Latest News

Sunday, April 3, 2016

“သိက္ခာ မက်သော ၀န်ကြီးချုပ်သစ်များ………”

ဒီလိုမျိုး အဖြစ်အပျက် တွေ ဒို့တိုင်းပြည်မှာ ဘယ်လောက်တောင်များဖြစ်ပျက်ခဲ့ပြီလဲ…
လာဘ်ပေးသူ နဲ့ လာဘ်ယူသူ ဒီနှစ်ဦးကြား ဘယ်သူ့ကို အပြစ်တင်ရလေမလဲ…
အကျိုးလိုလို့ညောင်ရေလောင်းတဲ့ လာဘ်ပေးသူ…..
ဒါကိုပဲ အပြုံးမပျက် ကျေကျေနပ်နပ်လက်ခံသူ…
ဒီနှစ်ဦးကြား တိုးတိုးတိတ်တိတ် လက်သိပ်ထိုးခဲ့ လက်ပွန်းတတီး ရင်းနှီးပြီး
ဖင်ပုတ် ခေါင်းပုတ် ပြုတ် သုပ် ဖုတ် ပြီး စားခဲ့တာ
တိုင်းပြည်လည်း ဟက်ပဲ့ပဲ့ ယဲ့တဲ့တဲ့ နဲ့ ဂျွမ်းထိုးမောက်ခုံ ဖြစ်ကျန်ခဲ့ရလေပြီ….
…………………………………………………
လာဘ်ပေး လာဘ်ယူဆိုတာ နေရာတိုင်းမှာရှိသည်…..
အစိုးရဌာနလိုနေရာမျိုးမှာ မပြောနဲ့ ကုမ္ပဏီလို NGO လို လုပ်ငန်းတွေမှာတောင် ဒီကိစ္စသည် အမြဲလိုက်ရှင်းနေရသည့် လူ့သဘာဝထဲက အလှပဆုံး အနူးညံ့ဆုံး အနုပညာ အမြောက်ဆုံး ဇာတ်အိမ်တစ်ခုဖြစ်သည်……
လူဆိုတာ ဖောက်ပြန်တတ်သည်….
လွယ်လွယ်ရရင် သူကြွယ်တောင် သူခိုးဖြစ်တတ်တယ် ဆိုတဲ့ ဆိုရိုးစကားလဲရှိသည်…..
ကုမ္ပဏီ တွေ NGO တွေမှာတော့ လာဘ်ယူဖို့ အခွင့်အရေးအကောင်းဆုံးရထားတဲ့ သူတွေသည် အ၀ယ်တော်တွေ Logistic (ထောက်ပံ့ပို့ဆောင်ရေး) ရာထူး ရထားတဲ့သူတွေပဲ ဖြစ်သည်….
ကုန်တင်ဖို့အတွက် ယာဉ်တွေ ငှားရတဲ့အခါ….ဆီတွေ ပေပါပြတ် ၀ယ်တဲ့အခါ….ကား ဆိုင်ကယ် စတဲ့ယာဉ်တွေ ကုမ္ပဏီ အတွက်ဝယ်တဲ့အခါ စတဲ့ စတဲ့ အခါမျိုးမှာ အပြိုင်ဆိုတာမျိုးတွေ ပေါ်လာတတ်တာသည် ဓမ္မတာဖြစ်သည်…..
အဲ့ဒီ အပြိုင်လေးတွေက သူတို့ဆီက ၀ယ်ယူဖို့အရေးအတွက် လုပ်ပိုင်ခွင့်ရ ရာထူးရှိဝန်ထမ်းကို အတင်းလိုက်ကပ်တော့သည်..
ပမဆုံး လူချင်းရင်းနှီးအောင် အ၀တ်အစား စားစရာသောက်စရာ လက်ဆောင်လေးတွေနဲ့စပြီး အချိုသွေးသည်….
“ခင်လို့ပါ မင်လို့ပါ ဘာလိုလိုပြောပြောနော် အားမနာနဲ့သိလား” ဆိုပြီးချဉ်းကပ်ကြသည်….
မျက်နှာကြီးရာ ဟင်းဖက်ပါအောင် အတင်းလုံး အတင်းထွေးပြီး စားပွဲအောက်က လက်သိပ်ထိုးကြသည်….
ပတ်ဝန်းကျင်မှာ ပြောကြတဲ့စကားတစ်ခုရှိသည်….ဒီရာထူးကြီး ရထားပြီး ဘာမှလည်းမလုပ်တတ်ဘူးဆိုပြီးကြားဖူးသည်…
လုပ်တတ် ကိုင်တတ် စားတတ် သောက်တတ် ကိုယ်တော်ချောလေးတွေ အ၀ယ်တော်အဆင့်ရာထူးလေးလောက်နဲ့ လူလူသူသူ ဖြစ်သွားတော့ ပတ်ဝန်းကျင်ကလည်း မေးငေါ့ကြသည်….
