုပေးနိုင်မည့် ကော်မရှင်နှင့် ရခိုင်လူမျိုးများ မပူးပေါင်းလျှင် ရခိုင်လူမျိုးများ နစ်နာမည်ဖြစ်ကြောင်း ဒေါ်စောခင်တင့်က ပြောဆိုသည်။

"မပူးပေါင်းရင် ရခိုင်အတွက်  တော်တော်ကို နစ်နာတယ်။ မပူးပေါင်းရင် အောင်မြင်မှုနည်းမယ်။ ပူးပေါင်းရင် အောင်မြင်မှုများမယ်။ ခရီးအရင်ရောက် မယ်။ အဲဒါပဲ" ဟု ၎င်းက ပြောဆိုသည်။

မောင်တောအကြမ်းဖက်မှု အခြေ အနေအပေါ် နိုင်ငံတကာဖိအားများနှင့်  ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ ဗဟို အလုပ်မှုဆောင် ကော်မတီဝင် ဦးဖေသန်းကမူ အကြမ်းဖက်သမားများကို အစိုးရက မထိနိုင်အောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရှုမြင်သည်။ "ကိုယ်ကပဲ အကြမ်းဖက်တာ ခံရမယ်။ ကိုယ့်ဘက်က ပြန်ရှင်းဖို့ တော်တော်ကို ခက်ခဲတဲ့အနေအထား ဖြစ်နေတယ်"  ဟု ၎င်းက ပြောဆိုသည်။

ကမ္ဘာပေါ်တွင် အဖိနှိပ်ခံရဆုံးလူမျိုး တစ်မျိုးအဖြစ် ဆယ်စုနှစ်ချီ ပုံဖော်ခံထားရပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် ပေါက်ရောက်နေသည့် ဘင်္ဂါလီများအရေးကို မြန်မာအစိုးရက တုံ့ပြန်နိုင်ပါ့မည်လား။  ဦးအောင်သူငြိမ်း၏ အဆိုအရဆိုလျှင်  လော်ဘီလုပ်တတ်ရန် လိုနေပြီဖြစ်
သည်။

Sources; The Voice

No comments:

Post a Comment