Latest News

Saturday, May 17, 2014

မအူပင်မြို့နယ်တွင် ထွန်တုံးတိုက်ပွဲများ ဖြစ်ပွားနေ

ဆလိုင်းသန့်စင်| May 17, 2014 |
ထွန်တုံးတိုက်ပွဲ, ဧရာဝတီတိုင်း, လယ်မြေ

ပုသိမ်မြို့ ငွေဆောင်မြို့နယ်ခွဲ လရောင်းကျေးရွာတွင် ထွန်တုံးတိုက်ပွဲဝင်နေသော လယ်သမားများ (ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)

အစိုးရ ဌာနဆိုင်ရာများ သိမ်းယူခဲ့သည့် လယ်ယာမြေများကို မိုးရာသီ စိုက်ပျိုးချိန်အမီ ပြန်ပေးခြင်း မရှိသည့်အတွက်
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်အတွင်းရှိ လယ်သမား ၆၁ ဦးတို့က ထွန်တုံးတိုက်ပွဲများ ပြုလုပ်၍ ၎င်းတို့
မူလပိုင်ဆိုင်ခဲ့သည့် လယ်ယာမြေများအတွင်း ၀င်ရောက်ထွန်ယက်နေကြောင်း သတင်းရရှိသည်။

မအူပင်မြို့နယ် တလုပ်လပ်နှင့် ခနောင်ကျေးရွာတို့မှ လယ်မြေ ၃၁၉ ဧကကို စပါးနှင့်ငါး စီမံကိန်းဟုဆိုကာ မအူပင်မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့၊ မအူပင်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနတို့က ၁၉၉၂ ခုနှစ်တွင် သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ အစိုးရအာဏာပိုင် အဆင့်ဆင့်ထံ တင်ပြတိုင်တန်းသော်လည်း ယနေ့ထက်တိုင် လယ်ယာမြေများ ပြန်မရသည့်အတွက် မိုးရာသီ စိုက်ပျိုးချိန်တွင် ၀င်ရောက် ထွန်ယက်ခြင်းဖြစ်ကြောင်း တလုပ်လပ် အရှေ့ကျေးရွာမှ လယ်သမား ဦးကျော်ညွှန့်က ဧရာဝတီကို ပြောသည်။

“လယ်တွေကို စပါးနဲ့ငါး စီမံကိန်းဆိုပြီး သိမ်းသွားခဲ့တာ။ သိမ်းပြီး ၂ နှစ်လောက်ပဲ စပါးစိုက်တယ်။ နောက်ပိုင်းမှာ မစိုက်တော့ဘဲ ငါးမွေးကန်တွေ လုပ်ပစ်ခဲ့တယ်။ အုပ်ချုပ်ရေးဌာန အဆင့်ဆင့် တင်ပြတော့လည်း ဘာမှမထူးဘူး။ အဲဒီတော့ ကျနော်တို့လယ်တွေကို မိုးကျတဲ့အချိန် လယ်တွေ ရေမမြုပ်ခင်မှာ ထွန်ယက်စိုက်ပျိုးတာပါ” ဟု သူက ပြောသည်။

လယ်သမားများသည် တလုပ်လပ် အရှေ့ကျေးရွာ၌ ယခုလ ၁၄ ရက်နေ့မှ စတင်ကာ ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ပြီး ယနေ့တွင် ခနောင်ကျေးရွာ၌ ထွန်တုံးတိုက်ပွဲများ ပြုလုပ်ခဲ့ကြသည်။ ယင်းထွန်တုံး တိုက်ပွဲများအား အုပ်ချုပ်ရေး အာဏာပိုင်များက တားဆီးခြင်းမရှိဘဲ မှတ်တမ်းရယူခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ လယ်သမားများက ပြောသည်။

“ကျနော်တို့တွေ လယ်ထွန်နေတာကို တားမြစ်ခြင်းတော့ မရှိဘူး။ မအူပင်ထွေအုပ်ရုံးနဲ့ မြေစာရင်းဌာနကတော့ ဓာတ်ပုံရိုက်တာ မှတ်တမ်းယူတာတွေတော့ ရှိတယ်” ဟု တလုပ်လပ်ကျေးရွာမှ ဦးစိန်သန်းက ပြောသည်။

၁၉၉၆ ခုနှစ်က ပြုလုပ်ခဲ့သည့် ရေနက်ကွင်းလယ်များ ဖော်ထုတ်ရေး စီမံကိန်းကြောင့် မအူပင်နှင့် ညောင်တုန်းမြို့နယ်များရှိ လယ်မြေဧက ၅၃၀၀ ကျော်ကို  ဌာနဆိုင်ရာများနှင့် ကုမ္ပဏီများက သိမ်းယူခဲ့ကြရာ ဒေသခံလယ်သမားများ လယ်မဲ့ယာမဲ့ဖြစ်ခဲ့ကြပြီး စီးပွားပျက်ခဲ့ရကြောင်း လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ပုသိမ်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက် (HRWDN) အဖွဲ့က ပြောသည်။

လယ်သမားများ အနေဖြင့် လယ်ယာမြေ ပြဿနာများကို တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့အစိုးရထံ စာရေးသားတင်ပြပါက လယ်ယာမြေဥပဒေနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊
ထွန်တုံးတိုက်ပွဲ လုပ်ဆောင်ပါက တရားစွဲခံရနိုင်ပြီး တရားရုံး၌ ဖြေရှင်းရမည် ဖြစ်ကြောင်း  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်က ကျောင်းကုန်းမြို့၌ ယခုလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သည့် လယ်ယာမြေ ပြန်လည်ပေးအပ်ပွဲ အခမ်းအနားတွင် ပြောဆိုခဲ့သည်။