ဘာလုပ်ငန်းမှမလုပ်ပဲ ၀န်ထမ်းလစာလေးလောက်နဲ့ တိုက်ဆောက်ကားစီး ……
အော်…သနားစရာ…. သနားစရာလေးတွေ…..
သိက္ခာ နဲ့အလဲအထပ်လုပ်ပြီး ရလိုက်တဲ့ ရိက္ခာဟာ တစ်ဘ၀စာဆိုတာ သူတို့လေးတွေ မတွေးတတ်ခဲ့ကြပါလား……..
………………………………………………………………………………
မနေ့တစ်နေ့က စင်ကာပူ Strait Times သတင်းစာထဲက သတင်းတစ်ခုဖတ်လိုက်ရသည်….
အဲ့ဒီလူက အဲ့ကုမ္ပဏီမှာ အလုပ်လုပ်တာ ၁၉၇၆ လောက်ထဲက စူပါဗိုက်ဆာ ရာထူးနဲ့လုပ်လာခဲ့ခြင်းဖြစ်သည်…
၁၉၉၅ လုပ်သက် ၁၉ နှစ်မှာ ကုမ္ပဏီရဲ့ဒါရိုက်တာရာထူးကိုရသည်…
အခု ၂၀၁၆ ဆိုတော့ လုပ်သက် နှစ် ၄၀ တောင် အဲ့ဒီကုမ္ပဏီမှာလုပ်ခဲ့ခြင်းပေါ့….
သူလုပ်ခဲ့တာကတော့ အမှားလေးတစ်ခုပဲဖြစ်သည်…ဒါပေမဲ့ အဲ့ဒီအမှားလေးက သူ့တစ်ဘ၀စာလုံးရင်းပြီး လုပ်ကိုင်ခဲ့သည့် သူ့ရဲ့သိက္ခာ အကုန်လုံးကို တစ်စစီဆွဲဆုတ်ပစ်လိုက်သည်….
အဓိကက လာဘ်ယူခြင်းပေါ့…..
ဖြစ်စဉ်ကတော့ ရိုးရိုးရှင်းရှင်းလေးပဲ ဖြစ်သည်…..
သူတို့ကုမ္ပဏီကလိုအပ်တဲ့ ပစ္စည်းကိုဝယ်စရာကုမ္ပဏီအများကြီးထဲကမှ ပစ္စည်းအရည်အသွေးတူကို သူကပစ္စည်းဈေးကြီးတဲ့ ကုမ္ပဏီကနေပဲ အမြဲဝယ်သည်….
အပြန်အလှန်အနေနဲ့ ဟိုဖက်ကလည်း သူ့ကို ကျေးဇူးတုံ့ပြန်သည်…..
အသွားမတော်တစ်လှမ်း အစားမတော်တစ်လုပ်…..
ဟော..အခုတော့ သူ့မှာ တစ်ဘ၀လုံးနာမည်ကောင်းနဲ့ မြှုပ်နှံလုပ်ကိုင်ခဲ့ရတာတွေ တစ်ချက်တည်းနဲ့ ရိုက်ချိုးပြီးသားဖြစ်သွားခဲ့ရပြီ….ထောင်ကျသည်ထက် နာမည်ကျသည်က ပြန်ဆယ်ရ အခက်ဆုံးဖြစ်သည်…..
ရေပွက်ပမာ ခဏတာ ဟောဒီလောကကြီးထဲ ရောက်လာစဉ် လာဘ်ဆိုတဲ့ နူးညံ့လွန်းတဲ့ အမိန့်တော်အောက် ဘယ်နှစ်ယောက်များကိုယ့်ကိုကို မြေမြှုပ်ခဲ့ကြပြီလဲ…..
…………………………………………………………………………..
ကုမ္ပဏီလောက်အဆင့်မှာ အဖွဲ့အစည်းသေးသေးကွက်ကွက်လေးပဲ နစ်နာပေမဲ့ နိုင်ငံနဲ့ချီလာသည့်အခါမှာတော့ တစ်နိုင်ငံလုံး အဲ့ဒီလူတစ်စု လူတစ်ယောက်ရဲ့ဒဏ်ကိုလူးလှိမ့်ခံနေရကြရတော့သည်…
ဆုံးဖြတ်ပိုင်ခွင့် လုပ်ပိုင်ခွင့်ရာထူးတွေ ယူထားကြ…
ညောင်ရေလောင်းမဲ့သူများကလည်း ငွေထုပ်ကြီးတွေပိုက်ပြီး လက်သိပ်ထိုးခဲ့ကြသည်….
