Latest News

Tuesday, February 13, 2018

အမှိုက်မရှိတဲ့ မြို့တစ်မြို့ - ​ဆောင်းပါး

အမှိုက်မရှိတဲ့ မြို့တစ်မြို့ - ​ဆောင်းပါး

ကျွန်တော်သည် အမှိုက်မရှိသောမြို့များတွင် နေထိုင် ခွင့်ရခဲ့သည်ဟု ဆိုနိုင်ပါသည်။ ထိုသို့ နေထိုင်ခွင့်ရခဲ့  သဖြင့်လည်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်ဂုဏ်ယူမိပါ သည်။  လွန်ခဲ့သော လေးငါးလခန့်က  ထားဝယ်မြို့ သည် အမှိုက်ကင်းရှင်း  သန့်ရှင်းသည့် မြို့တစ်မြို့အဖြစ် သတင်းတစ်ပုဒ် ဖတ်ရသည်။ ကျွန်တော်သည် လွန်ခဲ့ သော ၂ဝ၁၂ ခုနှစ်ခန့်က ထားဝယ်မြို့တွင် တာဝန် ထမ်းဆောင်ခဲ့ရသဖြင့် ကိုယ်နေခဲ့ဖူးသော မြို့ကလေး အတွက် ဂုဏ်ယူခြင်း ဖြစ်မိပါသည်။

ယခုအခါ  ကျွန်တော်သည်  ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင်     တာဝန်ထမ်းဆောင်နေပါသည်။ ကျွန်တော် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ဌာန ကားဖြင့် သွားရောက်စဉ်က အမှိုက်စွန့်ပစ်လို၍ လမ်း တစ်လျှောက်လုံး အမှိုက်စွန့်ပစ်ရန်နေရာ ရှာဖွေမိပါ သည်။ မြို့လယ်လမ်းမကြီးတစ်လျှောက်တွင် အမှိုက် ပုံး မတွေ့ပါ။ သို့သော် လမ်းပေါ်တွင်လည်း အမှိုက်စ များ လုံးဝနီးပါး မတွေ့ရှိရပါ။

ထိုစဉ် လမ်းဘေး၌ စည်ပင်သာယာဌာန အမှိုက် သိမ်းကားတစ်စီးက အမှိုက်သိမ်းနေပြီး ရပ်ကွက်ထဲမှ ပြည်သူများက အမှိုက်အိတ်ကိုယ်စီဖြင့် အမှိုက်သိမ်း ကားဆီသို့ လာရောက်ပေးပို့နေသည်ကို တွေ့ရသည်။ အမှိုက်အိတ်များမှာ  လုံလုံခြုံခြုံ  ထုပ်ပိုးထားပြီး အမှိုက်များ တစွန်းတစကျနေသည်ကိုမှ မတွေ့ရဘဲ သပ်သပ်ရပ်ရပ် ရှိလှပါသည်။
ကျွန်တော်သည် မြို့တွင်းလမ်းမကြီးမှ ကမ်းနား လမ်းအတိုင်း သွားရောက်ရာတွင်လည်း အမှိုက်ပုံ၊ အမှိုက်ပုံးများ မတွေ့ရှိခဲ့ရပါ။  ထို့နောက်ဌာနတွင် အလှပန်းပင်များစိုက်ပျိုးရန် တဂေါင်းဘုရားအနီးရှိ ပန်းပျိုးပင်များရောင်းသည့်ခြံသို့  သွားရောက်ရာ လမ်းတစ်လျှောက်တွင် အမှိုက်ပုံးနေရာရှာဖွေသော် လည်း မတွေ့ရသဖြင့် ခြံအတွင်းအမှိုက်ပုံးတွင်သာ ကျွန်တော်စွန့်ပစ်လိုသော အမှိုက်တစ်စနှစ်စကို စွန့် ပစ်ခဲ့ရသည်။

ထို့ကြောင့်ကျွန်တော်၏ယာဉ်မောင်းအား ''မင်း တို့မြို့က အမှိုက်ပုံးလည်းမရှိ၊ အမှိုက်လည်းမရှိ မှတ် တမ်းတင်ရမယ့်  မြို့တစ်မြို့ပဲကွ၊ မြို့သူမြို့သားတွေ လည်း စည်းကမ်းရှိ၊ စည်ပင်က  အမှိုက်သိမ်းစနစ် ကလည်း ကောင်းတယ်ကွ''ဟု ပြောမိခဲ့ပါသည်။ မြို့ အတွင်းတစ်နေရာ လမ်းကြားတစ်ခုတွင် အမှိုက်ပုံ နေရာတစ်ခုကို တွေ့ရှိခဲ့ရသော်လည်း အခြားမြို့များ ကဲ့သို့ အမှိုက်များစွာ ပျံ့လွင့်နေမှုမရှိသည်ကို တွေ့ရှိ ရပါသည်။

