Latest News

Monday, August 15, 2016

ရန်ကုန်-ပုသိမ် ကားလမ်းရှိ ဒါးကလမ်းပိုင်း ရေနစ်မြုပ်နေမှုကြောင့် သွားလာဆက်သွယ်ရေး ပြတ်တောက်


ဓာတ်ပုံ - မင်းသူဝင်းထွဋ်

ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိနေရာ ဒါးကလမ်းပိုင်းတွင် ရေနစ်မြုပ်နေမှုကြောင့် ရန်ကုန်-ပုသိမ် ကားလမ်းဖြင့် ပုံမှန်အတိုင်း သွားလာနေမှုများ ပြတ်တောက်မှု ရှိနေပြီး အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း အဝေးပြေးလမ်းမ လမ်းပေါင်းနှစ်ဆယ်ကျော်မှာ ရေကျော်ဝင်ရောက်နေပြီး ပုသိမ်-မုံရွာ လမ်းမကြီးတွင် ဆက်သွယ်ရေးများပါ ပြတ်တောက် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပြည်ထောင်စု လမ်းမကြီးများပါ အပါအဝင် ခရိုင်ချင်းဆက်လမ်းနှင့် မြို့ချင်းဆက်လမ်းပေါင်း ၂၀ မှာ ရေကျော်ဝင်ရောက်နေပြီး ပုသိမ်-မုံရွာ ကားလမ်းမကြီးတွင် ကန်ကြီးထောင့်မြို့နှင့် ကျောင်းကုန်းမြို့ကြား၌ ဒါးကလမ်းပိုင်း အနီးတွင် ရေတစ်ပေမှ လေးပေခွဲခန့်အထိ ရေကျော်ဝင်ရောက် နေသောကြောင့် လမ်းပန်းဆက်သွယ်ရေးများပါ ပြတ်တောက်လျက် ရှိနေကြောင်း သိရသည်။

သြဂုတ်လ ၁၀ ရက်နေ့ခန့်မှ စတင်ကာ ပုသိမ်-မုံရွာ ကားလမ်းမပေါ်သို့ ရေကျော်ဝင်ရောက်နေပြီး ကျောင်းကုန်းမြို့နှင့် ကန်ကြီးထောင့်မြို့အကြား ၁၁မိုင်ခန့်မှာ ရေများဖုံးလွှမ်း နေခဲ့ကြောင်း၊ သြဂုတ်လ ၁၂ ရက်နေ့မှ စတင်ကာ ရေများထပ်မံ မြင့်တက်လာခြင်း လမ်းမပေါ်တွင် ရေစီးများ ကြမ်းတမ်းနေခြင်းကြောင့် အိမ်စီးကားများ ကုန်တင်ကားငယ်များ ခရီးသည်တင် ကားငယ်များ လုံးဝဖြတ်သန်းသွားလာ၍ မရရှိတော့ပဲ ကုန်တင်ကားကြီးများသာ သွားလာရလျက်ရှိကာ ရေများဖုံးလွှမ်း နေမှုကြောင့် လမ်းများပိတ်ဆို့နေသည်အထိ ဖြစ်ပွားနေရကြောင်း တွေ့ရှိရသည်။

“ကျွန်တော်တို့ ၂၂ ပေကားတောင်မှ ဘီးမြုပ်ပြီးတော့ ခြေနင်းအထိ ရေရောက်တယ်။ အရင်ရက်က ကားလေးတွေကို ရှေ့ကနေဆွဲပြီးတော့ သွားလို့ရသေးတယ်၊ ဒီရက်ကထဲကတော့ လုံးဝမရတော့ဘူး ရေစီးကပါ ကြမ်းနေပြီးတော့ ကားလမ်းမပေါ်မှာလဲ ဗေဒါတွေကြီးပဲလေ၊ လမ်းဘေးတွေမှာလဲ ရေကြီးလို့ လာနေရတဲ့ လူတွေလည်း ရှိနေတော့ အရမ်းသတိထား မောင်းရတာ၊ ကားလမ်းကတော့ ဖြည်းဖြည်းပဲ သွားရတော့ ပိတ်နေတာပေါ့ ဒါးကနဲ့ ကျောင်းကုန်းကို သုံးနာရီလောက် သွားနေရတယ်" ဟု ရေဘေးသင့် ပြည်သူများအား ဆန်အိတ်များ သွားရောက်ပို့ဆောင်သည့် ကားဆရာတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင် လမ်းမကြီးပေါင်း ၂၀ ကျော်မှာ ရေဝင်ရောက်နေပြီး လမ်းပိုင်း ၆ ခုမှာ ရေပြန်လည် ကျဆင်းနေပြီဖြစ်ကြောင်း ရေကျော် ဝင်ရောက်နေသည့် လမ်းပိုင်းများအနက် ပုသိမ်-မုံရွာ လမ်းမကြီးမှာ အဆိုးဆုံးဖြစ်ကြောင်း သိရသည်။

“လမ်းပေါင်း ၂၀ ရေဝင်သွားတယ် အခုတော့ ၆ လမ်းက ရေပြန်ပေါ်နေပြီ ရေပေါ်နေတဲ့ လမ်းတွေကို ပြန်ပြင်ဖို့ လုပ်နေပါတယ်၊ ပုသိမ်-မုံရွာ လမ်းကတော့ ရေကဒီနှစ်မှာ ပိုဝင်သွားတော့ ကားလေးတွေတော့ ဖြတ်မရတော့ပါဘူး၊ ရေဘေး အလှူကားတွေကို မရမ်းလမ်း (ပန်းတနော်-ဝါးခယ်မ-အိမ်မဲ-မြောင်းမြ-ပုသိမ်လမ်း) ကနေ ဖြတ်သန်းခွင့် ပေးထားပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ တိုင်းအဆင့် တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးမြင့်ကြည်က ပြောသည်။