“ဒီလို တရားဥပဒေများနဲ့အညီ မဆောင်ရွက်ဘဲနဲ့ တချို့သော အဖွဲ့အစည်းများက မြှောက်ပင့်ပေးလို့ အတင်းအဓမ္မ ထွန်တုံးတိုက်ပွဲလို ကိစ္စမျိုးတွေ၊ လယ်မြေတွေမှာ အတင်းဝင်ရောက်ပြီး ရိတ်သိမ်းတဲ့ ကိစ္စတွေ ဆောင်ရွက်တယ်ဆိုရင်
တဖက်က တရားဥပဒေ လမ်းကြောင်းအရ တရားစွဲဆိုလာရင် တရားရုံးမှာ ဖြေရှင်းရမှာဖြစ်ပါတယ်။ အဲဒီအခါကျရင် ငွေကြေးလည်းကုန်ကျတယ်။ အချိန်လည်းကုန်တယ်။ ကိုယ့်ဘက်က မှားရင်လည်း အချုပ်အနှောင်ခံရတဲ့အထိ ရောက်ရှိပါတယ်” ဟု သူက ပြောသည်။

လယ်သမားများ တရားစွဲဆိုခံရ၍ ထောင်ကျမှုများ ဖြစ်လာပါက မြှောက်ပင့်ပေးသည့် အဖွဲ့အစည်းများက လှည့်မကြည့်တော့ဘဲ လယ်သမားသာ ရင်ဆိုင်ဖြေရှင်းရကြောင်း ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်က ဆိုသည်။

“အဲဒီလိုဖြစ်ပြီဆိုရင် မြှောက်ပင့်ပေးတဲ့ အဖွဲ့အစည်းတွေကလည်း လှည့်မကြည့်တော့ပါဘူး။ တောင်သူလယ်သမားက မိမိကိစ္စကို မိမိဘာသာပဲ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းပြီးတော့ ငွေကုန်လူပန်း၊ အချိန်တွေကြန့်ကြာ၊ နောက်ဆုံးကျတော့ ကိုယ်ရှုံးတဲ့အခါ အချုပ်အနှောင်ကျဆိုတဲ့ အဖြစ်မျိုးတွေကို ကျနော်တို့တိုင်းထဲမှာ အင်မတန် ၀မ်းနည်းဖွယ်ရာ
တွေ့ရပါတယ်” ဟု သူက ပြောသည်။

မအူပင်မြို့နယ် မလက်တို ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက လယ်ယာမြေကို အကြောင်းပြု၍ လယ်သမားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ အဓိကရုဏ်းဖြစ်ပွားခဲ့ရာ ရဲတပ်သား ၁ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၄၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၌ ၂၀၁၃ ခုနှစ် မေလက စတင်ပြီး တိုင်းအစိုးရရုံးစိုက်ရာ ပုသိမ်မြို့နယ် အပါအ၀င် ကျောင်းကုန်း၊ ငပုတော၊ သာပေါင်း၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ၊ ဖျာပုံနှင့် အင်္ဂပူမြို့နယ် တို့တွင် ထွန်တုံးတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထွန်တုံးတိုက်ပွဲ ပြုလုပ်မှုကြောင့် လက်ငုပ်လုပ်ကိုင်နေသူများက ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် တရားစွဲဆိုခဲ့ရာ လယ်သမားပေါင်း ၅၂၀ ကျော် တရားစွဲဆိုခံခဲ့ရပြီး လယ်သမား ၃၄၀ ဦး ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။
Irrawaddy

Friday, May 16, 2014

စိန်ခေါ်မှုများစွာဖြင့် ဒီရေတောထိန်းသိမ်းရေး


အာဆီယံဥက္ကဋ္ဌသမ္မတ ဦးသိန်းစိန် က ရာသီဥ တုပြောင်းလဲမှုကို ကာ ကွယ်ရန် ပင်လယ် ကမ်းခြေဒေသ များတွင် ဒီရေတောများ စိုက်ပျိုး ရန် အာဆီယံနိုင်ငံများကို မေလ ၁၁ရက်တွင် တိုက်တွန်းခဲ့သည်။

အာဆီယံနိုင်ငံများကို တိုက် တွန်းနေသော်လည်း မြန်မာနိုင်ငံ တွင် ပြုန်းတီးနေသောဒီရေတော များ ပြန်လည်ထူထောင်ရန် စိန် ခေါ်မှုများစွာရင်ဆိုင်နေရသည်။

ဒီရေတောပြန်လည်ထူ ထောင်ရေးအတွက် ငွေကြေး မြောက်မြားစွာလိုအပ်နေခြင်း၊ ပြုန်းတီးနေသော လစ်လပ်ဒီရေ တောကွက်များတွင် ဒီရေတောများမစိုက်ပျိုးနိုင်ခြင်း၊ စီးပွားရေးလုပ် ငန်းရှင်များ၏ ပုစွန်တာပတ်ကန် များတိုးပွားလာခြင်း၊ မြေယာအ သုံးချမှုပုံစံပြောင်းလဲလာခြင်း၊ သစ်တောအသုံးချသည့် ဒေသခံ များဆင်းရဲမွဲတေသောကြောင့် ဒီ ရေတောများအသုံးပြုနေကြခြင်း၊ ၀န်ထမ်းများအဂတိလိုက်စားခြင်း တို့သည် ဒီရေတောများစိုက်ပျိုး ရေးအတွက် အဓိကစိန်ခေါ်ချက် များဖြစ်သည်။

ဒီရေတောအများဆုံးပြုန်း တီးနေသည် ဧရာဝတီနှင့် ရခိုင် ပြည်နယ်တို့တွင် ပြန်လည်ထူ ထောင်ရေးလုပ်ငန်း အများစုမှာ အခြားနိုင်ငံများ၏ထောက်ပံ့ငွေ ဖြင့်သာ လည်ပတ်နေရသည်။ ပြည်ပနိုင်ငံများ၏ ကူညီထောက် ပံ့ငွေများဖြင့် လည်ပတ်နေရသော ကြောင့် စီမံကိန်းများကို အပြည့် အ၀မလည်ပတ်နိုင်ပေ။

