Saturday, July 23, 2016
ဧရာဝတီတိုင်း၏ အကြီးဆုံး အရက်ချက်စက်ရုံ လည်ပတ်မှု ရပ်ရန် ညွှန်ကြား
စည်သူမောင်မောင်
၂၃-ဇူလိုင်၊ ဧရာဝတီ
ဧရာဝတီတိုင်းအတွင်း အကြီးဆုံး အရက်ချက် စက်ရုံဖြစ်သော
မြန်အောင်မြို့နယ်၊ ရောင်နီ အရက်ချက်စက်ရုံသည် စွန့်ပစ်ပစ္စည်းများအား သတ်မှတ်ထားသည့် စံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်ခြင်း မပြုနိုင်သေးသည့် အချိန်အထိ စက်ရုံလည်ပတ်ခြင်းအားရပ်ဆိုင်းထားရန်
ဧရာဝတီတိုင်းဒေသကြီး အဖွဲ့က ဇူလိုင်လ၂၁ရက်တွင် ညွန်ကြားချက် ထုတ်ပြန်ခဲ့သည်။
ဧရာဝတီတိုင်း လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းဌေး ဇွန်လ ၅ ရက်က စက်ရုံသို့ သွားရောက်စစ်ဆေးပြီးနောက် “စက်ရုံကို ကျွန်တော်နဲ့အတူ ပြင်ပပညာရှင်တွေနဲ့
သွားရောက်စစ်ဆေးပြီး ဖြစ်ပါတယ်၊ရေသိုးများကို သန့်စင်မှုမလုပ်ပဲ ချောင်းမြောင်းထဲကို စွန့်ပစ်နေတာ တွေ့ရပါတယ်၊ စက်ရုံ သတ်မှတ်စံချိန် စံနှုန်းတွေနဲ့ မလုပ်လို့ လည်ပတ်မှုကို ခေတ္တရပ်ဆိုင်းခိုင်းတာပါ” ဟု
မဇ္ဈိမသို့ပြောသည်။
“စက်ရုံ ရေသိုးထုတ်လုပ်မှုတွေ ပြည်သူတွေ ထိခိုက်မှုမရှိအောင် စက်ရုံက ပြန်လုပ်ဆောင်မယ်၊ စံနှုန်းတွေလိုက်နာဆောင်ရွက်မယ်ဆို ပြန်လုပ်ပိုင်ခွင့်ရမှာပါ” ဟုလည်း ဝန်ကြီးကဆိုသည်။
မြန်အောင်မြို့နယ်၊ ရောင်နီ အရက်ချက်စက်ရုံအား စွန့်ပစ်ပစ္စည်းများအား သတ်မှတ်ထားသည့် စံချိန်စံနှုန်း များနှင့်အညီ ဆောင်ရွက်ခြင်းမပြုနိုင်သေးသည့် အချိန်အထိ စက်ရုံလည်ပတ်ခြင်းအား ရပ်ဆိုင်းထားရန် မြန်အောင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်က
ဇွန်လ ၃၀ရက် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရသို့ တောင်းဆို ခဲ့သေးသည်။
“ရောင်နီ အရက်ချက် စက်ရုံမှ ရေဆိုးအညစ်အကြေးများနှင့် အန္တရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများကြောင့် အနံဆိုးများ ထွက်ပေါ်နေမှု၊ ဓါတု အက်စက်များပါဝင်သည့် စွန့်ပစ်ပစ္စည်းများအား တာဝန်မဲ့ စွန့်ပစ်နေခြင်းများ သဘာဝပတ်ဝန်ကျင် အင်းအိုင်ချောင်းမြောင်းများ ညစ်ညမ်းမှု၊ မြို့ပေါ်ရပ်ကွက်နှင့် အနီးပတ်ဝန်ကျင်ကျေးရွာအုပ်စုများရှိ ပြည်သူများ လူနေမှုဘဝနှင့် ကျန်းမာရေးကို ထိခိုက်လျှက်ရှိသည့်
အခြေအနေများ ဖြစ်ပေါ်နေကြောင်း"ဟု မြန်အောင်မြို့နယ်တိုင်းဒေသကြိးကိုယ်စားလှယ်ဒေါ်စုစုအောင်က
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။
စက်ရုံလည်ပတ်ရန် စပါးခွံနှင့် ကျောက်မီးသွေးကို အသုံးပြုသဖြင့် မိုးစပါးအထွက်နှုန်းကျဆင်းခြင်း၊ ပတ်ဝန်ကျင်နေ ပြည်သူများ အသက်ရှုလမ်းကြောင်းနှင့် ပတ်သက်သည့် ရောဂါများဖြစ်ပွားနေ
ကြောင်း ကိုယ်စားလှယ်ဒေါ်စုစုအောင်က ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ဆွေးနွေးသည်။
ရောင်နီအရက်ချက် စက်ရုံသည် ကြံခင်း မြန်အောင်ကားလမ်းဘေး မာလကာကုန်းကျေးရွာ၊ ကျခတ္တန်းရပ်ကွက် မှင်နီ တာရိုးအနီးမြေ၂၀ဧက ပေါ်တွင် တည်ဆောက်ထားပြီးဧရာဝတီတိုင်းဒေသကြီး အတွင်း အကြီးဆုံး အရက်ချက်စက်ရုံဖြစ်သည်။
တစ်နေ့လျှင် အရက်ဆီ ကုန်ချော ဂါလံ ၆၅၀၀ခန့်ထုတ်လုပ်လျက်ရှိပြီး စွန့် ပစ်ရေသိုး ဂါလံ ၃၅၀၀၀
ထွက်ရှိသည်ဟု သိရသည်။
Mizzima
Labels:
Daily Popular,
Environment,
Gov,
Myan Aung,
News
ဧရာဝတီတိုင်း၏ အကြီးဆုံး အရက်ချက်စက်ရုံ လည်ပတ်မှု ရပ်ရန် ညွှန်ကြား
Reviewed by timeayeyar
on
9:36 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment