Latest News

Tuesday, April 26, 2016

သိမ်းဆည်းခံ လယ်ယာမြေများကို အစိုးရမှ ဥပဒေနှင့်အညီ ပြန်သိမ်း၍ ဆင်းရဲမွဲတေမှု ပပျောက်ရေး အကောင်အထည်ဖော်မည်ဟု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား


သိမ်းဆည်းခံ လယ်ယာမြေများကို အစိုးရက ဥပဒေနှင့်အညီ ပြန်သိမ်း၍ ဆင်းရဲမွဲတေမှု ပပျောက်ရေး အကောင်အထည်ဖော်မည်ဟု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီက ဧပြီ ၂၅ ရက်တွင် မီဒီယာ
များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ဆင်းရဲမွဲတေမှု ပပျောက်ရေး ဆောင်ရွက်ရာတွင် ငွေကြေးထောက်ပံ့သည့် ပုံစံဖြင့် မဟုတ်ဘဲ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန် ဖန်တီးပေးခြင်းဖြင့် စီမံပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုတဲ့ အစိတ်အပိုင်းမှာ ခရိုနီတွေက ဆင်းရဲမှာလား၊ ကပ်ပါးတွေ ဆင်းရဲမှာလား။ ပပျောက်ဖို့၊ ဘယ်သူ့ကို ပပျောက်အောင်လုပ်မလဲ။ ကပ်ပါးတွေပဲ။ ဒီတော့ ကပ်ပါးတွေ ဆင်းရဲမွဲတေမှု ပပျောက်ဖို့ဆို လယ်နည်းနည်း နှစ်ဧက၊ သုံးဧ က၊ တစ်ဧက စသည်အားဖြင့် ဧက၀က်ပိုင်တဲ့ လယ်သမားတွေဖြစ်အောင် ပိုက်ဆံရှိရင် ပိုက်ဆံသွားသွားပေးလို့ ဒီလိုပဲစားမှာပဲ။ စားတဲ့အခါမှာ သူတို့က မိမိတို့စည်းကမ်းမကျတဲ့ အခါကျတော့ စားပြီးတော့ ကုန်သွားမှာပဲ။ ဒီလိုဆိုတော့ အလုပ်ရှာပေးရမယ်။
လယ်ယာပိုင်ခွင့်တွေ အဲဒီလို သေသေချာချာ ချပေးလိုက်မယ်။ အိမ်ပါ ဆောက်ပေးလိုက်မယ်။ ပြီးရင် အဲဒီထဲမှာ စိုက်ပျိုးနိုင်အောင်၊ မွေးမြူနိုင်အောင် ဖန်တီးပေးလိုက်မယ်ဆိုရင် ဒီလူတွေ အလုပ်ရသွားမှာပဲ” ဟု ၀န်ကြီးချုပ်က ပြောကြားသည်။

ထိုသို့ လယ်ယာပိုင်ခွင့်ငယ်များ ချထားပေးနိုင်ရန် လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသည့် သိမ်းဆည်းခံလယ်မြေများကို ဥပဒေနှင့်အညီ အစိုးရမှပြန်သိမ်းကာ စီမံသွားမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်မန်းဂျော်နီက ဆိုသည်။

“ဒီလူတွေကို လယ်ပိုင်ဖို့ ဘယ်မြေနဲ့ပေးမလဲ။ အခု သိမ်းထားတာတွေ အများကြီးရှိတယ်။
 လေးနှစ်လောက်ကြာတယ်။ ဘာမှမလုပ်သေးဘူးဆိုရင် ပြန်ပြီးတော့ သိမ်းပိုင်ခွင့်ရှိတယ်ဆိုတာ လယ်ယာမြေဥပဒေမှာ ရှိတယ်။ ချရမှာပဲ။ မချလို့တော့ မရဘူး” ဟု ၀န်ကြီးချုပ် က ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် အစိုးရဆောင်ရွက်ခဲ့သည့် ဆင်းရဲမွဲတေမှုပပျောက်ရေးကို မိမိတို့လက်ထက်တွင် ဆက်လက် အကောင်အထည်ဖော်သွားမည်ဟု ၀န်ကြီးချုပ်က ပြောကြားခဲ့ပြီး နောက်ယခုကဲ့သို့ ဆောင်ရွက်မည့် အစီအမံကို မီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
Writer: အောင်ကျော်မျိုး (ဟင်္သာတ)
EMG

No comments:

Post a Comment