‘‘ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါကတစ်ပင်တည်းဖြစ်နေသ လိုပါပဲဗျာ။ စိုက်တာတော့ စိုက် နေကြတယ်။ လူဦးရေကလည်း တိုး၊ ကျန်တဲ့တောကလည်း နည်း နည်းပဲရှိတော့ ဒီကိုပဲအစုလိုက် အပြုံလိုက်လာ သုံးနေတော့ ထင် သလောက်ခရီးမရောက်ဘူး’’ဟု နာဂစ်ဒဏ်ခံဧရာဝတီတိုင်းဒေသ ကြီးတွင် ထိန်းသိမ်းရေး လုပ်ငန်း လုပ်ကိုင်နေသူ ဦးကျော်ငြိမ်းက ပြောသည်။

အလွန်အကျွံထုတ်ယူသုံးစွဲ ခြင်းနှင့် မြေယာအသုံးချမှုပုံစံများ  ပြောင်းလဲလာခြင်းကြောင့် ဆယ် စုနှစ်များ စွာချီ၍ ပြုန်းတီးခဲ့သော ဒီရေတောအပင်များကို အစားထိုး ရသည့်လုပ်ငန်းမှာ ဆင့်ပါးစပ်နှမ်းပက် သကဲ့သို့ဖြစ်နေသည်။

ဒီရေတောမျိုးစိတ်အများဆုံးရှိပြီး ဒီရေတောအများဆုံး ပေါက်ရောက်သည့် ဧရာဝတီ တိုင်းဒေသကြီးတွင် မီးသွေးဖုတ်ရန်အတွက် ဒီရေတောများခုတ်လှဲခွင့်ကို တရားဝင်ခွင့်ပြုပေးခဲ့ခြင်းကြောင့် ပြုန်းတီးမှုမြန်ဆန်ခဲ့ သည်။

ဒီရေတောပေါက်ရောက်မှု အများဆုံးဒေသဖြစ်သော ဧရာဝ တီတိုင်းဒေသကြီးတွင် မီးသွေး ဖုတ်ခြင်းကြောင့် ပြုန်းတီးနေချိန် တွင် ပုစွန်တာပတ်မွေးမြူခြင်း ကြောင့်အခြေအနေပိုဆိုးခဲ့သည်။

၂၀၀၀ပြည့်နှစ်တွင် ရခိုင် ပြည်နယ်မှ တစ်ဆင့်ပျံ့နှံ့လာ သော ပုစွန်တာပတ်ကန်နှင့်ငါး မွေးကန်များကြောင့် ပြုန်းတီးမှုပို မိုမြန်ဆန်ခဲ့သည်။

ရခိုင်ကမ်းရိုးတန်းရှိ ဒီရေတောများနှင့်လှေတစ်စီးကိုတွေ့ရစဉ်(ဓာတ်ပုံ−မောင်ကံ)

ထို့ကြောင့် ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တို့တွင် ဒီရေတောဧက ရှစ်သိန်းခွဲခန့် သာကျန်ရှိသော ကြောင့် ယခင်ကမှတ်တမ်းတင် ထားသည့် ဒီရေတောဧကတစ် သန်းခန့်ပင်ရှိတော့မည် မဟုတ် ကြောင်း ထိန်းသိမ်းရေးလုပ် ဆောင်နေသူများကဆိုသည်။

‘‘ဒီရေတော ဧရိယာကတော့ မပြောင်းလဲဘူး။ ဒီအတိုင်းပဲ။ ဒါ ပေမဲ့ အဲဒီဧရိယာထဲမှာ ဒီရေတော တွေမရှိတော့ဘူး။ ရှိတဲ့တောတွေ ကလည်း အရည်အသွေး၊အဆင့် တန်းအတော်ကြီးကိုအခြေအနေ ဆိုးသွားပြီ’’ဟု ရခိုင်ပြည်နယ်တွင် ဒီရေတောထိန်းသိမ်းရေးလုပ်ကိုင် နေသူဦးဝင်းမောင်ကပြောသည်။

မြန်မာနိုင်ငံတွင် ဒီရေတော ပေါက်ရောက်သောဒေသများမှာ ဧရာဝတီ၊ရန်ကုန်၊ တနင်္သာရီတိုင်းဒေ သကြီးနှင့်ရခိုင်၊ မွန်ပြည် နယ်တို့တွင် ဖြစ်သည်။ ဧရာဝတီ တိုင်းဒေသကြီးသည် အခြားပြည် နယ်နှင့် တိုင်းဒေသကြီးများထက် ဒီရေတော့သစ်မျိုးစိတ်စုံလင်စွာ ပေါက်ရောက်ပြီး ဒီရေတောအ များဆုံးရှိသော ဒေသလည်းဖြစ် သည်။ ရခိုင်ပြည်နယ်မှာ ဒုတိယအများဆုံးဖြစ်ပြီး တတိယမှာ တနင်္သာရီတိုင်းဒေသကြီးဖြစ် သည်။

ဒီရေတောမျိုးစိတ်များစုံ လင်ပြီး ဒီရေတောအများဆုံး ပေါက်ရောက်သည့် ဧရာဝတီတိုင်းဒေသကြီးတွင် ဒီရေတော့ များ တဖြည်းဖြည်းပျောက်ကွယ် လာပြီဖြစ်သည်။ ထိန်းသိမ်းကာ ကွယ်ရန် အစိုးရဖွဲ့စည်းထား သည့် ဒီရေတောကြိုးဝိုင်းကိုးခု တွင် မိန်းမလှကျွန်းဘေးမဲ့တော၊ ဗြုန်းမွှေးကျွန်း၊ ကဒုံကနိကျွန်းမှ လွဲ၍ ကျန်ကြိုးဝိုင်းများမှာ မြေအ သုံးချမှုပုံစံများပြောင်းလဲသွားပြီဖြစ်သည်။