“ဒီနှစ် ဒါးကလမ်း ရေကျော်တာ စံချိန်တင်ပဲခင်ဗျ။ အရင်ကဆို ကျွန်တော်တို့ ကားကြီးတွေက ဖြတ်လို့ရတယ်။ အခုက မဖြတ်ရဲတော့ဘူး။ ကားထိသွားမှာရော ခရီးသည်တွေ လုံခြုံရေးရော စိုးရိမ်ရတယ်။ အုံနာကလဲ မဖြတ်ခိုင်းတော့ ကျွန်တော်တို့က မြောင်းမြ-အိမ်မဲ ဘက်ကနေ ပြန်ပတ်ရတယ်။ ဒါ ကျွန်တော့် ကားမောင်းသက်တမ်း တစ်လျှောက်မှာ စံချိန်တင်ပဲ” ဟု ပုသိမ်-ရန်ကုန် ခရီးသည်တင် မော်တော်ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

ထို့ကြောင့် ရန်ကုန်မြို့မှ ပုသိမ်မြို့သို့ သွားလာရာတွင် ကျောင်းကုန်းမြို့အကျော် ကံကလေးလမ်းဆုံမှ ဒါးကမြို့နယ်ခွဲ အကျော်၊ ကံကြီးထောင့်အထိ ကားလမ်းမပေါ်တွင် ရေတစ်ပေမှ လေးပေခွဲထိ ရေလျှံနေကြောင်း သိရသည်။

"၂၂ ပေ အထက် ကားကြီးတွေပဲ သွားလို့ရတော့တယ်။ အိမ်စီးကားတွေ လုံးဝ သွားလို့ မရတော့ဘူး။ ပုသိမ်ကို သွားမယ်ဆိုရင် ပန်းတနော်မြို့နယ် အကျော်က ၀ါးခယ်မလမ်းခွဲအတိုင်းသွားပြီး အိမ်မဲလမ်း (မရမ်းလမ်း) ကနေပြီး မြောင်းမြ-ကံကုန်း လမ်းခွဲအတိုင်း ပုသိမ်ကို ဆက်သွားရမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ရန်ကုန်ကနေ ပုသိမ်ကို ပုံမှန်လမ်းမကြီးအတိုင်း သွားလာမှုတွေ ပြတ်တောက်နေပါပြီ။ ပုံမှန်ဆိုရင် ရန်ကုန်-ပုသိမ် ကားလမ်းအတိုင်းသွားရင် ကျောင်းကုန်းမှ ကန်ကြီးထောင့်ထိ ၁ နာရီနီးပါး သွားရပေမယ့် အခုဆိုရင် ကားကြီးတွေတောင် သုံးနာရီခွဲလောက် သွားနေရတယ်။ ရေကျော်နေတဲ့ လမ်းပေါ်မှာ ဗေဒါပင်တွေပါ ရောက်နေတယ်။ လမ်းနယ်နိမိတ်ပြ ၀ါးလုံးတိုင်နဲ့ တိုင်ကီတွေပါ ရေထဲမျောနေပြီး လမ်းပျောက်နေတယ်။" ဟု ပုသိမ်ဒေသခံ တစ်ဦးက သြဂုတ် ၁၅ ရက်နေ့က ပြောပါသည်။

ဒါးကကျေးရွာအနီး ရေကျော်နေမှုကြောင့် ရွှေပါရမီ ဆေးခန်းအနီးတွင် ပုသိမ်မှ ရန်ကုန်သို့ ထွက်ခွာမည့် ကားများ လမ်းပိတ်ဆို့မှု ဖြစ်နေပြီး အဆိုပါ ၀န်းကျင်တွင် ကားအစီးရေ ငါးဆယ်ခန့် ပိတ်မိနေကြောင်းလည်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်နေဆဲဖြစ်သည့် ပုသိမ်၊ သာပေါင်း၊ ကျောင်းကုန်း၊ ကျုံပျော်၊ ရေကြည်၊ အသုတ်၊ ငသိုင်းချောင်း၊ ကန်ကြီးထောင့် မြို့နယ်များရှိ မြို့နယ်ချင်းဆက် လမ်းများတွင် မြို့ချင်းဆက် လမ်းများအား ကတ္တရာလမ်းမများအဖြစ် အဆင့်မြှင့်တင်ပြီးသည့် အချိန်မှစတင်ကာ စံချိန်တင်အဖြစ် ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ်နေပြီး ရေဘေးသင့် ပြည်သူများအတွက် အကူအညီပေးအပ်မှုများ ပြုလုပ်ရန်မှာ မော်တော်ယာဉ်ငယ်များ သွားလာ၍ မရရှိသောကြောင့် ခက်ခဲမှုများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ကျောင်းကုန်း-အိမ်မဲ ကားလမ်းမပေါ်တွင်လည်း ရေအနက် တစ်ပေသုံးပေခွဲခန့်ထိ ရေကျော်ဝင်ရောက်နေပြီး မော်တော်ယာဉ်များ သွားလာ၍ မရတော့ကြောင်း၊ ပုသိမ်-ချောင်းသာ-သာပေါင်း လမ်းမတစ်လျှောက်တွင်လည်း ရေကျော် ၀င်ရောက်နေမှုကြောင့် သာပေါင်းမြို့ပေါ်သို့ အရောက် အိမ်စီးကားငယ်များ သွားလာ၍ မရရှိနိုင်တော့ဘဲ အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။
EMG

No comments:

Post a Comment