ပုသိမ်မြို့၏ မြို့အဝင်ဆိုင်းဘုတ်မှာလည်း ခံ့ညား လှပြီး  ထိုနေရာတစ်ဝိုက်တွင်လည်း  အမှိုက်သရိုက် ကင်းရှင်းသည်။  မြို့တွင်းရောက်၍  အဝင်လမ်းဆုံ၊ လမ်းသစ်ခွရှိ ရုပ်တုများနေရာနှင့် မြို့တွင်း ရွှေမုဋ္ဌော ဘုရား  ပရိဝုဏ်တွင်လည်း  အမှိုက်များ  ကင်းရှင်း နေသည်။ အမှိုက်ပုံး၊ အမှိုက်ပုံများ ထားရှိခြင်းမရှိဘဲ အချိန်နှင့်တစ်ပြေးညီ သိမ်းဆည်းခြင်းများဖြင့် ရှင်း လင်းထားသည်ဟု  ယူဆမိပါသည်။  သစ်ပင်များ အောက်တွင် သစ်ရွက်ခြောက်ကြွေများ အနည်းငယ် မျှ တွေ့ရှိရသော်လည်း ကတ္တရာလမ်းမပေါ်တွင် သစ် ရွက်ခြောက်များ မတွေ့ရဘဲ မြင်ကွင်းရှင်းလှပါသည်။

ယခုဆောင်းပါးတွင် ကျွန်တော်တင်ပြလိုသည်မှာ ပုသိမ်မြို့ စည်ပင်သာယာအဖွဲ့၏ အမှိုက်သိမ်းစနစ် ကောင်းမွန်သလို  မြို့သူမြို့သားများ၏  စည်းကမ်း လိုက်နာမှုသည်လည်း   အတုယူဖွယ်ဖြစ်သည်ကို တင်ပြလိုခြင်းဖြစ်ပါသည်။ ပုသိမ်မြို့သည် ကျွန်တော် ၏မွေးရပ်မြေ မဟုတ်ပါ။ လွန်ခဲ့သော ၁၂ နှစ်ခန့်က တာဝန်ထမ်းဆောင်ခဲ့ဖူးသဖြင့် သံယောဇဉ်ရှိသော မြို့တစ်မြို့တော့ ဖြစ်ပါသည်။

ကျန်ရှိသော မြန်မာနိုင်ငံအရပ်ရပ်မှ မြို့ရွာများ တွင်လည်း ဤ ပုသိမ်မြို့ကဲ့သို့  ဖြစ်ကြစေချင်ပါသည်။ သန့်ရှင်းရေးလုပ်ငန်းစဉ်တွင်    တစ်ရပ်ကွက်ချင်း ကောင်းလျှင် တစ်မြို့လုံး ကောင်းပါမည်။ တစ်မြို့ ချင်း ကောင်းလျှင်  မြို့တိုင်းကောင်းပါမည်။  မြို့တိုင်း ကောင်းလျှင်  တိုင်းဒေသကြီးတစ်ခုလုံး၊  ပြည်နယ် တစ်ခုလုံး ကောင်းပါမည်။ ပြည်နယ်၊ တိုင်းဒေသကြီး တိုင်း ကောင်းလျှင် တစ်တိုင်းပြည်လုံး ကောင်းပါမည်။ သန့်ရှင်းရေးလုပ်ငန်းအတွက် စည်းလုံးညီညွတ်မှုဖြင့် ပူးပေါင်းဆောင်ရွက်ကြလျှင် သန့်ရှင်းသပ်ရပ်သော နိုင်ငံတော်ကြီးတစ်ခု ဧကန်မလွဲ ဖြစ်လာနိုင်လိမ့်မည် ဟု တွေးတောနေမိပါကြောင်း။      
ညွန့်ဝေမောင်(ငါးလုပ်ငန်းဦးစီးဌာန)မြန်​မာ့အလင်း

No comments:

Post a Comment