ဒီရေတောသစ်ပင်များက ငွေကြေးတန်ဖိုးဖြင့်တွက်ချက် လျှင်တောင်ပေါ်သစ်ပင်များ၏ ဈေးနှုန်းကို မမီ။ သို့သော် စိုက်ပျိုး မှုကုန်ကျစရိတ်မှာ တောင်ပေါ်သစ် တောများထက်အကုန်အကျများသည်။နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဒီရေတောစိုက်ပျိုး သော လူမှုအဖွဲ့အစည်းတစ်မု ဟုတ်ချင်း တိုးပွားခဲ့သော်လည်း အဆိုပါလုပ်ငန်းများမှာ ကာလတို အတွင်းပင် ပျောက်ကွယ်သွား သည်။ ဒီရေတောစိုက်သော NGO၊ INGOအများစုမှာလည်း စိုက်ပျိုး ပြီးအပင်များကို မထိန်းသိမ်းနိုင် ကြသေးပေ။

‘‘ဒီရေတောစိုက်ပျိုးရေးလုပ် ငန်းမှာ ငွေရေးကြေးရေးကအဓိ ကကျတယ်။ ပြုန်းတီးသွားတဲ့ ဧ ရိယာကို မီအောင်ငွေအင်အား၊ လူအင်အားလိုတယ်’’ဟု သစ် တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဗိုလ်နီကပြောသည်။

ဒီရေတောသစ်များ ပြန်လည်စိုက်ပျိုးရန် ဒီရေတောမျိုးစိတ်များအများအပြားဝယ်ယူပြီး စိုက်ခင်းများနှင့် ပျိုးထောင်ရသည်။ ပျိုးပင်များကို ရေချို၊ ရေငန်စပ်ပင်လယ်ကမ်းရိုးတန်းများတွင် စနစ်တကျ စီတန်းစိုက်ပျိုး ရသည်။ သစ်ပင်ရှင်သန်းရေးအတွက် အချိန်နှင့်အမျှလေ့လာ စောင့်ကြည့်ရသည်။ ကုန်ကျစ ရိတ်များသည်။ စိုက်ပျိုးပြီးသစ်ပင်များကို ဈေးကွက်တင်ရောင်း၍ မရသဖြင့် ဒေသခံများကစိတ်မ၀င်စား။ ထို့ကြောင့် တောင်ပေါ်သစ်တောများလို သစ်တောဧရိယာများအတွင်း ပုဂ္ဂလိက သစ်စိုက်ခင်းလုပ်ကိုင်ခွင့်ပေးလို့မရ။

‘‘ကုန်ကျစရိတ်များတယ် လေ။ ပိုက်ဆံတွေကုန်တာတန်ရဲ့ လားလို့မေးရင် ပိုက်ဆံနဲ့တွက်ရင် မတန်ဘူး။ ဒါပေမဲ့ မတတ်နိုင်ဘူး လေ။ အကြွေးဆပ်သလို သဘော ထားပြီး ဆပ်ရမှာပေါ့’’ဟု ဧရာဝ တီတိုင်းဒေသကြီးတွင် ဒီရေတော ထိန်းသိမ်းရေးလုပ်ကိုင်နေသူဦး ကျော်ငြိမ်းကပြောသည်။

ဒီရေတောများပေါက် ရောက်သည့် ပြည်နယ်နှင့်တိုင်း ဒေသကြီးငါးခုရှိသည့်အနက် ဧရာ ၀တီတိုင်းဒေသ ကြီးကို အစိုးရက ဦးစားပေးစိုက်ပျိုးပြီး ကျန်ရခိုင် ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေ သကြီးတို့တွင် အနည်းငယ်သာ စိုက်ပျိုးသည်ဟု သစ်တောများဦး စီးဌာနမှ ညွှန်ကြားရေးမှူးဦးဗိုလ်  နီကပြောသည်။

စိုက်ပျိုးနိုင်သည့်ဒေသများ တွင်လည်း တစ်နှစ်လျှင်ပျှမ်းမျှသုံး ရာမှ တစ်ထောင်ကြားသာစိုက်ပျိုး နိုင်သေး သည်။ ယခုနှုန်းဖြင့်သာ ဒီ ရေတောများ ဆက်လက်စိုက်ပျိုး ရန် အစိုးရလျာထားသည်။

ဆယ်စုနှစ်ချီ၍ ပြုန်းတီးခဲ့ သော ဒီရေတောများကို အလျဉ်မီ အောင် မစိုက်ပျိုးနိုင်သေးသည့်အ ချိန်တွင် တစ်ဖက်ကလည်းလူဦး ရေထူထပ်များပြားရာဒေသတွင် ဆင်းရဲနွမ်းပါးသောဒေသခံများ က ကျန်ရှိနေသော ဒီရေတောများ ကို မျက်စောင်းထိုးနေကြသည်။

ခုတ်လှဲသူက အလေးသာ နေသဖြင့် ထိန်းသိမ်းရေးလုပ်ငန်း က ထင်သလောက်ခရီးမရောက်။ ပြုန်းတီးမှုများ မရပ်တန့်သွား။ ထို ပြဿနာသည် ဧရာဝတီတိုင်းဒေ သကြီးတစ်ခုတည်းတွင်သာမက ဒီရေတော များပေါက်ရောက် သည့် ကမ်းရိုးတန်းဒေသငါးခုလုံး ကြုံတွေ့နေရခြင်းဖြစ်သည်။

‘‘တနင်္သာရီထဲမှာ ငါးမုန့် လုပ်တဲ့ စက်ရုံတွေက လောင်စာ အတွက် ထင်းကိုသုံးကြတော့ ဒီ ရေတောတွေက ပြုန်းကုန်ပြီ။ တ နင်္သာရီက နဂိုအတိုင်းဒီရေတော တွေ သဘာဝအတိုင်းရှိတယ်လို့ ပြောတာ ဒိုင်ယာရီဖြစ်တာ့မယ်။ အဲဒီနေရာတွေမှာလည်း ပုစွန် ကန်တွေဖြစ်ကုန်ပြီ’’ဟု တနင်္သာရီ တိုင်းဒေသကြီးတွင် သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေးလှုပ်ရှား နေသူ ကိုဥက္ကာမင်းကပြောသည်။

