Latest News

Thursday, December 22, 2016

မန္တလေးသတင်းများသိရှိနိုင်ရန် 1882 သို့ မေးမြန်းနိုင်ပြီ

မန္တလေးသတင်းများသိရှိနိုင်ရန် 1882 သို့ မေးမြန်းနိုင်ပြီ


ဒီဇင်ဘာ ၂၂၊ ၂၀၁၆

မန္တလေးတိုင်းအစိုးရအဖွဲ့၊ စည်ပင်ကော်မတီများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ သိရှိလိုပါက တမိနစ်လျှင် ၂၀၀ ကျပ်ဖြင့် ခေါ်ဆိုမေးမြန်းနိုင်သည့် ဆက်သွယ်ရေးစင်တာ (Call Center) ကို ဒီဇင်ဘာ ၂၁ ရက်က စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ဆက်သွယ်ရေးစင်တာ၏ Hot Line နံပါတ်မှာ 1882 ဖြစ်ကာ ၂၄ နာရီ အချိန်ပြည့် သတင်းအချက် အလက် ၀န်ဆောင်မှု ဖြစ်သည်။ ဝန်ဆောင်မှုကို MPT ဆင်းကဒ်နံပါတ်ဖြင့်သာ ဆက်သွယ် မေးမြန်းနိုင်မည် ဖြစ်ကြောင်း  ၀န်ဆောင်မှုပေးမည့် Blue Ocean ကုမ္ပဏီ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောသည်။

Hot Line နံပါတ်တွင် အလိုအလျောက်ဖြေကြားသည့် နံပါတ် ၄ ခု ပါရှိမည်ဖြစ်ကာ မန္တလေးတိုင်းအစိုးရ အဖွဲ့၏ သတင်း အချက်အလက်များ သိရှိလိုပါက နံပါတ် ၁ ကို လည်းကောင်း၊ စည်ပင်နှင့် ပတ်သက်သည့် ပါက နံပါတ် ၂ ၊ အထွေထွေမေးမြန်းလိုပါက နံပါတ် ၃ ၊ အကြံပြုလိုပါက နံပါတ် ၄ ကို ရွေးချယ်ပေးရမည်ဟု ၄င်းက ရှင်းပြသည်။

“မိုးလေ၀သသတင်းက အစ စည်ပင်မှာ လျှောက်လွှာတင်ရင် ဘာတွေလိုအပ်သလဲ ဆိုတာအထိ အခြေအနေ အရပ်ရပ်ကို Up to date သိနိုင်ဖို့အတွက် ဖုန်းလေးတချက်ဆက်ရုံနဲ့ ရပါတယ်” ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကပြော သည်။

သတင်းအချက်အလက် ၀န်ဆောင်မှုသာမက ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်သည့် ဗေဒင်၊ ဘောလုံး၊ အလုပ်အကိုင်ရှာဖွေရေး၊ ကုန်စည်ဈေးကွက်၊ ဒေါ်လာဈေး စသည့် အချက်အလက်တို့ကိုပါ မေးမြန်းနိုင်သည့် 1885 ဟော့လိုင်းနံပါတ်ကိုပါ တပ်ဆင်ထားကြောင်း၊ စင်တာ၏ Pilot project အနေဖြင့် MPT ဆင်းကဒ် မှတ်ပုံတင်ခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Sources : The Irrawaddy : မြတ်ပြည့်ဖြိုး

No comments:

Post a Comment