ကျောက်တူးခွင့်ရဖို့ ကြေးနီလေးတူးခွင့်ရဖို့ ဆည်ဆောက်ခွင့်ရဖို့ သဘာဝဓါတ်ငွေ့တွေရဖို့ တံတားဆောက်ခွင့်ရဖို့ ငွေထုပ်ပိုက်ညောင်ရေလောင်းတာကို တိုင်းပြည်နာချင်နာ မနာချင်နေ ကမ်းလှမ်းလာသမျှတိုင်းပြည်မျက်နှာမကြည့်ပဲ
နိုင်ငံချီတဲ့ စာချုပ်တွေကို လက်မှတ်ထိုးပေးပြီး ပျော်ပျော်ကြီး ရွှေမိုး ငွေမိုးချိုးခဲ့ကြသူတွေကြောင့် ပြည်သူတွေ ဘ၀တွေ နာခဲ့ရ နစ်မွန်းခဲ့ကြရပြီ….
သူတို့တွေကတော့ သူတို့သားစဉ်မြေးဆက်အတွက် သုံးမကုန်ဖြုန်းမကုန် အမွေတွေကို တစ်ပွေ့တစ်ပိုက်သိမ်းကျုံးယူသွားခဲ့ပါပြီ…
တစ်ကယ်တော့ ဒါဟာ ဘ၀ မဟုတ်ပါ…..
………………………………………………………………….
NLD အစိုးရတက်လာခဲ့ပြီ…..
ပြည်သူတွေလည်း မျှော်လင့်ကြသည်…
သမ္မတကိုပဲကြည့်ကြည့် ဒေါ်အောင်ဆန်းစုကြည်ကိုပဲကြည့်ကြည့်…..
အစိုးရရာထူးတွေယူထားသည့် ၀န်ကြီး ၀န်ကြီးချုပ်တွေကိုပဲ ကြည့်ကြည့်….
အများစုသည် တော်လှန်ရေးကာလတွင် ပြည်သူတွေဖက်မှ မားမားမတ်မတ် ရပ်ပြီး ကိုယ်ကျိုးမဖက် တိုက်ပွဲ ၀င်ခဲ့ကြသူတွေချည်းဖြစ်သည်….
လောကဓံတရား ရှစ်ပါးတွင် အလာဘ(ပစ္စည်းဥစ္စာမရခြင်း) ကို ထိုသူတို့ နိုင်အောင်တိုက်နိုင်ခဲ့ကြသည်…
အယသ(အခြွေအရံမရှိခြင်း) ကိုလည်း ကြံ့ကြံ့ခံခဲ့ကြပြီ….
ယခုသူတို့ရှေ့တွင် လာဘ (ပစ္စည်းဥစ္စာရခြင်း) …..ယသ (အခြွေအရံများခြင်း)…တို့က ထိုသူတို့၏ခံနိုင်ရည်ကို မှတ်ကျောက်တင်စစ်ဆေးဖို့ အဆင်သင့်စောင့်နေကြပြီ…..
“ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတယ်…..
ကျမအဖေတိမ်းပါးသွားတော့ ကျမ ၂နှစ်ပဲရှိသေးတယ်….
သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်း ပေးခဲ့တဲ့ အမွေက အခုထက်ထိ သုံးလို့မကုန်နိုင်ဘူးတဲ့….
အဲဒီအမွေက ဘာလဲဆိုတော့ သိက္ခာတဲ့…..ငါတို့လည်း သိက္ခာနဲ့ပဲသွားမှာပါ”လို့
ဧရာဝတီတိုင်း ၀န်ကြီးချုပ်တစ်ယောက်ဖြစ်သည့် ဦးမန်းဂျော်နီကတော့ ဧရာဝတီသတင်းဌာန နှင့် အင်တာဗျူးတွင် ပြောခဲ့သည်….
သိက္ခာကို အကြီးဆုံးသော အမြင့်ဆုံးသော လူ့ဘ၀ တန်ဖိုးဟု ခံယူထားကြသည့် ၀န်ကြီးချုပ်များဖြင့် တိုင်းနိုင်ငံကြီး၏ ဂုဏ်သိက္ခာလည်း အမြန်ဆုံးပြန်လည်ထွန်းလင်းလာလိမ့်ဟု ပြည်သူအများကလည်း မျှော်လင့်လျှက် ရှိနေကြပါတော့သည်…..
ဇာနည်မောင်မောင်ကျော်

No comments:

Post a Comment