ဟိုးယခင်က ပြုန်းတီးနေ  သော ဒီရေတောများပြန်လည်ပြုစု ပျိုးထောင်ခြင်း၊ ရှိနေပြီးသားဒီရေ တောများမပျောက်ပျက်အောင် ကာကွယ်ထိန်းသိမ်းရေးစသည့် လုပ်ငန်းများသည် လွယ်မယောင် နှင့်ခက်၊ တိမ်မယောင်နှင့်နက်ခဲ့ သည်။

အလိုအပ်ဆုံးနှင့်အရေးကြီး ဆုံးမှာ ငွေကြေးထောက်ပံ့မှုဖြစ် သည်။ ငွေကြေးထောက်ပံ့မှုပြီး လျှင် နည်းပညာဖြစ်သည်။ ထိန်း သိမ်းရေးလုပ်ငန်းများတွင် ဒေသ ခံပြည်သူများပူးပေါင်းပါဝင်မှုမရှိ ပါက မအောင်မြင်သောကြောင့် ဒီရေတောများအသုံးချသည့် ပြည် သူတို့၏ လူမှုဘ၀ကို ထည့်သွင်း စဉ်းစား ရမည်ဖြစ်သည်။ ၎င်းတို့ က သုံးစွဲသူများဖြစ်သည်။

သစ်ခိုးထုတ်သည့်သူကို ဖမ်း ဆီးအရေးယူသည့်နည်းလမ်းက လိုအပ်သည်မှန်သော်လည်း ယင်း အချက်တစ်ခုတည်းနှင့်မရ။ ဒေ သခံတို့ ပူးပေါင်းပါဝင်ရန် အထူး လိုအပ်သောကြောင့်   ၎င်းတို့ အဆင်ပြေသောလူမှုစီးပွားအ  သိုက်အ၀န်းတစ်ခုကို အကောင် အထည်ဖော်ပေးရမည်ဖြစ်သည်။

အခြားနိုင်ငံများကို တိုက် တွန်းနေသော မြန်မာအစိုးရသည် ဒီရေတောများပြန်လည်ထူ ထောင်ရေးအတွက် သစ်တောဦး စီးဌာနလက်အောက်တွင် သီး သန့်ဌာနထားရှိရန် ယခုမှစီစဉ်နေ သည်။ ဖွဲ့စည်းပုံနှင့် ဥပဒေမူဝါဒ များရေးဆွဲရန် ပြင်ဆင်နေဆဲဖြစ် သည်။ မွန်ပြည်နယ်နှင့် ရန်ကုန် တိုင်းဒေသကြီးတို့တွင် ပေါက် ရောက်သောဒီရေတောများကို ယ နေ့အချိန်ထိ မှတ်တမ်းတင်သုတေ သနပင် မပြုလုပ်နိုင်သေး။ နည်း ပညာများကို အာဆီယံနိုင်ငံများ သို့ သွားရောက်လေ့လာနေဆဲဖြစ် သည်။ ထို့ကြောင့် အာဆီယံနိုင်ငံ များကို ဒီရေတောစိုက်ရန်အာဆီ ယံဥက္ကဋ္ဌ၏တိုက်တွန်းချက် အ ပေါ်ဝေဖန်မှုများရှိနေသည်။

Thursday, May 15, 2014

ပုဒ်မ ၁၈ ဖျက်သိမ်းရေး တကိုယ်တော် ဆန္ဒပြသူကို ပုဒ်မ ၁၈ ဖြင့် ထပ်မံတရားစွဲ

ဆလိုင်းသန့်စင်| May 15, 2014 |
ပုဒ်မ ၁၈, ဒေးဒရဲမြို့နယ်, ဧရာဝတီတိုင်း, ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ

လူ့အခွင့်အရေးလှုပ်ရှားသူ ဦးထွန်းထွန်းဦး ယခုလ ၉ ရက်နေ့က ဒေးဒရဲမြို့ပေါ်တွင် တကိုယ်တော် ဆန္ဒဖော်ထုတ်နေစဉ် (ဓာတ်ပုံ – ဆလိုင်းသန့်စင်)

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ လုံးဝ ဖျက်သိမ်းပေးရန် ဧရာဝတီတိုင်း ဒေသကြီး ဒေးဒရဲမြို့နယ်တွင် တကိုယ်တော် ဆန္ဒဖော်ထုတ်သည့် လူ့အခွင့်အရေး လှုပ်ရှားသူ တဦးကို ဒေးဒရဲမြို့နယ် ရဲတပ်ဖွဲ့က ပုဒ်မ ၁၈ ဖြင့် ထပ်မံ တရားစွဲဆို ထားကြောင်း သိရသည်။

ဒေးဒရဲမြို့ပေါ်ရှိ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် တရားရုံးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးများရှေ့၌ မေလ ၉ ရက်က တကိုယ်တော် ဆန္ဒ ဖော်ထုတ်ခဲ့သူ လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက် (HRWDN) မှ ဦးထွန်းထွန်းဦးအား ဒေးဒရဲမြို့မ စခန်းမှူး ဒုရဲမှူး ကျော်ဝင်းက တရားလို ပြုလုပ်ကာ တရားစွဲခဲ့ခြင်း ဖြစ်သည်။

“တကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဦးထွန်းထွန်းဦးကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားပါတယ်။ စခန်းမှူးက တရားလို လုပ်ထားပါတယ်။ ပြစ် မှုနံပါတ်က ၅၀/၂၀၁၄ ဖြစ်ပါတယ်”ဟု ဒေးဒရဲမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။

