Latest News

Sunday, December 18, 2016

ရခိုင်ပြည်နယ်အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရန်ကုန်တွင် တွေ့ဆုံဆွေးနွေး


ရခိုင်ပြည်နယ်အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရန်ကုန်တွင် တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်အရေး အပါအဝင် တခြားကိစ္စရပ်တွေကို အလွတ်သဘောဆွေးနွေးဖို့ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက် မနက် ၉ နာရီကစပြီး ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။

ဒီအစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ပြီး ရခိုင်ပြည်နယ်က ပဋိပက္ခတွေအကြောင်း ရှင်းလင်း ဆွေးနွေးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောခွင့်ရ ဒု-ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ပြောပါတယ်။

“Retreat ဆွေးနွေးပွဲရဲ့ ထုံးစံက ဝန်ကြီးတွေက သူတို့ဆွေးနွေးချင်တဲ့ဟာပေါ့၊ သူတို့ စိတ်ဝင်စားတဲ့ အရေးကိစ္စ ဘာမဆို လွတ်လွတ်လပ်လပ်၊ တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးလို့ရအောင် ခေါ်ထားတာဆိုတော့ သူတို့ဆွေးနွေးမယ့် အကြောင်းအရာ အကုန်လုံး သူတို့ယူလာလို့ရတယ်။ ဒါပေမယ့် ရခိုင်ကိစ္စပါမယ်ဆိုတာတော့ မှန်းပြီးသားပေါ့။ ကျမတို့ဝန်ကြီးကလည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျမတို့ဆောင်ရွက်နေတာတွေကို သူတို့ကို နားလည်အောင် ရှင်းပြမှာပေါ့။”

အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေအားလုံးကို ဖိတ်ခေါ်ထားပြီး ဆွေးနွေးပွဲဟာ နာရီပိုင်းလောက်ပဲ ကြာမှာဖြစ်တဲ့အကြောင်းနဲ့ အလွတ်သဘော ဆွေးနွေးမှာဖြစ်တဲ့တွက် ဆွေးနွေးပွဲပြီးရင် ထုတ်ပြန်ကြေညာဖို့ မရှိဘူးလို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ဖိအားတွေနဲ့ စွပ်စွဲပြောဆိုမှုတွေ မြင့်တက်နေချိန်မှာ ခုလို အာဆီယံဒေသတွင်းနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကို မြန်မာနိုင်ငံကို ဖိတ်ခေါ်တွေ့ဆုံဆွေးနွေးတာ ဖြစ်ပါတယ်။

Sources : DVB

No comments:

Post a Comment