Latest News

Saturday, June 11, 2016

ငရုတ်ကောင်းချောင်းအတွင်း မျောလာသော ဆင်သားပေါက်ကို ကယ်ဆယ်


ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် တင်းချောင်းကျေးရွာအုပ်စု ငရုတ်ကောင်း တောင်ကျေးရွာ အနီးရှိ ငရုတ်ကောင်းချောင်းအတွင်း မျောပါလာသော ဆင်သားပေါက် အမတစ်ကောင်ကို ဒေသခံများက ဇွန်လ ၁၁ ရက် နံနက်ပိုင်းက ကယ်ဆယ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဆင်သားပေါက်မှာ အရပ်အမောင်းမှာ ၂ ပေ ၇ လက်မခွဲရှိပြီး ယင်းဒေသ သစ်တောများအတွင်း လှည့်လည်ကျက်စားနေသော အကောင် ၄၀ ပါဝင်သော တောဆင်ရိုင်း အုပ်စုထဲမှ ဆင်သားပေါက် တစ်ကောင်ဖြစ်ကြောင်း၊ ဆင်ဆရာဝန်၏ မှတ်ချက်ကို မရသေးသောကြောင့် ဆင်၏ အသက်ကို မသိရသေးကြောင်း ငရုတ်ကောင်း တောင်ရွာရှိ သစ်တောဦးစီး ဌာနထံမှ သိရှိရသည်။

"မနေ့ညက လေတွေတိုက် မိုးတွေအရမ်းရွာတော့ ဆင်ရိုင်းအုပ်စုကွဲပြီး ချောင်းရေစီးထဲ မျောပါလာတာ၊ မိုးသည်းတော့ ချောင်းရေက အရမ်းစီးနေတယ်။ ဒေသခံတွေက ရေစီးထဲကနေ ဟိုဘက်ဒီဘက် လူတွေနဲ့ခြောက်ပြီး ကြိုးကွင်းပစ်ပြီး ခက်ခက်ခဲခဲ ကယ်ဆယ်လိုက်ရတယ်”ဟု တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းက The Voice သို့ ပြောကြားသည်။

ကယ်ဆယ်ထားသော ဆင်သားပေါက်ကို သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့က သွားရောက်သယ်ဆောင်ပြီး ငရုတ်ကောင်းတောင် အုပ်ချုပ်ရေးမှူးရုံးတွင် ထိန်းသိမ်းထားကာ သစ်တောဦးစီးဌာနနှင့် သစ်ထုတ်လုပ်ငန်းတို့ထံ လွှဲပြောင်းပေးအပ်ရန် စီစဉ်နေကြောင်း ၎င်းကပြောဆိုသည်။

ဓာတ်ပုံ - ထွန်းလင်း(တင်းချောင်းရွာ)
The Voice Weekly

No comments:

Post a Comment