ဦးထွန်းထွန်းဦးသည် ဒေးဒရဲမြို့နယ် တောင်ဘက်ပိုင်း ကပ္ပလီပင်လယ်ဘေးရှိ ကျေးရွာများ၌ ဒီရေကာတောများ၏ အရေးပါပုံ အကြောင်းကို ယခုနှစ် မတ်လ အတွင်းက လိုက်လံ ဟောပြောမှုကြောင့် ဒေသခံရွာသား ဦးမြင့်လွင်၊ ဦးချိုလွင်နှင့် ဦးခင်ရွှေ တို့နှင့် အတူ ဒေးဒရဲမြို့နယ် ကျုံဒါး ရဲစခန်းမှ စခန်းမှူး ရဲအုပ် နိုင်မွန်ထွန်းက ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရသူ ဖြစ်သည်။

ယင်းသို့ တရားစွဲဆိုခံရမှုနှင့် ပတ်သက်ပြီး ဦးထွန်းထွန်းဦးက“ဖွဲ့စည်းပုံ အခြေခံ ဥပဒေက နိုင်ငံသားတွေကို လွတ်လပ်စွာ ဆန္ဒဖော် ထုတ်ခွင့် ပေးထားတယ်၊ ဆန္ဒဖော်ထုတ်တဲ့ နေရာမှာ ခွင့်ပြုချက် တောင်းရတာတို့ ငြင်းပယ်တဲ့ အခါမှာ ပုဒ်မ ၁၈ နဲ့ တရားစွဲ ခံရ တာတွေက ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီဘူး။ အဲဒီတော့ ဒီမိုကရေစီ စံနှုန်းနဲ့ ကိုက်ညီအောင် ပုဒ်မ ၁၈ ကို အပြီးအပိုင် ဖျက်သိမ်း ပေးဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာ ယာ ရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရား အလို့ငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ရေးသား ဖြန့်ဝေခွင့်နှင့် လက်နက် မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့်များ ပြုလုပ်နိုင်ကြောင်း ပြဌာန်း ပါရှိသည်။

သမ္မတ ဦးသိန်းစိန် အစိုးရက ပုဒ်မ ၁၈ ပါဝင်သည့် “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ” ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်က ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း အပါအ၀င် အဖွဲ့အစည်းပေါင်း ၆၀ နီးပါး ပူးပေါင်းပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် ပုဒ်မ ၁၈ ကဲ့သို့သော နိုင်ငံသားများ၏ အခွင့်အရေး ထိခိုက်စေသည့် ဥပဒေများကို ပယ်ဖျက်ပေး ရန် တောင်းဆိုသော်လည်း ပြည်သူ့လွှတ်တော်က ပုဒ်မ ၁၈ ကို ပယ်ဖျက်ခြင်း မလုပ်ဘဲ ပြစ်မှုပြစ်ဒဏ်များ လျှော့ပေါ့ ပြဌာန်း ပေးခဲ့ သည်။

ပြည်သူ့လွှတ်တော်က ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ အရ ၂ နှစ်ထက် မပိုသော ထောင် ဒဏ် အစား တနှစ်ထက် မပိုသော ထောင်ဒဏ်သို့ လည်းကောင်း၊ တနှစ်ထက် မပိုသော ထောင်ဒဏ် အစား ခြောက်လထက် မပို သော ထောင်ဒဏ်သို့ လည်းကောင်း၊ ခြောက်လထက် မပိုသော ထောင်ဒဏ် အစား သုံးလထက် မပိုသော ထောင်ဒဏ်သို့ လည်းကောင်း ၂၀၁၃ ခုနှစ် မတ်လ ၅ ရက်တွင် ပြင်ဆင် ပြဌာန်းခဲ့သည်။

မြန်မာနိုင်ငံရှိ တရားရုံး အသီးသီးတွင် အာဏာပိုင်များ၏ ခွင့်ပြုချက် မယူဘဲ ဆန္ဒပြသူများကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားပြီး လတ်တလော တရားရင်ဆိုင် နေရသူ ၁၀၀ ကျော် ရှိကြောင်း၊ ယင်းဥပဒေဖြင့် ပြစ်ဒဏ် ကျခံနေရသူ ၃၃ ဦး အကျဉ်းထောင်များတွင် ရှိနေကြောင်း သိရသည်။
Irrawaddy

Monday, May 12, 2014

လယ်ကိုရောင်းလိုက်ရုံနဲ့ ခင်ဗျားတို့ ဘယ်လိုမှ ဆင်းရဲသွားစရာအကြောင်းမရှိပါဘူး(ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသိန်းအောင်)

လယ်ကိုရောင်းလိုက်ရုံနဲ့ ခင်ဗျားတို့ ဘယ်လိုမှ ဆင်းရဲသွားစရာအကြောင်းမရှိပါဘူး(ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသိန်းအောင်)

ဧရာဝတီတိုင်းတွင် သိမ်းဆည်းမြေဧက ၃ သောင်းကျော် ယာယီ လယ်လုပ်ကိုင်ခွင့်ချထား

ဆလိုင်းသန့်စင်| May 12, 2014 |
မြေသိမ်းမှု, လယ်မြေ, ဧရာဝတီတိုင်း, ဧရာရွှေဝါ, ငွေပင်လယ်, စစ်တပ်, ကာကွယ်ရေးဝန်ကြီးဌာန

ဧရာဝတီတိုင်း သိမ်းဆည်းမြေ ပြန်လည်စွန့်လွှတ်သည့်အခမ်းအနား (ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)

ဧရာဝတီတိုင်းတွင် စစ်တပ်၊ အစိုးရ၀န်ကြီးဌာနများနှင့် ပုဂ္ဂလိက ကုမ္ပဏီများက သိမ်းဆည်းခဲ့သော မြေဧက ၅ သောင်း ကျော်ကို ပြန်လည်စွန့်လွှတ်လိုက်ရာ ယင်းမြေများအနက်မှ လယ်ဧက  ၃ သောင်း ၅ ထောင်ကျော်ကို ဧရာဝတီတိုင်း အစိုးရက လယ်သမားများထံ ယာယီ လုပ်ကိုင်ခွင့်ချထားပေးလိုက်ကြောင်း သတင်းရရှိသည်။

ဧပြီလ ၁၁ ရက်နေ့ ၊ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်တွင် ကျင်းပသော တောင်သူလယ်သမားများသို့ သိမ်းဆည်း မြေတချို့ ပြန်လည်ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး ပိုင်ရှင်အမည်ပေါက် လယ်မြေများကို သက်ဆိုင်ရာ မူလပိုင်ရှင် လယ်သမားများထံသို့  ပြန်လည်ပေးအပ်ခဲ့ပြီး ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော မြေများကို ယာယီ လယ်မြေလုပ်ကိုင်ခွင့် ချထားကာ ပိုင်ဆိုင်မှု ဆက်လက်စိစစ်၍ ပြန်လည် ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းအခမ်းအနားသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင် အပါအ၀င် အုပ်ချုပ်ရေး အာဏာပိုင်များနှင့် လယ်သမား ၂၀၀ ကျော် တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

“ယခင်ခေတ်က နိုင်ငံတော်အကျိုးကို မျှော်ကိုးပြီးတော့ လယ်ယာမြေ၊ မြေလွတ်မြေရိုင်းတွေကို တပ်မတော်နဲ့ အဖွဲ့အစည်း အသီးသီးက သိမ်းယူပြီးဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ အဲ့လို ဆောင်ရွက်ရာမှာ တချို့လုပ်ငန်းတွေက ဆောင်ရွက် နိုင်တာ ရှိသလို တချို့လုပ်ငန်းကလည်း မဆောင်ရွက်နိုင်တာတွေရှိပါတယ်။ မဆောင်ရွက်နိုင်တာကို နိုင်ငံတော်က စီမံချက်ချ ပြီး တောင်သူလယ်သမားများကို ပြန်လည်ပေးအပ်နေပါတယ်။ ဒီလိုပေးအပ်ခြင်းက တောင်သူလယ်သမား များရဲ့ ဆင်းရဲမှုလျှော့ချဖို့ကို အထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဥိးသိန်းအောင် က ပြောသည်။

ဧရာဝတီတိုင်းရှိ သိမ်းဆည်းမြေ များ ပြန်လည်စွန့်လွှတ်ပေးအပ်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ဧရာရွှေဝါကုမ္ပဏီနှင့် ငွေပင်လယ်ကုမ္ပဏီ အပါအ၀င် အဖွဲ့အစည်းအသီးသီးက ပြန်လည်စွန့်လွှတ်သည့်မြေဧကပေါင်း ၅၀၇၁၁ ဧကရှိကြောင်း၊

စွန့်လွှတ်မြေများအနက် ၁၀၇၆ ဧကကို မူလပိုင်ရှင် လယ်သမား ၁၅၈ ဦးထံ အပြီးအပြတ် ပြန်လည် လွှဲပေးလိုက်ပြီး လယ်သမားများအကြား ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော မြေ ၃၅၃၃၀ ဧကကို ဧရာဝတီတိုင်းရှိ ခရိုင် ၆ ခုမှ လယ်သမား ၃၈၅၉ ဦး ကို ယာယီလုပ်ကိုင်ခွင့် ချထားပေးကြောင်း၊ ယာယီလုပ်ကိုင်ခွင့်ချထားပေးသည့် လယ်မြေ များတွင် ဧရာရွှေဝါ ကုမ္ပဏီမှ နိုင်ငံတော်သို့ ပြန်အပ်ထားသည့်မြေ ၂၈၇၀၅ ဧကပါဝင်ပြီး ဧရိယာ ပမာဏ အများဆုံး ဖြစ်ကြောင်း သိရှိရသည်။

“ယာယီလုပ်ကိုင်ခွင့်ပေးတယ်ဆိုတာက လယ်ကွက်တကွက်ကို ပိုင်ရှင်က ၃ ဦး ၄ ဦးဖြစ်နေတယ်။ သူရထိုက်တယ် ငါရထိုက်တယ်ဆိုတာကို မြေယာမှုခင်းဖွင့်လှစ်ပြီးစစ်ဆေးနေတယ်။ စစ်ပြီး ဆုံးဖြတ်ချက် ကျလာတာနဲ့ အဲဒီလူကို အတည်ပေးမယ်။မြေယာမှုခင်း စစ်ဆေးဆဲကာလမှာတော့ နိုင်ငံတော်ရဲ့ လယ်ယာကုန်ထုတ်လုပ်မှုမလျော့ကျအောင် ယာယီလုပ်ကိုင်ခွင့် ချထားပေးခြင်း ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစန်းမောင်က ဧရာဝတီကို ပြောသည်။

ဧရာဝတီတိုင်းအစိုးရသည် စွန့်လွှတ်မြေဧကစုစုပေါင်း၏ ၇၁ ဒသမ၇၉ရာခိုင်နှုန်းကို လယ်သမားများထံ ပေးအပ်ပြီးဖြစ်ကာ မြေဧက ၁ သောင်း ၃ ထောင်ကျော်မှာ အငြင်းပွားဖွယ်ရာကိစ္စများ၊ စားကျက်မြေများဖြစ်နေခြင်းကြောင့် ပေးအပ်ရန် ကျန်ရှိနေခြင်းဖြစ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနက ဧရာဝတီတိုင်းအတွင်း ဧကပေါင်း ၉၅၅၄ ဒသမ ၉၁ ဧက စွန့်လွှတ် ထားပြီး ယမန်နေ့ အခမ်းအနားတွင် ၂၆၈၂ ဒသမ ၄၃ ဧကကို မူလပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရ သည်။

“အခုလို သိမ်းဆည်းမြေတွေ ပြန်ပေးတာ အကောင်းဆုံးပါပဲ။ မဟုတ်ရင် ဒီပြဿနာက အကြီးကြီးပဲ။ အခုလို ပြန်ပေး ခြင်းဟာ ပြဿနာ အကြီးကြီး ရဲ့ တစိတ်တဒေသကိုဖြိုဖျက်ခြင်းလို့ပဲ ယူဆတယ်။ ဆက်ပြီး ဖြေရှင်းပေးဖို့ လိုပါသေးတယ်”ဟု ပန်းတနော် မြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးမန်းသက်တင်က ပြောသည်။

သိမ်းဆည်းမြေ စွန့်လွှတ်ပွဲ အခမ်းအနားတွင် လယ်မြေ အသိမ်းခံရပြီး လုံးဝ ပြန်လည်ရရှိခြင်းမရှိသေးသည့် ပန်းတနော် မြို့နယ်မှ လယ်သမားတချို့ တက်ရောက်ခဲ့ပြီး လယ်မြေများ ပြန်လည်ရရှိရေး ဆောင်ရွက်ပေးရန် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ထံ တင်ပြခဲ့ကြသည်။

“ကျနော်တို့လယ်တွေကို လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းမြိုင်က ၂၀၀၃ခုနှစ်မှာ သိမ်းသွားခဲ့တာ။ တဧကကို ၄၅၀၀ ပေးတယ်။ ပိုက်ဆံ ယူယူ မယူယူ လယ်တွေကို ဘူဒိုဇာနဲ့ဝင်ထိုးပြီး ငါးကန်တွေ တူးပစ်တယ်။ တကယ်တမ်းကျတော့ စနစ်တကျငါးမွေးတာက ဧကနည်းနည်းပဲ။ ကျန်တာက ဘာငါးမှ မမွေးဘဲ လယ်တွေကိုဒီအတိုင်းပစ်ထားတာ။ အဲဒီ အကြောင်း ကို ဒုသမ္မတဆီတင်ပြခဲ့တယ်။ ဒုသမ္မတကလည်းဥပဒေအရ ဖြေရှင်းပေးမယ်လို့ ပြောပါတယ်”ဟု ပန်းတနော် မြို့နယ်၊ အိုးဘိုအုပ်စု၊ ချောင်းဖျားကြီးကျေးရွာမှ ကိုဝင်းနိုင်က ပြောသည်။

ပန်းတနော်မြို့နယ်၊ အိုးဘိုကျေးရွာအုပ်စုအနီးတ၀ိုက်တွင် လွှတ်တော်ကိုယ်စားလှယ်ဦးငြိမ်းမြိုင် သိမ်းယူထားသည့် လယ်ဧက ၁၂၀၀ ကျော်ရှိပြီး ယင်းကိစ္စကိုမြို့နယ်၊ ခရိုင်၊ တိုင်းစသဖြင့် အာဏာပိုင်အဆင့်ဆင့်ကို တင်ပြထား သော်လည်း ယနေ့တိုင်ပြန်မရသေးကြောင်း လယ်သမားများက ပြောသည်။
Irrawaddy

Monday, May 5, 2014

မဇာခြည်ဝင်း၊ ဖျံရေကျကျေးရွာ၊ ငပုတောမြို့နယ်


" လေးစားလွန်းလို့ဗျာ " ( အများကြီး tag လိုက်တယ်)
ဒီနေ့ သောက်သုံးရေ သွားလှူခဲ့တဲ့ ရွာ တစ်ရွာမှာပါ၊ ကျွန်တော်တို့ရေပေးဝေကား နားမှာ အသုပ်ရောင်းတဲ့ တဲအို အဟောင်းလေရှိတယ်။ အပူချိန် 38°C မှာ ကျွန်တော် အဲ့ဒီတဲဟောင်းလေးထဲဝင်ထိုင်တယ်၊ မုန့်ဖတ်သုပ်ဝယ်စားတယ်။ တဲလေးက အကာမလုံ၊ တံခါးက တစ်ဖက်ပွင့် ဆိုတော့ မျက်လုံးက တဲထဲကို့ ရောက်သွားတော့ Trophy အများကြီးတွေ့ လိုက်ရတယ်၊ ချက်ချင်းပဲ တဲထဲဝင်မိပြီး သွားကြည့်တော့ အသုပ်ရောင်းတဲ့ အစ်မကြီး ကလိုက်လာပြီး " ကျွန်မ သမီးလေးပါ၊ ဆုတွေ နှစ်တိုင်းရပြီး ၊ဆယ်တန်းမှာ ၅ ဘာသာဂုဏ်ထူးရပါတယ်၊ အမှတ် ကတော့ ၄၈၅ မှတ်ပါ။ ဆေးကျောင်း ကို ၉ မှတ် အလိုနဲ့ ပြုတ်တာပါ၊ ပုသိမ် အထက -၂ ကပါ ကျူရှင်တွေဘာတွေ လည်းမထားနိုင်တော့၊ သူ့ပါသာကြိုးစားရင်း ဂုဏ်ထူးထွက်သွားတာပဲလေ" တဲ့။
အခုတော့ B Ed တက်နေပါသည်၊ final တက်ပြီး ၄ လ ပဲကျန်တော့သည် ၊သူ့ မအမေက ပြောတယ် " သမီးက နောက် ၄လ ဆို အထက်တန်းပြ ဆရာမကြီးဖြစ်ပြီးတဲ့" ဆိုပြီ အနားက ချွေးတွေရွှဲ နေတဲ့၊ အခုပုံထဲက ကောင်းမလေး ကိုပြတော့ " သမီး ၂၀၀၉၊၁၀ ပညာသင်နှစ် မှာ၊ ထ -၂ ကနေအောင်ခဲ့တာပါ။" တဲ့၊ အခု ရေထမ်းပြီးတော့ ပြေးလာတော့ ဓာတ်ပုံ မရိုက်ပါနဲ့လားတဲ့။
" ငါနင့် ကိုလေးစားလွန်းလို့ ပါ"လို့ပြောခဲ့တယ်။ ငါ က၂၄၇ မှတ်ရခဲ့ တာလေလို့တော့ေ ပြာမိခဲ့တယ်။
( မဇာခြည်ဝင်း၊ ဖျံရေကျကျေးရွာ၊ ငပုတောမြို့နယ် အား ဂုဏ်ပြုလေးစားလျှက်)

Aung Casper